ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းသည် ထိုင်းလိဂ်တွင်သာ ဆက်ကစားလိုသော အောင်သူ၏ဆန္ဒကြောင့် ၎င်း၏အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှု ပြုလုပ်ပေးနေပြီး လက်ရှိအချိန်တွင် Police Tero အသင်းသို့ ရောက်ရှိရန် နီးစပ်နေ ကြောင်း သိရသည်။
ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီမှစတင်ကာ ထိုင်းလိဂ်အသင်းများတွင် အငှားစာချုပ်ဖြင့် သွားရောက် ကစားနေသူဖြစ်သည်။
ထို့ကြောင့် ၂၀၂၀ ဘောလုံးရာသီတွင်လည်း အောင်သူအနေဖြင့် ထိုင်းလိဂ်တွင်သာ ဆက်ကစားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
''အောင်သူရဲ့အခြေအနေက မရေရာသေးဘူး။ ကြိုးစားပေးနေတယ်။ အချိန်ကလည်း ရက်နည်းနည်းပဲရှိတော့တယ်။ သူ့အတွက် ကံကောင်းမလား၊ ကံဆိုးမလားဆိုတာတော့ မပြောနိုင်သေးဘူး။ လက်ရှိအချိန်မှာ သူ ကစားခွင့်ရဖို့အတွက် ကြိုးစားပေးနေ ပါတယ်''ဟု ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သော MFF & MNL အကောင်းဆုံးဆုပေးပွဲတွင် မီဒီယာများကို ပြောကြားသည်။
ထို့ပြင် အောင်သူ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ''လက်ရှိအချိန်မှာတော့ အောင်သူရဲ့အပြောင်းအရွှေ့ကို အသင်းပိုင် ရှင်ကိုယ်တိုင်က ဆောင်ရွက်ပေးနေတယ် လို့ သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ အတိ အကျသိရမှပဲ အသင်းက သတင်းထုတ်ပြန် မှာဖြစ်ပါတယ်''ဟု ရတနာပုံအသင်းမန်နေ ဂျာ ဦးအောင်ဟိန်းခိုင်က ပြောကြားခဲ့သည်။
အောင်သူသည် ထိုင်းလိဂ်-၁ တွင် ပထမဦးဆုံးကစားခွင့်ရခဲ့သော မြန်မာကစားသမား ဖြစ်ပြီး ပထမရာသီတွင် Police Tero အသင်း၌ ကစားခဲ့ရာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ယခုအချိန်တွင်လည်း Police Tero အသင်းသို့ ရောက်ရှိရန် နီးစပ်လျက်ရှိကြောင်း ဖော်ပြနေကြသည်။
၂၀၂၀ ထိုင်းလိဂ်-၁ ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည်ဖြစ်သည်။