စပိန်လာလီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
Photo: LFP
Photo: LFP
Published 8 December 2019

အီဘာ - ဂီတာဖေး (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

(၄)ပွဲဆက်အရှုံးကနေ အီဘာ ပြန်ရုန်းထွက်ဖို့ ကြိုးစားမယ်ထင်တယ်။ ယူရိုပါလိဂ်တစ်ဖက်နဲ့ ဂီတာဖေးကလည်း အဝေးကွင်းမှာယုံလောက်တဲ့ခြေစွမ်းမျိုး မရှိသေးဘူး။ ဒါပေမဲ့ ဂီတာဖေး မရှုံးအောင်ကစားတတ်လို့ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

ဘက်တစ် - ဘီလ်ဘာအို (တနင်္ဂနွေည ၇:၃၀ နာရီ)

နောက်ဆုံး (၂)ပွဲဆက်နိုင်ပွဲယူပြီး ပြန်နိုးထလာဖို့ ဘက်တစ် ကြိုးစားနေတယ်။ ဒါပေမဲ့ ဒီအသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေသေးတဲ့အပြင် ခံစစ်ပိုင်းကလည်း စိတ်မချရသေးတဲ့ပုံနဲ့တော့ ဘီလ်ဘာအိုကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲတောင့်ခံကစားရဦးမှာပါပဲ။ ဘီလ်ဘာအိုကတော့ (၄)ပွဲဆက်နိုင်ပွဲယူပြီး ခြေစွမ်းပိုင်း သိသိသာသာကောင်းလာတယ်။  အဝေးကွင်းမှာလည်း အမှားနည်းအောင် ထိန်းကစားတတ်တဲ့အသင်းဖြစ်လို့ ဘက်တစ် အိမ်ရှင်ဆိုပေမယ့် သိပ်မလွယ်လောက်ဘူး။ ဘီလ်ဘာအို နဲ့ ဂိုးအများပဲ ကြိုက်တယ်။

ဗယ်လာဒိုလစ် - ဆိုစီဒက် (တနင်္ဂနွေည ၉:၃၀ နာရီ)

ဗယ်လာဒိုလစ် ခံစစ်မဆိုးပေမယ့် တိုက်စစ်က နောက်ဆုံး (၄)ပွဲမှာ (၁)ဂိုးပဲ ရထားတယ်။ ဆိုစီဒက်ကတော့ ခုနောက်ပိုင်း ရလဒ်ပိုင်းမငြိမ်ပေမယ့် ဒီရာသီ အဝေးကွင်းကစားပုံ မဆိုးလှဘူး။ အဝေးကွင်းမှာ ဂိုးရအောင်လည်း ကစားတတ်လို့ ဗယ်လာဒိုလစ်ခံစစ်အတွက် သတိထားရမယ့် တိုက်စစ်မျိုးရှိနေတယ်လို့ ထင်တယ်။ အဝေးကွင်းဖြစ်ပေမယ့် ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။ 

လီဟာနက်စ် - ဆယ်လ်တာဗီဂို (တနင်္ဂနွေည ၁၂:၀၀ နာရီ)

နောက်ဆုံး(၂)ပွဲမှာ ရှုံးပွဲမတွေ့အောင် ကစားပြီး ဆယ်လ်တာဗီဂို ပြန်လာသလိုတွေ့ရပေမယ့် တိုက်စစ်က ဂိုးသွင်းနှုန်းပုံမှန်မရှိသေးတာကို အဲဒီ (၂)ပွဲမှာ တွေ့ထားရတယ်။ လီဟာနက်စ်ကလည်း အိမ်ကွင်းရုန်းအား မဆိုးလှဘူး။ ခြေအတက်အကျမြန်တတ်တဲ့ ဆယ်လ်တာဗီဂိုကြောင့် အောက်ဆုံးက ရုန်းနေရတဲ့ လီဟာနက်စ်ကို ပိုကြိုက်တယ်။ လီဟာနက်စ်နဲ့ ဂိုးအများပါပဲ။

အိုဆာဆူနာ - ဆီဗီလာ (တနင်္လာနံနက် ၂:၃၀ နာရီ)

ဆီဗီလာကတော့ ဘာစီလိုနာ၊ ရီးယဲလ်တို့ထက် တစ်ပွဲပိုကစားထားပေမယ့် ရမှတ်သိပ်မကွာဘဲ ကပ်လိုက်နိုင်အောင် ကြိုးစားနေတာတွေ့ရတယ်။ အသင်းကစားပုံကလည်း တဖြည်းဖြည်းနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိလာနေပြီး နိုင်ပွဲရအောင် အဓိက အားပြုကစားနေပုံက အရင်အက်သလက်တီကိုအသင်း ကစားပုံနဲ့တောင် ခပ်ဆင်ဆင်လို့ပြောနိုင်တယ်။ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက် အနိုင်ယူပြထားတဲ့အပြင် (၃)ပွဲဆက်တိုက် ပေးဂိုးမရှိ ကစားထားတာက ဆီဗီလာရဲ့ တိုက်စစ်၊ ခံစစ်ဟန်ချက်ညီမှုကို ပြနေသလိုပါပဲ။ ဒါပေမဲ့ အိုဆာဆူနာကလည်း လျှော့တွက်လို့ မရဘူး။ အိမ်ကွင်းနောက်ဆုံးပွဲမှာ ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ ရဲရဲတင်းတင်းနဲ့ တိုက်စစ်ဖွင့်ကစားပုံက ပြိုင်ဘက်တွေကို ကောင်းကောင်းဖိအားပေးနိုင်လေ့ရှိတယ်။ အိမ်ကွင်းမှာ ဘာစီလိုနာကို (၂-၂)ဂိုးသရေ၊ ဗလင်စီယာကို (၃-၁)ဂိုးနဲ့ အနိုင်ကစားထားတယ်။ အစဉ်အလာအရ ဆီဗီလာသာပေမယ့် ယူရိုပါလိဂ်နဲ့ အာရုံများနိုင်လို့ ဒီပွဲကို သရေပဲ မှန်းချင်တယ်။