မြန်မာအမျိုးသမီးဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ အောက်တိုဘာ ၁၇ ရက်ပြုလုပ်မည်

မြန်မာအမျိုးသမီးဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ အောက်တိုဘာ ၁၇ ရက်ပြုလုပ်မည်
Photo: MFF
Photo: MFF
Published 14 October 2024

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ကွာလာလမ်ပူမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲကို အသင်း ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း သုံးအုပ်စုနှင့် လေးသင်း တစ်အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။

ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများမှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်တိုင်ပေ၊ ဥဇဘက်ကစ္စတန်၊ လက်ဘနွန်၊ ဟောင်ကောင်၊ ပါလက်စတိုင်း၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ မကာအို၊ အီရတ်၊ ကူဝိတ်၊ ဖိလစ်ပိုင်၊ ကာဂျစ္စတန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ပါကစ္စတန်အသင်းတို့ဖြစ်ကြောင်း သိရသည်။

ခြေစစ်ပွဲကို အုပ်စုလေးခုခွဲပြီး အိမ်ရှင်တစ်နိုင်ငံတည်းတွင်သာ ကျင်းပပြုလုပ်စေမည်ဖြစ်သည်။

လက်ရှိတွင် ခြေစစ်ပွဲ၏ အိမ်ရှင်နိုင်ငံအတွက် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဥဇဘက်ကစ္စတန် နိုင်ငံလေးနိုင်ငံက တောင်းခံထားပြီး အုပ်စုမဲခွဲသည့်နေ့တွင် အာရှဘောလုံးအဖွဲ့ချုပ်(AFC) က ဆုံးဖြတ်ရွေးချယ်မည်ဖြစ်သည်။

ခြေစစ်ပွဲကို တစ်ကျော့စနစ်ဖြင့်သာ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ခြေစစ်ပွဲ အုပ်စုလေးခုမှ ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီ(ရှစ်သင်း)နှင့် အုပ်စုလေးခုမှ အကောင်းဆုံးအုပ်စုတတိယရအသင်း စုစုပေါင်း ကိုးသင်းမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တရုတ်၊ တိုက်ရိုက်ကစားခွင့်ရ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်၊ ဒုတိယရ ဂျပန်၊ ခြေစစ်ပွဲအောင် ကိုးသင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ် မေ ၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ခြေစစ်ပွဲဝင် အသင်း ၁၉ သင်းတွင် မြန်မာ၊  သြစတြေးလျ၊ အိန္ဒိယ၊ အီရတ်၊ ကူဝိတ်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ ပါလက်စတိုင်းနှင့် ဖိလစ်ပိုင်တို့မှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် လာမည့်နိုဝင်ဘာအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် စက်တင်ဘာ ၃၀ ရက်မှစ၍ ပဏာမကစားသမား၂၆ ဦးဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲအတွက် တစ်ပေါင်းတည်းပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်နေသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည်  နိုင်ငံတကာပြိုင်ပွဲအဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲများတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရယူနိုင်ခဲ့သည်။

Most Read

Most Recent