မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုကြောင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီး ထိန်းချုပ်ရေးမူဘောင်သဘောတူ ညီချက်အဖွဲ့ WHO FCTC မှ Technical officer Mr. Andrew Black ၏ ပြောကြားချက်အရ သိရသည်။
စာရင်းဇယားအချက်အလက်များအရ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အရွယ်မတိုင်မီ သေဆုံးနေပြီး၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သော WHO STEPS Survey အရ ပါဝင်ဖြေဆိုသူများ၏ ၉၄ ရာခိုင်နှုန်းတွင် မကူးစက်တတ်သော ရောဂါဖြစ်ပွားနိုင်စေသည့် အကြောင်းအရာ တစ်ရပ်ရှိနေပြီး ၁၉ ဒသမ ၆ ရာခိုင်နှုန်းတွင် မကူးစက်တတ်သော ရောဂါ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာသုံးရပ်မှ ငါးရပ်အထိရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအတွင်းရေးမှူးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Knowledge Hub for Smokeless Tabacco နှင့် ရန်ကုန်မြို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ နေပြည်တော်၌ နိုဝင်ဘာလအတွင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုထိန်းချုပ်ရေး မူဝါဒနှင့် ဥပဒေအား ပြန်လည်သုံးသပ်ခြင်းနှင့် အသစ်ပြန်လည် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
“ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ကျန်းမာရေးထိခိုက်ခြင်းအပါအဝင် ကဏ္ဍအသီးသီးမှာ ထိခိုက်ဆုံးရှုံးမှုတွေက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတာကြောင့် ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာနဲ့ ထိရောက်တဲ့ ဥပဒေပေါ်ပေါက်ရေးကိစ္စတွေက အလွန်အရေးကြီးနေပါတယ်။ မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိဘူးဆိုရင် နောင်ငါးနှစ်တာကာလအတွင်းမှာ ထိန်းချုပ်ဖို့ အလွန်ခက်ခဲတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာ ကြီးဖြစ်လာမှာဖြစ်ပြီး နိုင်ငံရဲ့ကျန်းမာရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ ထိခိုက်ဆုံးရှုံးမှုကြီးတွေ ဖြစ်လာမှာဖြစ်ပါတယ်” ဟု အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရရှိခဲ့သည့်ဆုံးဖြတ်ချက်များမှာ ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက်နေသကဲ့သို့ ဆေးလိပ်နှင့် ဆေးရွက်ကြီး အခွန်အခများကို တိုးမြှင့်ကောက်ခံရန်၊ မြန်မာနိုင်ငံသို့ တင်သွင်းသော ထုတ်လုပ်ရောင်းချသော ဆေးလိပ်ဘူးခွံများကို မူလအမှတ်တံဆိပ်နှင့် အရောင်အသွေးမပါဝင်ဘဲ ထုပ်ပိုးခြင်း “စံသတ်မှတ်ထုပ်ပိုးမှုပုံစံ” ဖြင့်သာ ထုပ်ပိုးရန်၊ WHO FCTC တွင် ပါဝင်သော အချက်များနှင့်ကိုက်ညီပြီး ထိရောက်မည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေသစ်ကို ရေးဆွဲသွားရန်၊ လက်ရှိ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့် မူဝါဒနှင့် နည်းဗျူဟာများအား ပြန်လည်ရေးဆွဲရန်၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်အညီ ဥပဒေစိုးမိုးမှုရှိစေရန် သက်ဆိုင်ရာဌာနများက မိမိအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နိုင်ရန်၊ အသက် ၁၈ နှစ်အောက် ကလေးများကို ဆေးလိပ်နှင့် ဆေးရွက်ကြီးရောင်းချမှုများကို ထိရောက်စွာ တားမြစ်အရေးယူသွားရန်နှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကိစ္စအကြောင်းအရာတစ်စုံ တစ်ခုအတွက်ထောက်ပံ့ကာ ပုံရိပ်မြှင့်တင်ခြင်းတို့ကို ထိန်းချုပ်တားမြစ်ခြင်းများ ပိုမိုဆောင်ရွက်သွားရန်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများတွင် ပါဝင်သည့် ဓာတုပစ္စည်းနှင့် အခြားပစ္စည်းများ ပါဝင်မှုပမာဏများအား စစ်ဆေးနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန် စသည့်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။















