၂၀၂၀ ပြည့်နှစ်တွင် NCA မထိုးရသေးသည့် အဖွဲ့များနှင့် လက်မှတ်ထိုးနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် NRPC က ဆက်လက်ကြိုးပမ်းသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ကတိပြု

၂၀၂၀ ပြည့်နှစ်တွင် NCA မထိုးရသေးသည့် အဖွဲ့များနှင့် လက်မှတ်ထိုးနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် NRPC က ဆက်လက်ကြိုးပမ်းသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ကတိပြု
ကျိုင်းတုံမြို့တွင် ၂၀၁၉ခုနှစ် စက်တင်ဘာ ၁၇ ရက်က NRPC နှင့် မြောက်ပိုင်းလေးဖွဲ့တို့ အစည်းအဝေး ကျင်းပစဉ်
ကျိုင်းတုံမြို့တွင် ၂၀၁၉ခုနှစ် စက်တင်ဘာ ၁၇ ရက်က NRPC နှင့် မြောက်ပိုင်းလေးဖွဲ့တို့ အစည်းအဝေး ကျင်းပစဉ်
Published 1 January 2020

၂၀၂၀ ပြည့်နှစ်တွင် ဇန်နဝါရီ ဒုတိယအပတ်၌ စတင်မည့် တရားဝင်ဆွေးနွေးပွဲများမှတစ်ဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ရောက်အောင်သွားနိုင်မည့်အပြင် NCA မထိုးရသေးသည့် အဖွဲ့များနှင့်လည်း ယခုနှစ်အတွင်း လက်မှတ်ထိုးနိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့က ဆက်လက်ကြိုးပမ်းသွားမည်ဟု ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ကတိပြုပြောကြားသည်။

၂၀၂၀ ပြည့်နှစ် နှစ်သစ်နှုတ်ခွန်းဆက် စကားနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာက ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကို တွေ့ဆုံမေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ ပြည့်နှစ် နှစ်ဆန်းကစပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်မယ်ဆိုတာ မိဘပြည်သူများကို နှစ်သစ်ရဲ့ မင်္ဂလာသတင်းအနေနဲ့ ပေးပို့အပ်ပါတယ်။ ဇန်နဝါရီလ ဒုတိယပတ်မှာ စတင်မယ့် တရားဝင် ဆွေးနွေးပွဲတွေကနေပြီးတော့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ရောက်ရှိအောင် သွားနိုင်မှာ ဖြစ်သလို NCA လက်မှတ် မရေးထိုးထားရသေးတဲ့ အဖွဲ့တွေကိုလည်း ၂၀၂၀ ပြည့်နှစ်အတွင်းမှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်ရော၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကပါ ဆက်လက်ကြိုးပမ်းမယ် ဆိုတာကိုလည်း အသိပေး တင်ပြအပ်ပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် စောမြရာဇာလင်းကလည်း တိုင်းပြည်အေးချမ်းသာယာရန် တိုက်ပွဲများတွင် ပါဝင်ပတ်သက် နေကြသူများအားလုံး တိုင်းပြည်ငြိမ်းချမ်းရေးကို ရှေးရှု၍ တိုင်းပြည်ကောင်းစားရေးအတွက် ဦးတည်ဆောင်ရွက်ကြဖို့ အလေးထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။

“အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့ အရေးဟာ ပိုမိုအရေးကြီးပါတယ်။ အသက်အိုးအိမ် လုံခြုံမှုနဲ့ အားလုံး စိတ်ချမ်းသာဖို့ဆိုရင် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ဆိုင်းဖို့ အရေးကြီးပါတယ်။ တိုင်းပြည်အေးချမ်းသာယာဖို့

အတွက် တိုက်ပွဲတွေမှာ ပါဝင်ပတ်သက် နေကြသူများအားလုံး တိုင်းပြည်ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့မှ တိုင်းပြည်ကောင်းစားရေးအတွက် ဦးတည်ဆောင်ရွက်ကြဖို့ အလေးထား တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ထည့်သွင်းပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်မှု အောင်မြင်လိုပါက နိုင်ငံရေးဆွေးနွေးမှုနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို တစ်ပြိုင်တည်း ပြုလုပ်ရန်လိုအပ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ထောက်ပြပြောဆိုသည်။

“ကျွန်တော်တို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အခုငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အရင်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မတူတဲ့အချက် နှစ်ချက် ရှိပါတယ်။ (၁) နိုင်ငံရေး ဆွေးနွေးမှုအပေါ်မှာ အခြေခံတယ်။ (၂) ပြည်သူလူထုပါဝင်မှုကို အခြေခံတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်မှု အောင်မြင်ဖို့ဆိုရင် နိုင်ငံရေး ဆွေးနွေးမှုနဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ တစ်ပြိုင်တည်း လိုအပ်တာ ဖြစ်ပါတယ်။ ယနေ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကို ခေါင်းဆောင်တွေ၊ လက်နက်ကိုင်ထားတဲ့သူတွေ လက်ထဲမှာပဲ ထားလို့မရပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုကပါ အားလုံးအတူတကွ ပူးပေါင်းပြီး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းကပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တစ်ကြိမ်ကျင်းပနိုင်ရေး ရည်မှန်းထားကြောင်းနှင့် ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရနှင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်သွားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေ မတိုင်ခင် ငြိမ်းချမ်းရေးညီလာခံ တစ်ကြိမ်ကျင်းပနိုင်ရေးကို ရည်ရွယ်ပါတယ်။ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ထားတယ်။ ရွေးကောက်ပွဲ အလွန်မှာလည်း နောက်တက်လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဒီထက်မက ဆောင်ရွက်နိုင်လိမ့်မယ်။ ကြိုးပမ်းအားထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်” ဟု ဦးမျိုးဝင်းက ဆိုသည်။

 

Most Read

Most Recent