၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်သုံးရာခိုင်နှုန်းအထိ လျှော့ချပြီး အခွန်သက်သာခွင့် ပေးထားသော်လည်း လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း အိမ်ခြံမြေ အရောင်းအဝယ် ပုံမှန်သာရှိပြီး ကျန်ကာလများတွင်လည်း ယင်းအခြေအနေတိုင်းသာ ဆက်ရှိနေမည်ဟုဆို

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်သုံးရာခိုင်နှုန်းအထိ လျှော့ချပြီး အခွန်သက်သာခွင့် ပေးထားသော်လည်း လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း အိမ်ခြံမြေ အရောင်းအဝယ် ပုံမှန်သာရှိပြီး ကျန်ကာလများတွင်လည်း ယင်းအခြေအနေတိုင်းသာ ဆက်ရှိနေမည်ဟုဆို
ရန်ကုန်မြို့အတွင်းရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့အတွင်းရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 11 December 2019
ဇေယျာငြိမ်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်သုံးရာခိုင်နှုန်းအထိ လျှော့ချပြီး အခွန်သက်သာခွင့် ပေးထားသော်လည်း လက်ရှိ ဘဏ္ဍာနှစ် နှစ်လအတွင်း အိမ်ခြံမြေ အရောင်းအဝယ် ပုံမှန်သာရှိပြီး ကျန်ရှိကာလများတွင်လည်း ယင်းအနေခြေအနေ အတိုင်းသာ ဆက်ရှိနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားသည်။

“ပုံမှန်အရောင်းအဝယ် ဖြစ်ရုံပါပဲ။ အရမ်းထူးထူးခြားခြား မဖြစ်သေးဘူးလို့ ပြောရမယ်။ ရှေ့တစ်နှစ်ထဲက စပြီးလုပ်မှာပေါ့။ လုပ်မယ်ဆိုပြီး မလုပ်ဖြစ်လိုက်တဲ့အခါ နောက်တစ်နှစ်ဆိုတော့ တော်တော်နောက်ကျ သွားတယ်။ စျေးတော့ အရမ်းမတက်နိုင်ဘူး။ စျေးကွက်က ထိုက်သင့်သလောက် ကောင်းလာရုံပဲရှိမယ်၊ အရမ်းကြီး ကောင်းလာဖို့တော့ မရှိဘူး” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် နိုင်ငံတော်၏ လက်ရှိစီးပွားရေး အခြေအနေကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဟုဆိုကာ တစ်ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ အခွန်သုံးရာခိုင်နှုန်း ကျပ်သိန်း ၁ဝဝဝမှ ကျပ်သိန်း  ၃၀၀၀ အထိ အခွန်ငါးရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၁ မှ ကျပ်သိန်း ၃၀၀၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၀ အထက်အား အခွန်ရာခိုင်နှုန်း ၃၀ ပေးဆောင်ရန် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ဖော်ပြခဲ့ကာ လွှတ်တော်အတွင်း ဆွေးနွေးပြီးနောက် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေအပေါ် ကောက်ခံသွားမည့် ဝင်ငွေခွန်နှုန်းများကို ၁ ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ အခွန်သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၁ ကျပ်မှ ကျပ်သိန်း  ၃၀၀၀ အထိ အခွန်နှုန်း ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၁မှ ကျပ်သိန်း ၁၀၀၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၀ အထက်အား အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရန် အတည်ပြုခဲ့သည်။

အဆိုပါ ၂၀၁၉ ခုနှစ် အခွန်ကောက် ဥပဒေကို စက်တင်ဘာ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ အထိ အသက်ဝင်နေမည် ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကောက်ခံခဲ့သည့် အခွန်နှုန်းထားများမှာ တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀၀ နှင့် အထက်အား ရာခိုင်နှုန်း ၃၀  သတ်မှတ် ကောက်ခံခဲ့ခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း ၁၀၀၀ ဝန်းကျင်တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒိုများ ဝယ်ယူသူများသည် ဝင်ငွေခွန် ကျပ်သိန်း ၃၀ ဝန်းကျင်သာ ကျသင့်မည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း ၁,၀၀၀ ဝန်းကျင်တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒို ဝယ်ယူသူများသည် ယခင်နှစ်ထက် ဝင်ငွေခွန်ကျပ်သိန်း ၁၇၀ ခန့်အထိ သက်သာမှုရှိမည်ဖြစ်သည်။ ကျပ်သိန်း ၃၀၀၀ ဝန်းကျင်တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒိုများ ဝယ်ယူမည် ဆိုပါက ဝင်ငွေခွန် ကျပ်သိန်း ၅၀ ခန့်သာ ပေးဆောင်ရမည်ဖြစ်ပြီး ယခင်နှစ်ထက် ဝင်ငွေခွန် ကျပ်သိန်း ၂၅၀ ခန့်အထိ သက်သာမှုရှိမည် ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေစျေးနှုန်းများ သုံးပုံတစ်ပုံအထိ ကျဆင်းနေပြီး လက်ရှိတွင် ကျပ်သိန်း ၁၀၀၀ အောက် အိမ်ခြံမြေများသာ အရောင်းအဝယ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်းက အရောင်းအဝယ် စတင်ကျဆင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ကျပ်သိန်း ၁၀၀၀ အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ် ဖြစ်ပေါ်မှုများနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ သာကေတမြို့နယ်များတွင် အိမ်ခြံမြေ အရောင်းအဝယ်ဖြစ်မှုများကြောင်း UMFCCI တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း သတ္တမအကြိမ်မြောက် အသင်းသားစုံညီ သင်းလုံးကျွတ် အစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားထားသည်။

ဒလမြို့နယ်တွင်လည်း တံတားဆောက်လုပ်သည့် အချိန်က အိမ်ခြံမြေစျေးများ ပေါက်စျေးထက် ကျပ်သိန်းတစ်ထောင်ကျော် မြင့်တက်ခဲ့သော်လည်း လက်ရှိအချိန်တွင် မူလပေါက်စျေးသို့ ပုံမှန်ပြန်လည် ကျဆင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent