ပြည်တွင်းစစ်များချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ အပစ်ရပ်သက်တမ်းကာလနှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ကြေညာ

ပြည်တွင်းစစ်များချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ အပစ်ရပ်သက်တမ်းကာလနှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ကြေညာ
Published 1 January 2020

ပြည်တွင်းစစ်များချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ အပစ်ရပ်သက်တမ်းကာလ နှစ်လထပ်မံ တိုးမြှင့်လိုက်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ပူးပေါင်းသဘောထား ကြေညာချက် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ အနေဖြင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရန် အတွက် ယခုကဲ့သို့ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း ယခုသဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအပေါ် ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်တန့်ပြီး အပစ်အခတ် ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသည့်ဆန္ဒကို အပြည့်အဝ ဖော်ပြကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန်ကိုလည်း ညီနောင်မဟာမိတ် သုံးဖွဲ့က တိုက်တွန်းသည်။

ယခုကဲ့သို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေညာထားသည့် ကာလအတွင်း တပ်မတော်က ၎င်းတို့သုံးဖွဲ့အား ပုံစံအမျိုးမျိုးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမည် ဆိုပါက ၎င်းတို့အနေဖြင့်လည်း ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ယခုအပစ်ရပ် ကြေညာချက်သည် တတိယအကြိမ် အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့၏ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်အား သက်တမ်းတိုးသည့် အနေဖြင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ထပ်မံ၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တပ်မတော်နှင့် TNLA၊ AA တို့အကြားတွင်မူ ရှမ်းမြောက်ဒေသနှင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

 

Most Read

Most Recent