စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုသည် မန်ယူအသင်းနှင့် ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ဂါရတ်ဘေးလ်အား ခေါ်ယူလိုခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာ မဖြေကြားလိုကြောင်း ပြောကြားခဲ့သည်။
ဂျာနယ်လစ်တစ်ဦးက "ဂါရတ်ဘေးလ်က စပါးအသင်းအတွက် ခင်ဗျားလောက် သင့်တော်တဲ့နည်းပြ မရှိဘူးလို့ ပြောခဲ့တာ ဘာပြောချင်သလဲ"ဟု မေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို မော်ရင်ဟိုက "ကောင်းပါတယ်။ ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ်။ သူတကယ်ပြော၊ မပြော ကျွန်တော် မသိပေမယ့် ဝမ်းသာပါတယ်"ဟု ဆိုခဲ့ပြီး ဘေးလ်အား ခေါ်ယူလိုသလားဟု ယင်းသတင်းထောက်က ထပ်မံမေးမြန်းချိန်တွင်မူ မော်ရင်ဟိုက မိမိဖြေဆိုလိုခြင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အသက် (၃၀)နှစ်အရွယ် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ဆက်ဆံရေးအဆင်မပြေဖြစ်သူဖြစ်ပြီး အသင်းက ရောင်းထုတ်ရန် စီစဉ်နေသည်ဟု စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ဂါရတ်ဘေးလ်သည် စပါးအသင်းတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ပြီး (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၀၃)ပွဲတွင် (၅၅)ဂိုး သွင်းယူခဲ့သည်။















