၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် NLD ပါတီ၌ အဓိက အားသာချက် သုံးချက်ရှိနေဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ထောက်ပြ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် NLD ပါတီ၌ အဓိက အားသာချက် သုံးချက်ရှိနေဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ထောက်ပြ
ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ရွေးကောက်ပွဲအကြို ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မတိုင်မီ စကားဝိုင်း၌ ဦးစိုင်းညွန့်လွင် (လယ်) အား တွေ့ရစဉ်
ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ရွေးကောက်ပွဲအကြို ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မတိုင်မီ စကားဝိုင်း၌ ဦးစိုင်းညွန့်လွင် (လယ်) အား တွေ့ရစဉ်
Published 1 January 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၌ အဓိကအားသာချက် သုံးချက်ရှိနေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ပြည်သူ့ပါတီ (ရန်ကုန်တိုင်းဒေသကြီး) က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲအကြို ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်တို့ ပါဝင်သည့် စကားဝိုင်းတစ်ခု ကျင်းပခဲ့ပြီး ယင်းစကားဝိုင်းတွင် ဦးစိုင်းညွန့်လွင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နဲ့ အဓိက ပြိုင်ရမယ့် ပါတီကို ပြောချင်တာ အာဏာရတဲ့ပါတီမှာ အားသာချက် သုံးခုရှိပါတယ်။ နံပါတ်တစ်က သူတို့မှာ စည်းရုံးရေးမှူးကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့အတွက် NLD ပါတီဟာ လက်ရှိအာဏာရပါတီဟာ အားသာချက်တွေ အများကြီးရှိတယ်။ သူတို့က အားစိုက်ထားတာ တွေလည်းရှိတယ်။ အခုဆို ရဟတ်ယာဉ်တွေ ဘာတွေတောင်မှ ရှိနေပြီ။ ခုန်မှာပေ့ါနော်။ ဟိုသွားဒီသွားပေါ့။ အဲဒါက သူတို့အတွက် အားသာချက်တွေရှိတယ်။ ဒါကတော့ ကျွန်တော်တို့ ဘာမှငြင်းဆန်လို့လည်း မရဘူး။ ဝေဖန်လို့လည်း မရဘူး” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဒုတိယအားသာချက်မှာ NLD ပါတီကို မရွေးချယ်ပါက မည်သူ့ကို ရွေးချယ်မည်ဆိုသည့် မေးခွန်းဖြစ်ပြီး တတိယ အားသာချက်မှာ အာဏာရပါတီဖြစ်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခန့်အပ်ခွင့်ရှိခြင်းတို့ ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

“ဒုတိယအားသာချက်က အခုလက်ရှိ လူတွေကိုမှ မရွေးရင် မင်းတို့ ဘယ်သူ့ကို ရွေးမလဲဆိုတဲ့ မေးခွန်း။ အဲဒီမေးခွန်းက တအား အရေးကြီးတယ်။ မကြိုက်တော့ မကြိုက်ဘူး။ တခြားလူတွေလည်း မဲမပေးချင်လို့ ဒါပဲပြန်ပြီး မဲပေးရမယ့် အနေအထားမျိုး။ တတိယတစ်ချက်က ကျွန်တော်ခုနက သတိပေးသလို ခုံရုံးရောက်ရင်တော့ ဆရာတို့ နိုင်မှာမဟုတ်ဘူး။ လက်ရှိအာဏာရပါတီရဲ့ အားသာချက် နံပါတ်သုံးက လက်ရှိအစိုးရ ဖြစ်နေလို့။ လက်ရှိအစိုးရ ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲကို ဘယ်အချိန် ကျင်းပမယ် သူတို့မှာ ဆုံးဖြတ်ခွင့်ရှိတယ်။ ကော်မရှင်ကိုလည်း သူတို့ဖွဲ့စည်းတယ်။ စသဖြင့်ပေါ့နော်။ အားသာချက်တွေရှိတယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်သည့်အခါတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရရှိထားသည့် အဆောင်အယောင်များကို အသုံးမပြုရဆိုသည့် ဥပဒေ တားမြစ်ချက် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

“နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်း၊ မြေပြင် အဆောက်အအုံ၊ ယာဉ်တွေကို နိုင်ငံအကျိုးအတွက် ဆောင််ရွက်သလို တရားဝင်ရရှိထားတဲ့ သူတွေဆိုရင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ပြောထားတယ်။ ဆိုတော့ နိုင်ငံတော်သမ္မတတို့၊ နိုင်ငံတော် အတိုင်ပင်ခံတို့ကို ပေးအပ်ထားတဲ့ ကားတို့ပေါ့။ ဒါသူတို့ လုံခြုံရေးအတွက် နိုင်ငံတော်က စီစဉ်ပေးတာ။ သူတို့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့ကိစ္စကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး” ဟု ၎င်းကပြောကြားသည်။

ထို့ကြောင့် NLD ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ၎င်းတို့၏ အဆောင်အယောင်များဖြင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

 

Most Read

Most Recent