ဇီးရိုးဘတ်ဂျက်ခရီးသွားဟု ဆိုရာတွင် နိုင်ငံအတွက် ဝင်ငွေနှင့် အကျိုးမရှိခြင်းမျိုးမဟုတ်ဘဲ တရားမဝင်ငွေပေးချေမှုများကြောင့် ရသင့်ရထိုက်သည့်အခွန်အခများ လျော့နည်းခြင်းသာဖြစ်ကြောင်း ဟိုတယ်ခရီး ဒုတိယဝန်ကြီး ပြောကြား

ဇီးရိုးဘတ်ဂျက်ခရီးသွားဟု ဆိုရာတွင် နိုင်ငံအတွက် ဝင်ငွေနှင့် အကျိုးမရှိခြင်းမျိုးမဟုတ်ဘဲ တရားမဝင်ငွေပေးချေမှုများကြောင့် ရသင့်ရထိုက်သည့်အခွန်အခများ လျော့နည်းခြင်းသာဖြစ်ကြောင်း ဟိုတယ်ခရီး ဒုတိယဝန်ကြီး ပြောကြား
မန္တလေးမြို့ ကုသိုလ်တော်ဘုရားဝင်းသို့ လာရောက်လည်ပတ်ကြသည့် တရုတ်ခရီးသွားများအား ဒေသခံများက အမှတ်တရပစ္စည်းများ ရောင်းချနေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးမြို့ ကုသိုလ်တော်ဘုရားဝင်းသို့ လာရောက်လည်ပတ်ကြသည့် တရုတ်ခရီးသွားများအား ဒေသခံများက အမှတ်တရပစ္စည်းများ ရောင်းချနေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 10 December 2019
စည်သူ

ဇီးရိုးဘတ်ဂျက်ခရီးသွားဟု ဆိုရာတွင် နိုင်ငံအတွက် ဝင်ငွေနှင့် အကျိုးမရှိခြင်းမျိုး မဟုတ်ဘဲ အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် တစ်ဦးချင်းသုံးစွဲမှု လျော့နည်းခြင်းနှင့် တရားမဝင် လုပ်ငန်းဆောင်ရွက်သူများ၊ တရားမဝင်ငွေပေးချေမှုများကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ လျော့နည်းခြင်းသာဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး မေးမြန်းသည့် ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ် (WeChat Pay နှင့် Alipay) ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရန်  အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီး ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဇီရိုးဘတ်ဂျက်ခရီးသွားဆိုရာတွင် နိုင်ငံအတွက် အကျိုးမရှိ၊ ဝင်ငွေမရှိတာမျိုး မဟုတ်ဘဲ အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် တစ်ဦးချင်းသုံးစွဲမှု လျော့နည်းခြင်းနှင့် တရားမဝင် လုပ်ငန်းဆောင်ရွက်သူများ၊ တရားမဝင်ငွေပေးချေမှုများကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်အခများ လျော့နည်းခြင်းသာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောကြားသည်။

ဇီးရိုးဘတ်ဂျက် အမည်တွင်သည့် နောက်ခံအကြောင်းများကို ဒုတိယဝန်ကြီး တင်ပြရာတွင် ခရီးသွားအဝင်ကျဆင်းနေသည့် ကာလများ၌ ခရီးသွားကုမ္ပဏီအချို့က အချို့သောခရီးစဉ်ဒေသများရှိ ဟိုတယ်များကို သာမန်အချိန်ပေါက်စျေးအထိ လျော့နည်းသည့်စျေးနှုန်းဖြင့် တစ်နှစ်စာကြိုတင် စာချုပ်ချုပ်ဆို ငှားရမ်းမှုများရှိနေကြောင်း၊ စားသောက်ဆိုင်အချို့ကိုလည်း တစ်နေ့သတ်မှတ်လူဦးရေနှင့် မူလရောင်းစျေးထက် လျော့နည်းသည့်စျေးနှုန်းဖြင့် တစ်နှစ်စာကြိုတင် စာချုပ်ချုပ်ဆိုမှုများရှိနေကြောင်း၊ အလားတူ သယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း သာမန်အချိန် ပေါက်စျေးထက်လျော့နည်းသည့် စျေးနှုန်းဖြင့် တစ်နှစ်စာကြိုတင်ငှားရမ်းမှုများ ရှိနေကြောင်း၊ ခရီးစဉ်များရောင်းချရာတွင်လည်း လာရောက်မည့် ခရီးသည်အုပ်စုများကို မဖြစ်မနေခေါ်ဆောင်သွားမည့် လက်ဆောင်ပစ္စည်းဆိုင်များကပေးသည့် ကော်မရှင်ကို အခြေပြုပြီး အဆမတန်လျှော့ချထားသည့် စျေးနှုန်းများဖြင့် ရောင်းချနေသည်များလည်း ရှိကြောင်း၊ လက်မှတ်ရဧည့်လမ်းညွှန်များကို ငှားရမ်းခြင်းမပြုဘဲ Tour Conductor များက တရားမဝင်ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်မှုများရှိနေကြောင်း၊ လိုင်စင်မဲ့ ဟိုတယ်နှင့် တည်းခိုရိပ်သာများကို အသုံးပြုမှုများ ရှိသည့်အပြင် လိုင်စင်မရှိဘဲ ခရီးလှည့်လည်လုပ်ငန်း လုပ်ဆောင်နေခြင်းများလည်း ရှိနေကြောင်း၊ တရားမဝင်ငွေပေးချေမှု နည်းလမ်းများကို အသုံးပြုမှုများလည်း ရှိနေကြောင်း ပြောကြားသည်။

ထိုသို့သောအခြေအနေတွင် ဟိုတယ်၊ စားသောက်ဆိုင်နှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များ၏ စျေးနှုန်းသတ်မှတ်မှုနှင့် ပတ်သက်၍ ရောင်းသူဝယ်သူ သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ဝန်ကြီးဌာနနေဖြင့် ကြားဝင်ဆောင်ရွက်ရန်မရှိသော်လည်း ခရီးစဉ်များ ရောင်းချရာတွင် အမှန်တကယ်ကုန်ကျစရိတ်ထက် လျော့နည်းသည့် စျေးနှုန်းဖြင့် ရောင်းချပါက ယှဉ်ပြိုင်မှုဥပဒေနှင့် ငြိစွန်းမှာဖြစ်ပြီး စီမံခန့်ခွဲရေး နည်းလမ်းအရဖြစ်စေ၊ ပြစ်မှုအကြောင်းရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ အရေးယူခွင့်ရှိသည့် သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဟိုတယ်၊ တည်းခိုရိပ်သာ၊ ခရီးသွားလှည့်လည်ရေး၊ ဧည့်လမ်းညွှန်စသည့် လုပ်ငန်းများကို လိုင်စင်မရှိဘဲ ဆောင်ရွက်ပါက ခရီးသွားလုပ်ငန်းဥပဒေနှင့် ငြိစွန်းပြီး ရဲအရေးပိုင်သည့် ပြစ်မှုဖြစ်ကြောင်း၊ ယင်းကိစ္စအပေါ် သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့များကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းမှ ပေးအပ်ထားသည့် ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားကြောင်း၊ ယင်းအဖွဲ့၏ သတင်းပေးပို့ချက်အရ ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် လိုအပ်သည့်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ ခရီးသွားလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရသူက လိုင်စင်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး လိုင်စင်မဲ့ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်စတာတွေကို အသုံးပြုတာကို သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လလာသုံးသပ်ရေး အဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဖို့လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် လေးသန်းကျော် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ခရီးသွား သုံးသန်းကျော်အထိ ကျဆင်းခဲ့ကြောင်း၊ ထိုသို့ ခရီးသွားကျဆင်းခြင်းကို ကုစားနိုင်ရန် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံများကို ဗီဇာဖြေလျှော့မှုပေးခဲ့ကြောင်း၊ တရုတ် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်တွင် နှစ်သိန်းကျော်သာ လာရောက်လည်ပတ်ခဲ့ရာက ၂၀၁၉ ခုနှစ်တွင်မူ ဇန်နဝါရီမှ အောက်တိုဘာအထိ တရုတ်ခရီးသွား ခြောက်သိန်းကျော် ဝင်ရောက်ခဲ့သည့်အတွက် ယခုနှစ်တွင် လေးသိန်းကျော် တိုးတက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 

 

 

Most Read

Most Recent