အိန္ဒိယနိုင်ငံဘက်က ဒီဇင်ဘာလဆန်းအတွင်း မတ်ပဲနှင့်ပဲစင်းငုံ ဝယ်ယူမှုမရှိသောကြောင့် စျေးကွက်အတွင်း အရောင်းအဝယ်မဖြစ်

အိန္ဒိယနိုင်ငံဘက်က ဒီဇင်ဘာလဆန်းအတွင်း မတ်ပဲနှင့်ပဲစင်းငုံ ဝယ်ယူမှုမရှိသောကြောင့် စျေးကွက်အတွင်း အရောင်းအဝယ်မဖြစ်
မန္တလေး ပဲစျေးကွက်အတွင်း  အရောင်းအဝယ် ပြုလုပ်နေသူများအား တွေ့ရစဉ်
မန္တလေး ပဲစျေးကွက်အတွင်း  အရောင်းအဝယ် ပြုလုပ်နေသူများအား တွေ့ရစဉ်
Published 6 December 2019
မင်းလတ်



အိန္ဒိယနိုင်ငံဘက်မှ နိုဝင်ဘာက ဝယ်ယူမှုများခြင်းကြောင့် စျေးကောင်းပြန်ရနေပြီး ဒီဇင်ဘာ၌ ဝယ်ယူမှုမရှိခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံစျေးတို့သည် စျေးကျဆင်းနေပြီး မန္တလေးပဲစျေးကွက်တွင် အရောင်းအဝယ်မဖြစ်ဟု မန္တလေးမြို့ ပဲကုန်သည်များထံက သိရသည်။

အိန္ဒိယဘက်မှ ဒီဇင်ဘာလ လက်ရှိအချိန်ထိ အဝယ်မရှိခြင်းနှင့် သိုလှောင်ရောင်းချသူများကလည်း ဝယ်ယူရောင်းချခြင်းမရှိခြင်းကြောင့် မန္တလေးပဲစျေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံ အရောင်းအဝယ်အေးနေပြီး စျေးကျဆင်းနေသည်ဟု မန္တလေးမြို့မှ ပဲကုန်သည် ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“မန္တလေးစျေးကွက်ထဲ မတ်ပဲက အောက်တိုဘာလတုန်းက အိန္ဒိယ ဝယ်လက်စျေးကြောင့် ၈၀၀၀၀ စျေးကနေ တစ်ဟုန်ထိုးတက်သွားတာ သုံးတင်းတစ်အိတ်ကို ၁၁၁၈၀၀ စျေးအထိရှိသွားတယ်။ ပဲစင်းငုံစျေးကလည်း ၉၀၀၀၀ လောက်အထိ ဖြစ်သွားတယ်။ အခုရက်ပိုင်း ဒီဇင်ဘာမှာ အိန္ဒိယက အဝယ်ရပ်သွားတာကြောင့် မန္တလေးစျေးကွက်မှာ မတ်ပဲစျေးကျသွားတယ်။ ဘယ်လောက်ရှိသွားလဲဆိုတော့ ယနေ့ ကိုးသောင်းစျေးဆိုတော့ တစ်အိတ်နှစ်သောင်းကျော်လောက် ပြုတ်ကျသွားတယ်။ ပဲစင်းငုံစျေးလည်း ရှစ်သောင်းစျေးကနေ ခုနစ်သောင်းခွဲ စျေးပဲရှိတော့တယ်။ ပဲစင်းငုံစျေးက ၂၀၁၈ ခုနှစ်က အခြေအနေက ဆိုးဝါးခဲ့တယ်။ စပေါ်ပေါ်ချင်းကို လေးသောင်း စျေးပဲရှိတယ်။ ပြီးခဲ့တဲ့နှစ်က ဒီအချိန်မှာ ငါးသောင်းစျေးလောက်ပဲရှိတယ်။ အိန္ဒိယက ပြန်ဝယ်တာကြောင့် စျေးပြန်တက်ခဲ့ရတယ်။ မတ်ပဲစျေး ပြီးခဲ့တဲ့နှစ် ပေါ်ဦးပေါ်ဖျားက ငါးသောင်းလောက်စျေးရှိပြီး ကာလတူ အခုချိန်လောက်ကြ ခြောက်သောင်းစျေးရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အနေအထားအရဆို စျေးကောင်းရတယ်လို့ ပြောလို့ရတယ်။ ၂၀၁၉ ပဲရာသီအစမှာ ပဲစင်းငုံက ခြောက်သောင်းစျေးနဲ့ စဖွင့်ခဲ့တယ်။ မတ်ပဲစျေးက ခုနစ်သောင်းခွဲစျေး စဖွင့်ခဲ့တယ်။ ယခုလက်ရှိ စျေးပေါက်နေတော့ စျေးအရမ်းကြီး ထိခိုက်မှုမရှိဘူးလို့ ပြောလို့ရပါတယ်။ ပေါ်ကာစအချိန်စျေးနဲ့ယှဉ်ရင် ကောင်းတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

မြန်မာ့ပဲမျိုးစုံ၏ ပြည်ပစျေးကွက်မှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ နီပေါ၊ ဒူဘိုင်း၊ ဂျပန်၊ တရုတ် (တိုင်ပေ)၊ ဥရောပနိုင်ငံများရှိနေပြီး ပဲမျိုးစုံစျေးကွက်၏ အများစုကို အိန္ဒိယနိုင်ငံက ဝယ်ယူနေသည်။

အိန္ဒိယဘက်မှ အဝယ်များလျှင် စျေးကွက်ကောင်းနေပြီး အဝယ်မရှိပါက ပဲစိုက်ပျိုးမှုနှင့် ပဲစျေးကွက်ကို ထိခိုက်ခဲ့မှုရှိကြောင်း၊ ယခုလည်း ဝယ်လိုက်၊ မဝယ်လိုက်၊ စျေးကွက်ကောင်းလိုက်၊ စျေးကွက်ပျက်လိုက်နှင့် မတ် ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံပဲမျိုးများသည် စျေးကွက်ချိန်ဆ၍ တောင်သူများက စိုက်ပျိုးနေကြကြောင်း သိရသည်။

Most Read

Most Recent