နိုင်ငံတကာ လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်းကြောင့် ရန်ကုန်လေဆိပ် အသုံးပြုသူ ခရီးသည်ပမာဏ ယခင်နှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ကာလတူထက် ရှစ်ရာခိုင်နှုန်းမြင့်တက်

နိုင်ငံတကာ လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်းကြောင့် ရန်ကုန်လေဆိပ် အသုံးပြုသူ ခရီးသည်ပမာဏ ယခင်နှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ကာလတူထက် ရှစ်ရာခိုင်နှုန်းမြင့်တက်
 YACK မှ ခြောက်သန်းမြောက်ခရီးသည်အဖြစ် ရွေးချယ်ခဲ့သည့် အိန္ဒိယနိုင်ငံသားခရီးသည်ဖြစ်သူ Mr. Ameeramsa Musthafa နှင့် မိသားစုအား တွေ့ရစဉ်
YACK မှ ခြောက်သန်းမြောက်ခရီးသည်အဖြစ် ရွေးချယ်ခဲ့သည့် အိန္ဒိယနိုင်ငံသားခရီးသည်ဖြစ်သူ Mr. Ameeramsa Musthafa နှင့် မိသားစုအား တွေ့ရစဉ်
Published 9 December 2019
ရွှန်းလဲ့ဝင်း

နိုင်ငံတကာလေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူခရီးသည်ပမာဏ ယခင်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ရှစ်ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် YACL ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ၏အဓိကလေကြောင်း ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား အသုံးပြုသူခရီးသည်ပမာဏ ခြောက်သန်းနီးပါးအထိ မြင့်တက်ခဲ့ပြီး ယမန်နှစ်ထက် ခရီးသည်ရှစ်ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ခရီးသည်ပမာဏ မြင့်တက်လာရခြင်းသည် ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲမှုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် တရုတ်ခရီးသွားစျေးကွက်မှ ခရီးစဉ်တိုးချဲ့ပျံသန်းမှုများကြောင့်ဖြစ်ကြောင်း YACL မှ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယခင်နှစ်က နိုင်ငံတကာလေကြောင်းလိုင်း ၃၁ လိုင်းမှ နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ မြို့ပေါင်း ၃၁ မြို့သို့ ချိတ်ဆက်ပျံသန်းပြေးဆွဲခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၃၇ လိုင်းမှ နိုင်ငံပေါင်း ၁၄ နိုင်ငံရှိ ခရီးစဉ် ၃၇ ခုသို့ ချိတ်ဆက်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ နိုင်ငံတကာခရီးသည်ပမာဏ မြင့်တက်လာရခြင်း၏ အဓိကနိုင်ငံများမှာ တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ ခရီးသည်များ ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကခရီးသည်ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၉ ခုနှစ်အတွင်း အသုံးပြုသူခရီးသည် ခြောက်သန်းပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်က IndiGO လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် အိန္ဒိယနိုင်ငံသားခရီးသည်ဖြစ်သူ Mr. Ameeramsa Musthafa နှင့် မိသားစုအား ရန်ကုန်လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသည့် TACL မှ ခြောက်သန်းမြောက် ခရီးသည်အဖြစ် ရွေးချယ်ခဲ့ပြီး မြန်မာငွေကျပ် တစ်သန်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ TACK အနေနဲ့  IndiGO လေကြောင်းလိုင်းနဲ့ စီးနင်းလိုက်ပါလာတဲ့ ရန်ကုန်လေဆိပ်ရဲ့ ၂၀၁၉ ခုနှစ်အတွက် ခြောက်သန်းမြောက်ခရီးသည်ကို ကြိုဆိုရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ၂၀၁၉ ခုနှစ်လည်း ကုန်ဆုံးခါနီးပြီဆိုတော့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်လေဆိပ်အသုံးပြုသူခရီးသည် အရေအတွက် စံချိန်သစ်တစ်ခု ထပ်တင်နိုင်ပြီး ၂၀၁၉ ခုနှစ် အာရှ-ပစိဖိတ်ဒေသ ခန့်မှန်းလျာထားချက်ထက် ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတယ်ဆိတာ ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာသွားချင်ပါတယ်” ဟု YACL ၏ Chief Operating Officer ဖြစ်သူ Mr. Jose Angeja က ပြောကြားသည်။

ယင်းပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကကျသည့် နေရာတစ်ခုဖြစ်သည်နှင့်အညီ လေကြောင်းလိုင်းသစ်များနှင့် လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းနိုင်ရန် ကြိုးပမ်းအားထုတ်မှုများနှင့်အတူ Airside, Landside အဆင့်မြှင့်တင်မှု၊ လေကြောင်းလုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများအား ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန် ကြိုတင်မျှော်မှန်းထားမှု၊ လေဆိပ်အသုံးပြုသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ လေဆိပ်အတွင်း လုံခြုံစိတ်ချမှုရှိစေရန်နှင့် လေဆိပ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် ကြိုးပမ်းမှုများအား လုပ်ဆောင်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း Mr. Jose Angeja က ပြောကြားသည်။                              

 

 

Most Read

Most Recent