သီလဝါအထူးစီးပွားရေးဇုန်တွင် တိုယိုတာ၊ ဆူဇူကီး စသည့်ကုမ္ပဏီကြီးများအပြင် ဆေးဝါးနှင့် လျှပ်စစ်ဆိုင်ရာကုမ္ပဏီများ ပါဝင်ရောက်မြှုပ်နှံလျက်ရှိပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး စက်မှုဇုန်များ တည်ထောင်ပေးနေဟုဆို

သီလဝါအထူးစီးပွားရေးဇုန်တွင် တိုယိုတာ၊ ဆူဇူကီး စသည့်ကုမ္ပဏီကြီးများအပြင် ဆေးဝါးနှင့် လျှပ်စစ်ဆိုင်ရာကုမ္ပဏီများ ပါဝင်ရောက်မြှုပ်နှံလျက်ရှိပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး စက်မှုဇုန်များ တည်ထောင်ပေးနေဟုဆို
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 2 January 2020
နီလာ

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ ကုမ္ပဏီကြီးများ ဝင်ရောက်မြှုပ်နှံလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံမှ တိုယိုတာ၊ ဆူဇူကီး စသည့်ကုမ္ပဏီကြီးများအပြင် ဆေးဝါး၊ လျှပ်စစ်နှင့်ဆိုင်သည့် ကုမ္ပဏီများလည်း ဝင်ရောက်လာကြောင်း၊ စီးပွားရေးတိုးတက်မှုနှင့်အတူ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာအောင် စက်မှုဇုန်များ တည်ထောင်ပေးနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြပွဲများကျင်းပကာ ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၅ သန်းကျော် ခွင့်ပြုပေးမှုအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နှစ်လခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၁၄၈  ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၉) အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ကကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းနှစ်ခု၊ အတည်ပြုလုပ်ငန်း ၁၅ ခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်းနှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုမှ အတည်ပြုလုပ်ငန်း ၁၁ ခုနှစ် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း လေးခု ခွင့်ပြုခဲ့သည်။

အဆိုပါအစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း ၁၇ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၄ ဒသမ ၁၇၁ သန်းကို ခွင့်ပြု အတည်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၈၅၃၈ ဦးကို ဖန်တီးပေးမည်ဖြစ်သည်။ ခွင့်ပြု/အတည်ပြု လုပ်ငန်း ၁၇ ခုမှာ လျှပ်စစ်ကဏ္ဍမှတစ်ခု၊ အိမ်ရာအဆောက်အအုံကဏ္ဍမှ တစ်ခုနှင့် စက်မှုကဏ္ဍမှ ၁၅ ခုဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုအတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၇ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၈၇ ဒသမ ၇၄၃ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၁၃၃ ဒသမ ၃ သန်း ဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ ဒီဇင်ဘာ ၁၄ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၂၀၃ သန်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၈ ဒသမ ၅၀၃ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။        

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့  ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊  စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍ ၁၁ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ထားခြင်းဖြစ်သည်။

 

 

Most Read

Most Recent