နိုင်ငံတစ်ဝန်းပေါ်ပေါက်လျက်ရှိသည့် နိုင်ငံသားများ၏ လုံခြုံရေးချိုးဖောက်ခံရမှုများ အမြန်ဆုံးရပ်တန့်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း

နိုင်ငံတစ်ဝန်းပေါ်ပေါက်လျက်ရှိသည့် နိုင်ငံသားများ၏ လုံခြုံရေးချိုးဖောက်ခံရမှုများ အမြန်ဆုံးရပ်တန့်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း
Published 28 December 2019
ဉာဏ်လင်းထွန်း

နိုင်ငံတစ်ဝန်း ပေါ်ပေါက်လျက်ရှိသည့်  နိုင်ငံသားများ၏ လုံခြုံရေးချိုးဖောက်ခံမှုများ အမြန်ဆုံး ရပ်တန့်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးကို အစိုးရအနေဖြင့် ဆောလျင်စွာဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တိုက်တွန်းကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ လူငယ်ခေါင်းဆောင်တစ်ဦး ယခုလအတွင်း ပစ်သတ်ခံရမှုဖြစ်စဉ်နှင့် လတ်တလော ဖြစ်စဉ်ဖြစ်သည့် ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ သေဆုံးမှုဖြစ်စဉ်၊ ဖမ်းဆီး ထိန်းသိမ်းမှုဖြစ်စဉ်တို့ကို ပါတီထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြပြီး တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံသားများ၏ အားထားရာဖြစ်ကြောင်းနှင့် ပြည်သူ၏လူမှုဘဝ လုံခြုံရေးအပြည့်အဝ အာမခံပေးရန် အစိုးရတွင် တာဝန်ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်ချက်က ဆိုသည်။

“ တရားဥပဒေစိုးမိုးရေး ကျဆင်းနေတဲ့ အပိုင်းတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဆောလျင်စွာ ဆောင်ရွက်ပေးဖို့၊ အဓိကက နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးအတွက် ရည်ရွယ်ပြီးတော့ တိုက်တွန်းတာပါ” ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်က ကျောက်မဲမြို့နယ်ရှိ ပါတီလူငယ်တာဝန်ခံ ဦးစိုင်းအောင်ဌေး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာတွင်လည်း ကျောက်မဲမြို့နယ်  မိုင်းတင်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါ နှစ်ဦး ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအပါ သုံးဦးတို့ AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်မှုနှင့် ကြုံတွေ့ခဲ့ကာ ဘူးသီးတောင်မြို့နယ် ပါတီဥက္ကဋ္ဌသည် AA အဖွဲ့ ဖမ်းဆီးထားစဉ်အတွင်း သေဆုံးခဲ့သည်ဟု ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် တစ်ဆက်တည်း ဖော်ပြထားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် AA အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူဟု သုံးနှုန်းထားသည်။ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အသက်ဆုံးရှုံးခဲ့သူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ဝမ်းနည်းကြောင့်နှင့် အကြမ်းဖက် လုပ်ရပ်မှန်သမျှအား ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံအတွင်း ပေါ်ပေါက်လျက်ရှိသည့် နိုင်ငံရေးအရ မတူကွဲပြားသည့် အယူအဆများအား ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု လေးနက်စွာ ယုံကြည်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ဆိုသည်။

ယနေ့ကာလတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ တုံ့နှေးသွားခြင်း၊ ပြည်သူ့လုံခြုံရေး အကာအကွယ်ပေးမှုဆိုင်ရာ ဥပဒေအချို့ ဖျက်သိမ်းခြင်းနှင့် စီးပွားရေး ခက်ခဲကျပ်တည်းခြင်းများအပါအဝင် အခြေခံ အကြောင်းတရားများစွာက လက်နက်ကိုင် အဖွဲ့အစည်းများကြား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးသည်လည်းကောင်း၊ ပြည်သူ၏ လူမှုဘဝ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးသည်လည်းကောင်း၊ မရေရာမလုံခြုံသော အခြေအနေများနှင့် ရင်ဆိုင်ရလျက်ရှိသည်ဟု ပါတီ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပါတီဝင်နှင့် အခြားသော ပါတီဝင်များ၊ အစိုးရဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီး၊ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များက ကွဲပြားသော အယူအဆများအပေါ် အခြေခံသည့် နောက်ဆက်တွဲဆိုးကျိုးများ  ယူဆနိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်ချက်က ဆိုသည်။

 

 

Most Read

Most Recent