မြန်မာပါဝင်သည့် မဲခေါင်ဒေသ ငါးနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား ပထမအကြိမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ MoU ရေးထိုး

မြန်မာပါဝင်သည့် မဲခေါင်ဒေသ ငါးနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား ပထမအကြိမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ MoU ရေးထိုး
 မဲခေါင်-ကိုရီးယား စီးပွားရေးကောင်စီ စတင်ဖွဲ့စည်းခြင်းဆိုင်ရာ MoU ရေးထိုးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
မဲခေါင်-ကိုရီးယား စီးပွားရေးကောင်စီ စတင်ဖွဲ့စည်းခြင်းဆိုင်ရာ MoU ရေးထိုးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 28 November 2019
နီလာ

မြန်မာနိုင်ငံပါဝင်သည့် မဲခေါင်ဒေသ ငါးနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ပထမအကြိမ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ MoU ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

မဲခေါင်-ကိုရီးယားစီးပွားရေးကောင်စီ စတင်ဖွဲ့စည်းခြင်းအတွက် နားလည်မှုစာချွန်လွှာကို နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ BEXCO Exhibition Centre – 1 တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာကို ကိုရီးယားသမ္မတနိုင်ငံမှ Korea International Trade Association (KITA) နှင့် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်သည်စက်မှုအသင်းများ ပူးပေါင်းရေးထိုးခဲ့ကြပြီး ကုန်သည်စက်မှုအသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တက်ရောက်ပါဝင်ခဲ့သည်။

ယင်းနားလည်မှုစာချွန်လွှာကို မဲခေါင် -ကိုရီးယား ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်၍ မဲခေါင်ဒေသငါးနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ပထမအကြိမ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ရေးထိုးခဲ့ခြင်းဖြစ်သည်။ MoU ရေးထိုးပွဲသို့ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ တောင်ပိုင်းမူဝါဒသစ်သမ္မတ Korea- South & Southeast Asia Business Coalition မှ အဖွဲ့ဝင်များ၊ KITA မှ ဥက္ကဋ္ဌနှင့် စီအီးအိုတို့ တက်ရောက်ခဲ့ကြပြီး MoU ရေးထိုးခဲ့သည့် မဲခေါင်ဒေသငါးနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် ကုန်သည်စက်မှုအသင်းများမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Westin Chosun ဟိုတယ်၌ သမ္မတမစ္စတာမွန်းဂျေအင်းနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သမ္မတမစ္စတာမွန်းဂျေအင်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူညီခဲ့သောကိစ္စရပ်များ အကောင်အအထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုပိုမိုတိုးတက် ခိုင်မာစေရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယား EPS စနစ်ဖြင့် မြန်မာအလုပ်သမားများ ပိုမိုတိုးမြှင့်ခေါ်ယူရေး၊ ကိုရီးယားယဉ်ကျေးမှုကို စိတ်ဝင်စားသူ မြန်မာလူငယ်များအား K- Wave Academy မှ ကူညီပံ့ပိုးပေးရေးနှင့် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်အတွင်း ငါးလုပ်ငန်းကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ကိုရီးယား နှစ်နိုင်ငံနားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ကိုရီးယားသမ္မတနိုင်ငံ ပင်လယ်သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Mr. Moon Seong Hyeok တို့က “ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ” ကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ကိုရီးယားသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး Mrs. YooEun Hea တို့က “အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” ကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ကိုရီးယားသမ္မတနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး Mr. Cho Myung- Rae တို့က “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ” ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent