၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ငါးလဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ

၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ငါးလဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ
 ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်းတစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်းတစ်နေရာကို တွေ့ရစဉ်
Published 17 December 2019
စည်သူအောင်

 

၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် စက်တင်ဘာတွင်ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ပြန်လည်လျော့ကျလာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ငါးလဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် စက်တင်ဘာရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည် လျော့ကျလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တို အနည်းငယ်ပြန်ကျခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year on Year Inflation မှာ ၈ ဒသမ ၇၂ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၄၀ ရာ ခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ မန္တလေးမြို့တွင် ၁၀ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၅ ဒသမ ၁၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့်   ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်  ၃၂၆၆၉ ကို စစ်တမ်းကောက် ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် Base Year အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွ့ံဖြိုးတိုးတက်မှု ဒုတိယကာလတိုငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှု နှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါ ဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့်  နိုင်ငံခြားငွေထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent