လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၁၅ သန်းကျော် ခွင့်ပြုမှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံကျော် ဝင်ရောက်

လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၁၅ သန်းကျော် ခွင့်ပြုမှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံကျော် ဝင်ရောက်
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 6 December 2019
နီလာ

လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏဒေါ်လာ ၁၅ သန်းကျော် ဝင်ရောက်မြှုပ်နှံမှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ အစည်းအဝေးအမှတ်စဉ် (၁၉/ ၂၀၁၉) ကို နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းသုံးခု၊ အတည်ပြုလုပ်ငန်းသုံးခု စုစုပေါင်းခြောက်ခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်းသုံးခု၊ အတည်ပြုလုပ်ငန်းတစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းနှစ်ခု ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်းခြောက်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၅၇ ဒသမ ၂၉၀ သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့သည်။ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၁၈ ဦးကို ဖန်တီးပေးမည်ဖြစ်သည်။ ခွင့်ပြု/အတည်ပြု လုပ်ငန်းခြောက်ခုမှာ လျှပ်စစ်ကဏ္ဍမှနှစ်ခု၊ အိမ်ယာအဆောက်အအုံ ကဏ္ဍမှတစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှတစ်ခုနှင့် စက်မှုကဏ္ဍမှနှစ်ခု ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၁ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၅၃ ဒသမ ၅၇၂ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၃၇၇ ဒသမ ၄၂၆ သန်းဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉  -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ နိုဝင်ဘာ ၂၉ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၂၀၃ သန်း ဖြစ်သည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၉၂ ဒသမ ၆၂၉ သန်းဖြစ်သည်။

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊  စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍ ၁၁ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ထားခြင်းဖြစ်သည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၁၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည်  စတုတ္ထအများဆုံးဖြစ်သည်။                     

 

 

Most Read

Most Recent