အဲဗာတန်အသင်း၏ နည်းပြသစ် အန်ဆယ်လော့တီသည် အဲဗာတန်အသင်းအတွက် ဥရောပဝင်ခွင့် ရည်မှန်းနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အထိရယူပေးရန် ဆန္ဒရှိနေကြောင်း Everton TV သို့ ပြောကြားခဲ့သည်။
အန်ဆယ်လော့တီက ''အကောင်းဆုံးလုပ်ပြဖို့ ဒီကို ရောက်လာတာပါ။ လိဂ်ပြိုင်ပွဲကို အာရုံစိုက်ပြီး ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက် ရည်မှန်းပါတယ်။ ဒါက အသင်းနဲ့ပရိသတ်တွေရဲ့ရည်မှန်းချက်ပါပဲ''ဟု ပြောကြားခဲ့သည်။
အန်ဆယ်လော့တီသည် ချန်ပီယံလိဂ်တွင် တတိယပွဲအများဆုံးကိုင်တွယ်ထားသူဖြစ်ပြီး အအောင်မြင်ဆုံးနည်းပြတစ်ဦးလည်းဖြစ်သည်။
၎င်းအနေဖြင့် ချန်ပီယံလိဂ်လိဂ်ဖလား (၃)ကြိမ် ရရှိထားပြီး အေစီမီလန်နှင့်(၂)ကြိမ်၊ ရီးယဲလ်မက်ဒရစ်နှင့် (၁)ကြိမ် ရရှိခဲ့သည်။
အဲဗာတန်အသင်းသည် အန်ဆယ်လော့တီအား (၄)နှစ်ခွဲသက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၁၀ ပြည့်နှစ်က ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဖလား၊ FAဖလားများ ရယူခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ PSG စသည့် ထိပ်တန်းအသင်းများကိုလည်း ကိုင်တွယ်ခဲ့သည်။