သမ္မတထံတင်ပြမည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ အပြီးသတ် အစီရင်ခံစာမူကြမ်း ပြီးစီး

သမ္မတထံတင်ပြမည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ အပြီးသတ် အစီရင်ခံစာမူကြမ်း ပြီးစီး
နေပြည်တော် လွှတ်တော်ရေးရာဆောင်တွင် ဒီဇင်ဘာ ၂၃ ရက်က အစီရင်ခံစာပြုစုရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
နေပြည်တော် လွှတ်တော်ရေးရာဆောင်တွင် ဒီဇင်ဘာ ၂၃ ရက်က အစီရင်ခံစာပြုစုရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
Published 25 December 2019
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ အပြီးသတ် အစီရင်ခံစာ မူကြမ်းပြီးစီးပြီဖြစ်ကြောင်းကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်ရှိိ လွှတ်တော်ရေးရာဆောင်တွင် ပြုလုပ်သည့် အစီရင်ခံစာပြုစုရေး အကြံပြု ညှိနှိုင်းအစည်း အဝေးတွင် အပြီးသတ်အစီရင်ခံစာဟုဆိုနိုင်မည့် နောက်ဆုံး တတိယအကြိမ် မူကြမ်းတစ်ခု ရေး သားပြီးဖြစ်သည်ဟု ဦးအေးသာအောင် က ပြောကြားသည်။

အစီရင်ခံစာနှင့် စပ်လျဉ်း၍ တည်းဖြတ် သင့်သည်များကို ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့ဝင်များဖြစ်ကြ သည့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဒုတိယ ဝန်ကြီး ဦးတင်မြင့်တို့ တည်းဖြတ်ခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက ပြင်ဆင်၊ ဖြည့်စွက်လိုသည့်အချက်များကို အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ အစီရင်ခံစာ အပြီးသတ်ပြီဖြစ်သည့်အတွက် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ မကြာမီအချိန်အတွင်း တင်ပြနိုင်ဖွယ်ရှိသည်ဟု ကော်မတီ အဖွဲ့ဝင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက  The Daily Eleven သတင်းစာကို ပြောကြားထားသည်။

ကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို ပိုမိုတိကျခိုင်မာစေရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယခုလလယ်ကကွင်းဆင်း၍ ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက မတ် ၁၄ ရက် တွင်ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးအထောက်အကူပြုကော်မတီသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေး အတွက် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကြံပြုတင်ပြရမည်ဖြစ် သည်။

 

ကော်မတီဖွဲ့စည်းချိန်မှ လက်ရှိအထိ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေးကြိမ်သွားရောက်ခဲ့ပြီး ကြားဖြတ်အစီအရင်ခံစာတစ်စောင်ကို နိုင်ငံတော်သမ္မတထံ ဇွန်လလယ်က တင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်ပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ဒုတိယဥက္ကဋ္ဌများအဖြစ်ပါဝင်ကာ အတွင်းရေးမှူးမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် ဖြစ်ပြီး အဖွဲ့ဝင် ၁၃ ဦး ပါဝင်သည်။

ကော်မတီကို စတင်ဖွဲ့စည်းစဉ်က ရခိုင်လူမျိုးများဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေတို့ကို ထည့်သွင်း ဖွဲ့စည်းခဲ့သော်လည်း ကြိုတင်အသိပေး အကြောင်းကြားမှုမရှိခြင်းနှင့် ကော်မတီလုပ်ငန်းတာဝန်ပါ အချက်အချို့ကြောင့် ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

ကော်မတီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးညီလှငယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ပါဝင်သည်။

 

 

Most Read

Most Recent