အိမ်ထမင်း၊ အိမ်ဟင်း

အိမ်ထမင်း၊ အိမ်ဟင်း
Photo: sethlui.com
Photo: sethlui.com
Published 29 November 2019
ကျော်ထင်

(၁)

အိမ်ထမင်း၊ အိမ်ဟင်းကို ကျွန်တော် အကြိုက်ဆုံးပဲ။ ဒါကြောင့်လည်း အိမ်နဲ့ဝေးတဲ့ ခရီးတွေထွက်တဲ့အခါတိုင်း ဘယ်တော့မှ ဗမာထမင်းဟင်းကို ဝယ်မစားဖြစ်ခဲ့ဘူး။ မဖြစ်သာလို့  စားခဲ့ရတယ်ဆိုရင်လည်း စိတ်တိုင်းကျတယ် မရှိခဲ့ပါဘူး။ အဆာပြေလောက် အာဆွတ်လျှာဆွတ်လောက်ပဲ တို့ကနန်း ဆိတ်ကနန်း စားလိုက်တယ်။ ကိုယ့်ဘာသာကိုယ် ဆိုရင်တော့ တရုတ်ဟင်းတွေနဲ့ပဲ စားဖြစ်တာ များတယ်။ ဒါကလည်း ကြိုက်လွန်းလှတယ် ဆိုတာကြောင့် စားတာမဟုတ်ပါဘူး။ ဟင်းချက် နည်းအမျိုးအစား မတူလို့ စားလိုက်တာပါ။  ဗမာဟင်းချင်းတူရင်တော့ ဆိုင်ကရောင်းတဲ့ ဟင်းတွေက အိမ်ကချက်တဲ့ ဟင်းတွေကို မမီဘူးလေ။ သူ့တို့ဘာသာ အမယ်တွေ  ဘယ်လောက် စုံအောင်ထားထား၊ အဓိက ဟင်းကြီး အမယ်တစ်ခုရဲ့ အရသာကသာ အဓိကမို့ အဲဒီဟင်းညံ့ရင် မကောင်းဘူးလို့ပဲ ကျွန်တော်ကတော့ သတ်မှတ်ပစ်လိုက်တယ်။ တော်ရုံ ထမင်းဆိုင်ဟာ အိမ်က ဟင်းကို မမီနိုင်ပါဘူး။ ဒေသန္တရအရ ထူးခြားတဲ့ဟင်းမျိုး ရှိကောင်း ရှိနိုင်ပေမဲ့ ပုံမှန် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးနဲ့ ချဉ်ရည်ဟင်းတွေမှာတော့ အိမ်ချက်က အကောင်းဆုံးမို့ အိမ်က ဟင်းကိုပဲ ကြိုက်ပါတယ်။

နှစ်ရှည်လများ စားလာခဲ့လို့လားတော့ မသိပါဘူး။ ကျွန်တော့်လျှာက အိမ်က ဟင်းကိုပဲ မက်မက်စက်စက် ရှိခဲ့တယ်။ ဒါကို သူငယ်ချင်းတစ်ယောက်က ဆိုင်ဟင်းဆိုရင် တစ်သက်လုံး စားရစားရကွာလို့ ပြောခဲ့လို့ ပထမတော့ သူ့ကို အ့ံသြမိတယ်။ ဒါပေမဲ့ သူတို့အိမ်မှာ ထမင်းတစ်နပ် ဝင်စားမိတော့မှ ဒီကောင့် အဖြစ်ကို နားလည်သွားတယ်။ သူတို့အိမ်က ဟင်းတွေက ညံ့လွန်းလှတယ်။ ဘာလက်ရာလို့ ရေရေရာရာ ပြောလို့မရတဲ့ ဖြူဖတ်ဖြူရော် ဟင်းတွေကို ချက်ထားတယ်။ ချို၊ ငန်၊ စပ် ဆိုတာတွေကလည်း မပါသလောက်ကို လျော့နည်းလွန်းတယ်။ စားနေတုန်းက မစားတော့ဘဲ သွန်ပစ်လိုက်ချင်ပေမဲ့ အားနာလို့ ထည့်ပေးထားတဲ့ ထမင်းလေးတော့ ကုန်အောင် စားခဲ့ရတယ်။ ဆိုင်ထမင်း ဆိုင်ဟင်း မစားချင်ဘူးဆိုတဲ့ ကျွန်တော့်ကိုလည်း အိမ်မှာ ထမင်းစားဖူးပြီးမှ ဒီကောင် နားလည်သွားတာ။ မင်းတို့အမေက ဟင်းချက်ကောင်းတယ်ကွာတဲ့။

 

(၂)

စားခဲ့တဲ့ ထမင်း၊ ဟင်းတွေမှာ အမေချက်တဲ့ ထမင်းဟင်းတွေက ခပ်များများပါ။ ကျွန်တော် အိမ်ထောင်ကျတဲ့အထိ အမေချက်တာကိုပဲ စားခဲ့တယ်။ အိမ်ထောင်ကျစတွေမှာ ကျွန်တော်တို့ လင်မယားက တစ်အိမ်တည်း မနေဖြစ်ကြသေးဘူး။ တစ်ယောက် တစ်အိမ်စီ။ မိန်းမက သူ့အဖေ၊ အမေအိမ်။ ကျွန်တော်က ကျွန်တော့် ဖအေ၊ မအေ အိမ်။ ညားကာစ ဆိုတော့ သူလည်း သူ့အဖေ၊ သူ့အမေနဲ့ ခွဲရတာ ခက်နေမှာပေါ့။ ကျွန်တော်ကလည်း သူ့ဆီ သွားရတာ ၁၀ မိုင်လောက် ခရီးဆိုတော့ ညရေးညတာမှာ မလွယ်ခဲ့ဘူး။ လွမ်းမှ လာတွေ့ကြေးပဲ နေခဲ့ကြတယ်။ ကျွန်တော်က လွမ်းရင် ညမှာ သွားတယ်။ သူက လွမ်းရင် မနက်မှာ ရောက်လာတယ်။ အဲဒါကြောင့် အိမ်ထောင်ကျတဲ့ထိ အမေချက်တဲ့ ထမင်းဟင်းကိုပဲ စားဖြစ်ခဲ့တယ်။

အမေက ဟင်းချက်ကောင်းတယ်။ ကြက်သားကို ကာလသားချက်လေး ချက်ရမလား။ မဆလာနဲ့ ကုလားချက်ဆိုလည်း ရတာပဲ။ အာလူးလေး ရောရော၊ ဂေါ်ရခါးသီးပဲ ရောရော စားကောင်းခဲ့တယ်။ ဆီကျန် ရေကျန်လေးဆိုလည်း ဟင်းအရောင်က ဝင်းဝင်းလေးနဲ့မို့ စားချင့်စဖွယ်ပါ။ ချင်း၊ ကြက်သွန်ဖြူနဲ့ ရဲနေအောင် ကြော်ထားရင်လည်း အမဲကြော်နံ့လေးက မွှေးနေတာပါပဲ။ စာဖွဲ့နေကြတဲ့ လက်ပန်းပြား ကြက်ကြော်ဆိုတာ အမေ့ ကြက်ကြော်ရဲ့ နောက်နားကပါ။ တကယ်တော့ အမေတို့ ညီအစ်မတတွေက အကုန်လုံးနီးပါး ဟင်းချက်ကောင်းကြတာချည်းပါပဲ။ ဆုံးသွားတဲ့ အန်တီမြင့်တစ်ယောက်ပဲ ဟင်းချက်ညံ့တာပါတယ်။ အမေ့အောက် တစ်ယောက်ဆို ကရဝိက်ဟိုတည်မှာ စားဖိုမှူး။ အိမ်ရှေ့က အဒေါ်က ရပ်ကွက် သာရေးနာရေး အချက်အပြုတ်တွေမှာ သူမပါရင် မပြီးဘူး။ ဒါပေမဲ့ အမေက ပိုပြီး ဟင်းချက်ကောင်းခဲ့တယ်။ အဒေါ်တွေ ချက်ထားပြုတ်ထား တာတွေကိုလည်း ဝေဖန်သုံးသပ်နိုင်လောက်အောင် လျှာအရသာခံနိုင်စွမ်းအား ကောင်းခဲ့တယ်။ အဲဒီအမေမျိုးရဲ့ ထမင်းဟင်းနဲ့ ကြီးလာတဲ့ ကျွန်တော် အခုတော့ အမေဆုံးတာ တစ်နှစ်ကျော်ပါပြီ။

 

(၃)

မဆုံးခင်ကတော့ အမေနဲ့  မိန်းမ တိုင်တိုင်ပင်ပင် ချက်ခဲ့ကြပါသေးတယ်။ ကျွန်တော့်မိန်းမ စျေးသွားနေရင် အမေက ငရုတ်သီး၊ ကြက်သွန် သင်တန်သင်၊ ထောင်းတန် ထောင်းနဲ့၊ စျေးပြန်လာတော့ အသင့်ချက်ပေါ့။ ကံကောင်းတာက ကျွန်တော့်မိန်းမကလည်း ဟင်းချက်ကောင်းနေတယ်။ တကယ်တော့ အိမ်က မီးဖိုချောင်ကို ဟင်းချက်ကောင်းတဲ့ သူဆီက ဟင်းကောင်းချက်နိုင်တဲ့သူက အာဏာသိမ်းလိုက်တာဖြစ်လို့ ကျွန်တော့်အတွက်တော့ ဟင်းလျာအရသာတွေက ကစဉ့်ကလျား ဖြစ်မသွားခဲ့ဘူး။ အထူးသဖြင့် ထမင်းနဲ့ ဟင်းတိုင်းမှာ ချစ်ခြင်းမေတ္တာတွေ စီးဝင်နေ တယ်။ အနံ့အရသာထဲမှာ စေတနာသုံးတန် ခပ်ထည့်ထားတယ်။ ပုဗ္ဗ၊ မုဥ္စ၊ ပရတွေက ဟင်းခတ် အမွှေးအကြိုင်တွေထက် နှစ်လေးသာခဲ့တယ်။ အမေ့တုန်းက ငါ့သားတွေ စားကောင်းပါစေဆိုတဲ့ မအေတစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာနဲ့ စေတနာတွေ။ မိန်းမကျတော့ ယောကျ်ားအပေါ် ပွားတဲ့  ဇနီးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ စေတနာတွေ။ ဒီတော့လည်း အိမ်ထမင်း၊ အိမ်ဟင်းတွေဟာ ရုပ်နဲ့ နာမ် အင်္ဂါနှစ်ပါးစလုံးကို အဟာရဖြစ်စေခဲ့တာပေါ့။

မနက်မိုးလင်းလို့ စျေးဝယ်မယ်ဆိုကတည်းက မိသားစုဝင်တွေအပေါ် အလေးဂရုပြုကြတာ အသိသာကြီးပါ။ လင်ကို တစ်မျိုး၊ သားကို တစ်သွယ်နဲ့ ဘယ်သူ့ကိုမှ ပစ်ပယ်မထားဘဲ ယောကျ်ားက ဘာကြိုက်တာ၊ သားက ဘာစားချင်တာ ဆိုတာတွေရဲ့ကြားမှာ မျှတအောင် ချက်တတ်တယ်ဆိုတဲ့ စိတ်ကူးက နည်းတဲ့စိတ်လား။ ဒါကို အ့ံသြမကုန်၊ ချီးကျူး မခန်းဖြစ်တဲ့စိတ်နဲ့ ဂုဏ်ယူရမှာပါပဲလေ။ ဒီလို ဂုဏ်ယူစရာကောင်းတဲ့ ဟင်းတွေကို ပစ်ပယ်ပြီး ဆိုင်ထမင်း၊ ဆိုင်ဟင်းတွေကို တွယ်တာနေရမှာလား။ ဆိုင်ထမင်း ဆိုင်ဟင်းတွေက အသပြာအခြေခံနဲ့ ဧည့်များများ ရောင်းရရေးကိုသာ ဦးတည်ထားတာလေ။ စေတနာပါတယ်ဆို ဦးတောင် အဲဒီစေတနာက ပုဗ္ဗ၊ မုဥ္စ၊ ပရတွေမှ မဟုတ်တာပဲ။ သူ့အလဲအလှယ်က အသပြာ။ ချစ်ခြင်းမေတ္တာတွေက ဗလာလေ။

 

(၄)

မိန်းမချက်တဲ့ ထမင်းဟင်းကို စားခဲ့တာ ခုဆို ၁၀ နှစ်ပြည့်တော့မယ်။ သူက မနက်မိုးလင်းရင် ဘာချက်ရမလဲလို့ ညခင်းကတည်းက စဉ်းစားတတ်တယ်။ အိပ်ရာဝင် မိသားစုဆုံချိန်တွေမှာ “တော်၊ ဘာဟင်းစားချင်လဲ” တဲ့။ တစ်ခါတလေ ဒီနေ့မနက်ကတည်းက ဝယ်ထားတဲ့ အသားငါးကို မနက်ဖြန်မနက်မှာ ဘယ်လိုချက်ပေးရမလဲ မေးတတ်တယ်။ ကြက်သား ဝယ်ထားတယ်ဆိုရင် ကျွန်တော်က “ ရဲရဲလေးကြော်ကွာ” ပြောတော့။ သားက ပျော့ပျော့လေး မေမေတဲ့။ ကာလသားချက်လေး ချက်ပါလားပြောရင် သားက အာလူးလေးနဲ့ စားချင်တယ်တဲ့။ ရံဖန်ရံခါ သားက ငါးပိချက် စားချင်ရင်၊ ကျွန်တော်က ငါးဆီ ပြန်ချက် ဖြစ်နေပြန်တယ်။ ဒီလိုအခါမျိုးမှာ မတူညီတဲ့ဟင်းနှစ်မျိုးကို ဘယ်လိုချက်ပြုတ် ပြင်ဆင်ပေးမလဲ။ ကွဲပြားနေတဲ့ စိတ်နှစ်စိတ်ကို ဘာနဲ့ တေ့ဆက်မလဲ။ တကယ်တော့ ချစ်ခြင်းမေတ္တာတရား အခြေခံနဲ့ စေတနာ သုံးတန်ကိုပြဋ္ဌာန်းပြီး ချက်ရမှာပဲလေ။ ယောကျ်ားလည်း သဘောတွေ့စေ။ သားလည်း စားကောင်းစေပေါ့။ အဲဒီအချက်က အိမ်ထမင်း၊ အိမ်ဟင်းတွေနဲ့ ဆိုင်ထမင်း၊ ဆိုင်ဟင်းတွေရဲ့ ကွာခြားချက်ပေါ့။

ဆိုင်တွေမှာဆိုရင်တော့ ဟင်းမျိုးစုံကို အိုးတွေ၊ ခွက်တွေထဲကနေ ကြိုက်တာမှာ အဆင်ပြေတာ စား။ အဲဒီလို ခင်းကျင်းထားတာပေါ့။ အိမ်ထမင်း၊ အိမ်ဟင်းမှာတော့ အဲဒီလို မဟုတ်ဘူးလေ။ ဘာစားချင်သလဲဆိုတာ ပဲဖြစ်ဖြစ်၊ ဘာလေးဆို စားကောင်းမှာပဲ ဆိုတာပဲဖြစ်ဖြစ် တစ်ဦးစိတ်ကို တစ်ဦးက ဖတ်ပြီး တစ်ဦးအကြိုက်ကို တစ်ဦးက လိုက်ပြီး စီမံထားတတ်တာ။ ဟင်းအမယ်က နည်းပေမဲ့ ချစ်ခြင်းမေတ္တာတွေက ဝေကို ကျရတယ်။ ဟင်းတစ်မယ်ကောင်းမှာ စေတနာ သုံးတန်က အရန်ခွက်တွေလို စီလို့။ မျက်နှာ နွမ်းနွမ်းနဲ့ စားနေတာမြင်ရင် “ စားမကောင်းဘူးလား” ဆိုတဲ့ မေးခွန်းမှာ စိုးရိမ်စိတ်တွေက ရေကြီး ရေလျှံ ဖြစ်ရောပဲ။

 

(၅)

တကယ်တော့ စျေးထဲမှာ စျေးဝယ်တာက စလို့ မီးဖိုထဲမှာ ချက်ပြုတ်တာ အလယ်၊ ထမင်းစားပွဲမှာ ထမင်းစားတာ အဆုံး၊ ယောကျ်ားအကြိုက်ကို ရှာလို့၊ သားအကြိုက်ကို ရွေးခဲ့တယ်။ ဝယ်ခြမ်းပြီး ခြင်းထဲထည့် ပြန်လာတာက အစ၊ ချက်ပြုတ်တာ အလယ်၊ စားကြတာ အဆုံး ကျွန်တော်တို့ သားအဖတွေအတွက် ခံတွင်း မပျက်စေတဲ့ အသီးနဲ့အရွက်။ ခံတွင်းသွက်စေတဲ့ အသားနဲ့ ငါးတွေ ချက်ခဲ့တယ်။ ဒါတွေဟာ စေတနာအရင်းခံနဲ့ ချစ်ခြင်းမေတ္တာတွေ ခြံရံလို့ စိတ်ရှည်သည်းခံခြင်းနဲ့အတူ ဖြစ်ပေါ်လာတာ မဟုတ်လား။ အဲဒီလို အစပ်အဟပ်နဲ့ အိမ်ထမင်း၊ အိမ်ဟင်းကို လမ်းဘေး ကျပန်းဟင်းတွေနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်ကြည့်ရက်မှာလဲ။ အသပြာပေးပြီး စားရတဲ့ တစ်ထွေးကြီးထက် စေတနာအလေးပေးပြီး စားရတဲ့ ထမင်းတစ်လုတ်၊ ဟင်းတစ်ဆုပ်က ပိုပြီး အရသာရှိပါတယ်။ ထမင်းဆိုင်ဝင်ပြီး ကောင်းနိုးရာရာ ဟိုဟင်းဒီဟင်း ရွေးရတာထက် အိမ်ပြန်ရင် ဘာဟင်းတွေနဲ့ ကျွေးမှာလဲလို့ တွေးကြည့်ရတာက ပိုပြီး ရင်ခုန်စရာ ကောင်းပါတယ်။ တကယ်လို့ လမ်းဘေးမှာ မဖြစ်မနေ ဆိုင်ထမင်းဆိုင်ဟင်းကို ဝယ်စားလိုက်ရတယ်ဆိုရင်တောင် အိမ်က ထမင်းနဲ့ ဟင်းရဲ့ ကောင်းကွက်တွေကို ကျော်ပြီး ကောင်းပါတယ်လို့ မြင်မိမယ် မထင်ဘူးလေ။ တကယ်လို့ပါ။