ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာပါက တိုင်ကြားနိုင်ရန် ငွေပေးချေမှု ပြေစာအထောက်အထားများအား ရယူသိမ်းဆည်းထားရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရုပ်သံလိုင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရောင်းချပြီးပစ္စည်းအပေါ် အာမခံချက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် တိုင်ကြားမှုများ ယခင်ထက်ပိုမိုများပြားလာကြောင်း သိရသည်။
ယခုနှစ်ပိုင်းအတွင်း စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားလာသည့် အမှုများအနက် စားသောက်ကုန်များ၏ အရည်အသွေးပိုင်းနှင့်ပတ်သက်သောအမှုများ သာမက အခြားဝန်ဆောင်မှုအပိုင်းနှင့် ပတ်သက်သော တိုင်ကြားမှုများပါ မြင့်တက်လာကြောင်းနှင့်ယခင်က တိုင်ကြားလာသည့် အမှုများအနက်အများစုမှာ စားသောက်ကုန်များ၏ အရည်အသွေးနှင့်ပတ်သက်သော တိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။
“တိုင်ကြားစာတွေအရ အရင်ကတော့ အစားအသောက်တွေပဲများတယ်။ ဘာလို့လဲဆိုတော့ စားသုံးသူကာကွယ်ရေးဆိုတော့လည်း အစားအသောက်ကိုပဲ ပြေးမြင်ကြလို့ပါ။ တကယ်က ကုန်စည်တွေရော၊ ဝန်ဆောင်မှုတွေရောပါပါတယ်။ အဓိကက မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုကဏ္ဍမှာ လစ်ဟာနေတဲ့အတွက် စားသုံးသူရေးရာဌာနက ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ စားသုံးသူတွေ စိတ်ကျေနပ်မှုမဖြစ်ရင်၊ နစ်နာတယ်ထင်ရင် တိုင်ကြားတာတွေ ဖြေရှင်းပေးပါတယ်။ အခု နောက်ပိုင်းမှာတော့ စားသောက်ကုန်ပိုင်းထက် ဝန်ဆောင်မှုအပိုင်းတွေကို မကျေနပ်လို့တိုင်တာတွေ များလာပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများအပြင် လူမှုကွန်ရက်စာမျက်နှာရှိ CICC – NayPyiTaw မှတစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်း၊ ပြည်ထောင်စုနယ်မြေ ၀၆၇၃-၄၃၀၄၆၈၊ ၀၆၇၃-၀၄၃၀၁၄၉၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူရုံးဝ၁-၂၄၅၀၈၆ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် သတ်မှတ်စံချိန်စံညွှန်းအရည်အသွေး ကိုက်ညီမှုမရှိသော စားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီးစားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။
စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာကိစ္စများ ဖြေရှင်းပေးရန်၂၀၁၆ ခုနှစ်၊ဇူလိုင်လ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အငြင်းပွားမှုများ ပေါ်ပေါက်လာသောအခါ ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲခံရသော စီးပွားရေးလုပ်ငန်းရှင်ကို ခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း၊ အငြင်းပွားမှုကို သိရှိ၊တွေ့မြင်သောပုဂ္ဂိုလ်များ၊ သက်သေများနှင့်ကျွမ်းကျင်သူများကို ခေါ်ယူမေးမြန်း စစ်ဆေးမည်ဖြစ်ကြောင်း၊ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ၊ အခြားသက်သေခံများကိုလည်း စစ်ဆေးအကဲဖြတ်မည်ဖြစ်ပြီး စားသုံးသူများဘက်မှ ဆုံးရှုံးမှုရှိမရှိ စစ်ဆေးဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ ယင်း ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ကျူးလွန်သော စီးပွားရေးလုပ်ငန်းရှင်ထံ ပေးပို့အကြောင်းကြားမည်ဖြစ်ကြောင်းနှင့် ဖောက်ဖျက်ကျူးလွန်ပါက စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။















