ICJ အမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံမှုများကို ဟစ်တလာကို ထောက်ခံသည့် ဂျာမနီပြည်သူများနှင့်ခိုင်းနှိုင်း၍ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ဝေဖန်မှုအပေါ် မျက်စိစုံမှိတ်ထောက်ခံနေခြင်းမဟုတ်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

ICJ အမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံမှုများကို ဟစ်တလာကို ထောက်ခံသည့် ဂျာမနီပြည်သူများနှင့်ခိုင်းနှိုင်း၍ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ဝေဖန်မှုအပေါ် မျက်စိစုံမှိတ်ထောက်ခံနေခြင်းမဟုတ်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်
Published 10 December 2019
ဉာဏ်လင်းထွန်း

ICJ အမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံမှုများအား နာဇီခေါင်းဆောင် ဟစ်တလာကို ဂျာမနီပြည်သူများ ထောက်ခံခဲ့မှုနှင့်ခိုင်းနှိုင်း၍ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ထောက်ပြမှုရှိခဲ့ပြီး ယင်းသို့ ဝေဖန်မှုများအပေါ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် မျက်စိမှိတ် ထောက်ခံနေခြင်းမဟုတ်ဟု တုံ့ပြန်ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က RFA သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင်က “ နာဇီ ခေါင်းဆောင်ဟစ်တလာက ဂျူးလူမျိုးတွေ၊ ပိုလန်လူမျိုးတွေ၊ LGBT အဖွဲ့တွေ ဒီလိုမျိုး လူတွေကို အပုံလိုက် လိုက်သတ်တဲ့ အချိန်မှာ ဂျာမနီလူမျိုးတွေက သူ့ကို ထောက်ခံတယ်။ ဆန္ဒတွေ ပြကြတယ်။ ထောက်ခံမှုတွေ အများကြီးပေးတယ်။ ဖြစ်နေတဲ့အချိန်မှာ တစ်ခါတလေ လူအများစုက မသိမသာဘဲ လိုက်ပါလာတတ်တယ်။ ဆိုတော့ ကျွန်မက အဲဒါကိုသွားပြီး မြင်ယောင်မိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံကို ICJ ၌ တရားစွဲသည့်ကိစ္စတွင် အားပေးထောက်ခံသည့် နိုင်ငံများသည့် ဂျူးလူမျိုးများ အသတ်ခံခဲ့ရသည့် ခါးသီးသော နာကျည်းမှုများကို ဖော်ထုုတ်၍ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုကို ပိုမိုအာရုံစိုက်ရန် ကြိုးစားခြင်းဖြစ်သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ မြန်မာပြည်သူတွေဟာ နိုင်ငံမှာဖြစ်နေတဲ့ အဖြစ်အပျက်ကို ကိုယ့်ရဲ့ အသိစိတ်နဲ့ သိရှိပါတယ်။ မျက်စိနှစ်စုံမှိတ်ပြီးတော့ ထောက်ခံနေတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်”  ဟု ၎င်းက တုံ့ပြန်ပြောကြားသည်။

လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးအနေနှင့် သွားရောက်တရားရင်ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရပ်တည်ကြောင်း အခမ်းအနားများကို နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့တွင် ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ လူအင်အား သောင်းဂဏန်းခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရှိရသည်။

ဆက်လက်ပြီး  ချယ်ရီဇာဟောင်က “ ဥရောပနိုင်ငံတွေက အထူးသဖြင့် နယ်သာလန်နိုင်ငံလိုမျိုးတွေက ဟစ်တလာနာဇီတွေ လုပ်ခဲ့တဲ့ အဖြစ်ဆိုးတွေကို သူတို့ အမြဲတမ်းသတိရတယ်။ ဆိုတော့ ဒီလိုမျိုး သွားလုပ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ မကောင်းတဲ့ အတိတ်ကြီးကို သွားပြီးတော့ ဖော်သလိုဖြစ်နိုင်တယ်။ ဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံကို တော်တော်လေး အမြင်ပြောင်းလဲသွားနိုင်တယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲများကို NLD ပါတီက ဦးဆောင်ပြီး ဘာသာရေးအဖွဲ့အစည်းအချို့၊ လူမှုအဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကျင်းပနေခြင်းဖြစ်ကာ အခမ်းအနားများတွင် NLD ပါတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

 

 

Most Read

Most Recent