ဆေးခြောက်နွယ်ဝင်လျှော်ပင် (Industrial Hemp) ကို စိုက်ပျိုးနိုင်ရန်အတွက် မူးယစ်ဆေးဝါးဥပဒေအား အမြန်ဆုံးပြင်ဆင်နိုင်ရန် ကြိုးစားနေကြောင်း ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ပြောကြား

ဆေးခြောက်နွယ်ဝင်လျှော်ပင် (Industrial Hemp) ကို စိုက်ပျိုးနိုင်ရန်အတွက် မူးယစ်ဆေးဝါးဥပဒေအား အမြန်ဆုံးပြင်ဆင်နိုင်ရန် ကြိုးစားနေကြောင်း ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 27 November 2019
အောင်မင်းသိန်း

ဆေးခြောက်နွယ်ဝင် လျှော်ပင်တစ်မျိုးဖြစ်သည့် စက်မှုလျှော်ပင် (Industrial Hemp) ကို စိုက်ပျိုးနိုင်ရန်အတွက် လက်ရှိ မူးယစ်ဆေးဝါးဥပဒေကို အမြန်ဆုံးပြင်ဆင်နိုင်ရန် ကြိုးစားနေကြောင်း ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်းက ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ် ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံ၌ Industrial Hemp စိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Industrial Hemp က ကျွန်တော်တို့ ဒီနေ့မနက်ပဲ ကျန်းမာရေးဝန်ကြီးနဲ့ အားကစားဝန်ကြီးနဲ့ တွေ့ပြီးတော့မှ မူးယစ်ဆေးဝါး ဥပဒေကို ပြင်ဆင်ဖို့အတွက် Industrial Hemp ကို ဘာဖြစ်လို့လဲဆိုတော့ Hemp က ဆေးခြောက်အနွယ်ဝင်ပဲ ဖြစ်ပါတယ်။ ဆေးခြောက်အမျိုးအနွယ်ထဲမှာ ပါတဲ့အပင်၊ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ မူးယစ်ဆေးဝါး ဥပဒေအရဆိုလို့ရှိရင် ဆေးခြောက်ပင်ထဲမှာ ပါပါတယ်။ နိုင်ငံခြားတွေမှာကကျတော့ ဆေးခြောက်ထဲမှာပါတဲ့ မူးယစ်ဆေးဝါး THC လို့ခေါ်တဲ့ဟာ ရှိပါတယ်။ အဲဒီ THC က ဒသမ သုံးရာခိုင်နှုန်းထက် နည်းလို့ရှိရင် မူးယစ်စေတဲ့ စွမ်းအင်မရှိပါဘူး။ အဲဒီလို မူးယစ်ဆေးတဲ့ စွမ်းအင်မရှိတဲ့အတွက် ဒဿမ သုံးရာခိုင်နှုန်း THC ပါဝင်မှုနှုန်းထက်နည်းတဲ့ ဆေးခြောက်ပင်များကို Industrial Hemp လို့ သီးခြားခွဲထုတ် လိုက်ပါတယ်” ဟု ဦးရန်လင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အထက်ပါကဲ့သို့ မခွဲထုတ်ရသေးဘဲ ပြည်ထဲရေးဝန်ကြီးဌာနတွင်လည်း ဆေးခြောက်ပင်များတွင် ပါဝင်သည့် THC ပမာဏကို စမ်းသပ်ရန်၊ စစ်ဆေးရန်အတွက် အလွယ်တကူသုံးနိုင်သည့် ပစ္စည်းများ လိုအပ်နေသေးကြောင်း၊ ဆေးခြောက်ပင်များ သယ်ဆောင်လာပါက မည်သည်က Hemp၊ မည်သည်က ဆေးခြောက်အဖြစ် မခွဲခြားနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ ဆေးခြောက်ပင်တွေ သယ်လာတယ်။ ဘယ်ဟာက Hemp၊ ဘယ်ဟာကဆေးခြောက် အဖြစ် မခွဲခြားနိုင်သေးပါဘူး။ အဲဒါကြောင့်မလို့ ကျွန်တော်တို့ ဒါလေးကို မကြာခင်မှာ ဥပဒေပူးပေါင်းနဲ့ ပေါင်းပြီးတော့မှ ဒါကို ဥပဒေအရ ပထမဆုံး ဆေးခြောက်ပင်ထဲက ဒီအပင်ကို တရားဝင်ဖြစ်အောင် ခွဲထုတ်ဖို့ လုပ်နေပါတယ်။ အဲဒါပြီးလို့ရှိရင် စိုက်တဲ့အခါမှာ သီးနှံပင်တွေလို စိုက်လို့မရပါဘူး။ ပထမဆုံး စိုက်မယ့်လူ၊ စိုက်မယ့် မြေဧက အကျယ်အဝန်းကို သက်ဆိုင်ရာစိုက်ပျိုးရေးဌာနကို သွားပြီး မှတ်ပုံတင်ရပါမယ်။ စိုက်တဲ့အခါမှာလည်း အစိုးရက အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီက မျိုးစေ့ကိုပဲဝယ်ရပါမယ်။ နောက်တစ်ခါ အဲဒီသီးနှံစိုက်ခင်းကိုလည်း အစိုးရအနေနဲ့ အချိန်မရွေးဝင်ပြီး စစ်ခွင့်ရှိပါတယ်။ ထွက်လာတဲ့ ကုန်ချောကိုလည်းပဲ FDAက ဒီအထဲမှာ THC ပါဝင်မှု ဘယ်လောက်ပါလဲဆိုတာကိုလည်း စမ်းသပ်တာမျိုးပြီးမှ ရောင်းချလို့ရပါတယ်။  ရောင်းချရတဲ့ အမြတ်ကတော့ အများကြီးရှိပါတယ်။ အကျိုးလည်းရှိမှာပါ တောင်သူတွေအတွက်” ဟု ဦးရန်လင်းက ပြောကြားသည်။

စက်မှုလျှော်ပင် (Industrial Hemp) သည် သက်တမ်း လေးလသာ စောင့်ဆိုင်းရပြီး အိမ်နံရံ၊ မော်တော်ကား ဒက်ရှ်ဘုတ်၊ စက္ကူ စသည့် ပစ္စည်းအမျိုးအစားပေါင်း ငါးသောင်းခန့် ထုတ်လုပ်လို့ရပြီး မကြာခင် အချိန်တွင် အမေရိကန်ဒေါ်လာကို Hemp က ရသည့်စက္ကူနှင့် ထုတ်မည်ဟု ကြားနေကြောင်း ဦးရန်လင်းက ပြောကြားသည်။

“ Hemp က လျှော်ဆို နှစ်မျိုး ထွက်ပါတယ်။ တစ်မျိုးသည် အလွယ်တကူ ကျေပျက်သွားနိုင်တဲ့အတွက် ပလပ်စတစ်နေရာမှာ အစားထိုးဖို့ အသုံးတည့်ပါတယ်။ နောက်တစ်မျိုးက အင်မတန်မှ ခိုင်ခံ့တဲ့အတွက် အိတ်တွေ၊ ဂျင်းအကျႌတွေ ထုတ်နေပါပြီ။ အဲဒီတော ဝင်ငွေလည်း အင်မတန်ကောင်းပါတယ်။ ရေလည်းအများကြီး မလိုဘူး။ မြေသြဇာ၊ ပိုးသတ်ဆေးတွေလည်း အများကြီးမလိုဘူး။ အဲဒီတော့ တောင်သူတွေ အလွယ်တကူစိုက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အခုအခါမှာ အိမ်နီးနားချင်း ထိုင်းတို့၊ မလေးရှားတို့မှာ စပြီး စိုက်နေပါပြီ။ ကျွန်တော်တို့ အလျင်အမြန် ဒီဥပဒေကို လုပ်ပြီးတော့မှ စိုက်နိုင်အောင် ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ်။ အခုဥပဒေကို ကျွန်တော်တို့ အရင်ဆုံး၊ အလျင်မြန်ဆုံးနှုန်းနဲ့  ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်” ဟု ဦးရန်လင်းက ပြောကြားသည်။

ထို့ပြင်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေတွင် ဆေးခြောက်ပင်ဆိုပါက မူးယစ်အပင်အဖြစ် ပြဋ္ဌာန်းထားကြောင်း ဦးရန်လင်းက ဆက်လက်ပြောကြားသည်။

“ ကျွန်တော်တို့က ဘာဆွဲထုတ်ရမလဲ ဆိုလို့ရှိရင် THC ပါဝင်မှု ဒဿမ သုံးရာခိုင်နှုန်းထက် နည်းသော ဆေးခြောက်ပင်များကို Industrial Hemp လို့ သတ်မှတ်ပြီးတော့  စိုက်ပျိုးခွင့်ပြုသည်ဆိုတဲ့ ဟာမျိုးလေး ခွဲထုတ်ပြီးမှ ရပါမယ်။ အဲဒါကြောင့် မူးယစ်ဆေးဝါးဥပဒေကို ကျွန်တော်တို့ အရင်ဆုံး ပြင်ရဖို့ရှိပါတယ်” ဟု ဦးရန်လင်းက ပြောကြားသည်။       

 

Most Read

Most Recent