သတင်းသမားတွေက အလှူခံပုဂ္ဂိုလ်တွေလား၊ မီဒီယာတွေက အလှူခံအဖွဲ့အစည်းတွေလား . . .

သတင်းသမားတွေက အလှူခံပုဂ္ဂိုလ်တွေလား၊ မီဒီယာတွေက အလှူခံအဖွဲ့အစည်းတွေလား . . .
Published 27 November 2019
ဇော်မင်းနိုင်

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းကတော့ အရပ်ဘက်အဖွဲ့အစည်း၊ မီဒီယာနှင့် ဒေသခံလူမှုအသိုက်အဝန်းများ ပိုမိုအားကောင်းလာစေရေးအတွက် ဒေါ်လာ ၇၂ သန်းတန် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အစီအစဉ်များ စတင်ခြင်းဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက ဆက်လက်ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးကူညီနိုင်ရန်အတွက် ငါးနှစ်တာ ဖော်ဆောင်မည့် စုစုပေါင်းရန်ပုံငွေ ဒေါ်လာ ၇၂ သန်းနီးပါး (မြန်မာကျပ်ငွေ ၁၀၈ ဘီလျံ) နီးပါးတန် စီမံကိန်းအသစ်နှစ်ခုအတွက် အေဂျင်စီက ရန်ပုံငွေ ထောက်ပံ့ပေးမယ်ဆိုတဲ့အကြောင်းနဲ့ ဒီအစီအစဉ်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့  မီဒီယာတွေ ပိုအားကောင်းလာစေဖို့ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စီမံကိန်း နှစ်ခုရဲ့ အမည်ကတော့ အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း (၂) နဲ့ နောက်တစ်ခုကတော့ လူမှုအသိုက်အဝန်း ခိုင်မာအားကောင်းလာစေရေး စီမံကိန်းတို့ပဲ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း (၂) မှာဆိုရင် ပြည်တွင်းမီဒီယာများအတွက် ဒီစီမံကိန်းက ငါးနှစ်တာကာလအတွင်း ဒေါ်လာ ၂၅ သန်းအထိ အကူအညီပေးတာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းဆိုတာကလည်း လွန်ခဲ့တဲ့လေးနှစ်က စတင်ခဲ့တဲ့ စီမံကိန်းရဲ့ နောက်ဆက်တွဲ စီမံကိန်းတစ်ခုပဲ ဖြစ်ပါတယ်။

စီမံကိန်း နောက်တစ်ခုဖြစ်တဲ့ လူမှုအသိုက်အဝန်း ခိုင်မာအားကောင်းစေရေးစီမံကိန်းအတွက်ကတော့ ငါးနှစ်တာကာလအတွင်း  ဒေါ်လာ ၄၆ ဒသမ ၄ သန်းတန်ပါတယ်။

အဲဒီစီမံကိန်းကြီး နှစ်ခုလုပ်ကိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်မယ့် အရပ်ဘက်အဖွဲ့အ စည်းတွေ၊ မီဒီယာတွေကိုခေါ်ယူတာပဲဖြစ်ပါတယ်။

အမေရိကန်အစိုးရကထောက်ပံ့မယ့် ဒေါ်လာ ၂၅ သန်းတန် စီမံကိန်းအတွက် ပြည်တွင်းလူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို ခေါ်ယူတဲ့အခါမှာတော့ ရွေးချယ်ခံရ တဲ့အဖွဲ့တွေကတော့ Democracy For Ethic Minorities Organization (DEMO) ၊  Mon News Agency ၊ Myanmar Now(MN) နှင့် Than Lwin Khet News Agency တို့ ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

DEMO အဖွဲ့ကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ လူထုပညာရေး၊ စည်းရုံးလှုံ့ဆော်ရေး၊ မီဒီယာနှင့်သတင်းစာပညာတို့မှာ တက်ကြွလှုပ်ရှားသူများအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ အဓိကအနေနဲ့ တိုင်းရင်းသားဒေသတွေကို အခြေပြုပြီးလုပ်ကိုင်ပါတယ်။

မွန်သတင်းအေဂျင်စီ (MNA) ကတော့  မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသက သတင်းတွေကို အထူးပြုရေးသားပြီးတော့ အွန်လိုင်းမှာလည်း ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်တဲ့သတင်းတွေကိုရေးသားဖော်ပြပါတယ်။

Myanmar Now (MN) သတင်းဌာနကိုတော့၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး စုံစမ်းထောက်လှမ်းခြင်း သတင်းများနဲ့လူမှုရေး၊ နိုင်ငံရေးစတဲ့သတင်းတွေကို ရေးသားဖော်ပြပါတယ်။ အဲဒီအပြင် ရုပ်သံသတင်းများကို လည်း တင်ဆက်ပါတယ်။

သံလွင်ခက် သတင်းဌာနကိုတော့ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ ကချင်၊ ကရင်၊ ရှမ်းနဲ့ မွန်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားက လူမှုအသိုက်အဝန်းစတာတွေကို ရေးသား ဖော်ပြပါတယ်။

ခရိုနီအကြောင်းတွေ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအကြောင်း၊ တရုတ်စီးပွားရေး လုပ်ငန်းတွေအကြောင်း အများဆုံး ဖော်ထုတ်ရေးသားပြီး အစိုးရနဲ့ ဆက်စပ် ခရိုနီတွေအကြောင်း၊  အစိုးရအဖွဲ့ဝင်တွေအကြောင်း၊ အထူးသဖြင့်သတင်းမီဒီယာအများစု ဝေဖန်ရေးသားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အကြောင်းကိုတော့ လုံး၀ ရေးသားခြင်း မရှိသလောက်ပါပဲ။ အစိုးရအဖွဲ့တွေနဲ့ ပတ်သက်တဲ့ သတင်းထဲက အဂတိလိုက်စားမှု ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ . . .

အဲဒီ သတင်းဌာန သုံးခုအနက်မှာတော့ Myanmar Now သတင်းဌာနဆိုတာ ယခင်က Thomson Reuters ရဲ့ ထောက်ပံ့မှုနဲ့ သတင်းရေးသားခြင်းများကို စတင်ဆောင်ရွက်ခဲ့တဲ့ သတင်းဌာနတစ်ခုဖြစ်ပါတယ်။

အရင်တုန်းကတော့ သူတို့ထုတ်လုပ်တဲ့ သတင်းတွေကို ပြည်တွင်းမီဒီယာတွေအနေနဲ့ ပြန်လည်ဖော်ပြမယ်ဆိုရင် အခကြေးငွေမယူဘဲ ဖော်ပြခွင့်ပေးခဲ့ပေမယ့် ထောက်ပံ့မှုတွေ ရပ်ဆိုင်းခံရတဲ့အချိန်မှာတော့ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်အတွက် အခကြေးငွေ စတင်ကောက်ခံခဲ့ပါတယ်။

Myanmar Now ဟာ Investigative reporting တွေ လုပ်ဆောင်တဲ့နေရာမှာ မြန်မာ့တပ်မတော်နဲ့ ဆက်စပ်တဲ့အကြောင်း၊ ခရိုနီအကြောင်းတွေ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်းတွေအကြောင်း အများဆုံးဖော်ထုတ်ရေးသားပြီး အစိုးရနဲ့ ဆက်စပ်ခရိုနီတွေအ ကြောင်း၊ အစိုးရအဖွဲ့ဝင်တွေအကြောင်း၊ အထူးသဖြင့် သတင်းမီဒီယာ အများစုဝေဖန် ရေးသားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအကြောင်းကိုတော့ လုံးဝ ရေးသားခြင်းမရှိသလောက်ပါပဲ။

အစိုးရအဖွဲ့တွေနဲ့ ပတ်သက်တဲ့သတင်းထဲက အဂတိလိုက်စားမှုဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်အကြောင်းဆိုရင် သတင်း ရေးသားမှု အနည်းငယ်သာရှိခဲ့တာကို တွေ့ရှိရပါတယ်။ ဒေါက်တာဒေါ်လဲ့လဲ့မော်ရဲ့အကြောင်းဆိုရင် အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရခြင်းမဖြစ်မီကတည်းက ပြည်တွင်းမီဒီယာ အများစုမှာ ရေးသားဖော်ပြခဲ့တာတွေရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းခရီးစဉ်ကို သွားရောက်တဲ့အချိန်မှာ ဒေသခံတွေက ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့အပြီးမှာတော့ အဲဒီဒေသရဲ့ အကြောင်းတွေကို ပြည်တွင်း မီဒီယာတွေမှာ အဆက်မပြတ် ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ Investigative reporting တွေ  ရေးသားထုတ်လုပ်နေတဲ့ ဒေါ်လာ ၂၅ သန်းတန် စီမံကိန်းမှာ ပါဝင်နေတဲ့ Myanmar Now သတင်းဌာနအနေနဲ့ တနင်္သာရီတိုင်း အစိုးရအဖွဲ့အကြောင်း Investigative reporting ရေးသားခဲ့ခြင်း မရှိသလောက် ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါ့အပြင် Myanmar Now ဟာ မွတ်ဆလင်နိုင်ငံများအကြောင်း OIC နဲ့ အနောက် အုပ်စု အထောက်အပံ့ခံအဖွဲ့အစည်းတွေ ရခိုင်အရေးမှာ ဘယ်လိုပတ်သက်တယ်ဆိုတာလည်း ရေးသားတာ မတွေ့ရဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာတော့ Myanmar Now သတင်းဌာနက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။

အဲဒါကတော့သတင်းဌာနအနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အလှူခံတဲ့ အစီအစဉ် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဆီက ငါးနှစ်တာကာလအတွင်း ဒေါ်လာ၂၅သန်း အထောက်အပံ့ရရှိမယ့်မီဒီယာတခုအနေနဲ့ ငွေကြေးမလုံလောက်လို့ ပြည်သူလူထုဆီက အလှူငွေကောက်ခံမယ်လို့ ကြေညာခြင်းဟာလည်း အံ့သြစရာဖြစ်ခဲ့ပါတယ်။

■ မေးခွန်းထုတ်ရမယ့် အလှူခံအစီအစဉ်

Myanmar Now သတင်းဌာနက အဲဒီလို အလှူခံမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မီဒီယာလောကမှာ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာလည်း မီဒီယာလုပ်ငန်းကျရှုံးနေတဲ့အချိန်မှာ Myanmar Now ရဲ့ အစီအစဉ်ကို တဖက်ကထောက်ခံမှုတွေ ရှိသလို ဝေဖန်မှုအများ အပြားနဲ့လည်း ကြုံတွေ့နေရပါတယ်။

ပြည်တွင်းမီဒီယာလောကမှာ ၁၅ နှစ် ကျော်နီးပါးရပ်တည်နေတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Drive မဂ္ဂဇင်းရဲ့ စီမံခန့်ခွဲမှု အယ်ဒီတာ ကိုကျော်ကျော်မင်းက ယခင်ထောက်ပံ့မှုတွေရနေတဲ့အချိန်မှာလည်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရမယ်လို့ သူက သုံးသပ် ပြောပါတယ်။

“ဒီ မီဒီယာ ပလက်ဖောင်းကို ဘယ်သူတွေ ထောင်ခဲ့တယ်။ ရန်ပုံငွေဘယ်လောက်နဲ့ ထောင်ခဲ့တယ်။ သူများသတင်းအေဂျင်စီတွေ ရုန်းကန်နေချိန်မှာ ဒီအေဂျင်စီကနေ သတင်းတွေကို အလကားပေးတဲ့ အထိပေါ့။ အဲဒီ Fund တွေ ဘယ်လိုကုန်သွားလဲဆိုတာမျိုး စာရင်းအင်းတွေရော ထုတ်ပြန်ဖို့ တာဝန်မရှိဘူးလား” လို့ ကိုကျော်ကျော်မင်းက ပြောပါတယ်။

ကိုကျော်ကျော်မင်းဆိုတာက Voice သတင်းဂျာနယ်မှာ သတင်းထောက်ချုပ်အ ဖြစ်လုပ်ကိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပြီးတော့ ပြည်တွင်းမီဒီယာတွေမှာလည်း စီးပွားရေး သတင်း ဆောင်းပါးပေါင်းများစွာ ရေးသားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Myanmar Now သတင်းဌာနရဲ့ ထုတ်ပြန်ချက်အပေါ်မှာလည်း သူက အခုလိုသုံးသပ်ပါတယ်။

“ ရပ်တည်ဖို့အတွက် ခက်ခဲလို့ အလှူခံတယ်ဆိုတာနဲ့ ပတ်သက်ရင်ပထမအချက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကြောင့် မီဒီယာတိုင်းဟာ ရှင်သန်ဖို့ ခက်ခဲလာတယ်။ ဒီမီဒီယာမှ မဟုတ်ဘူး။ မီဒီယာတိုင်းပဲ။ ဒီမီဒီယာတစ်ခုတည်းမှ  ကြော်ငြာနည်းလာတယ် ဆိုတာထက် နိုင်ငံရဲ့ စီးပွားရေးရေစီးကြောင်း ကြောင့်ကို အပြောင်းအလဲဖြစ်လာတဲ့ အခက်အခဲတစ်ခုပါ။ အဲဒီလိုအခြေအနေမှာ မီဒီယာကြီးတွေတောင် ယိမ်းယိုင်နေကြတာဆိုတော့။ အကြံကုန် ဂဠုန်ဆားချက်တယ်လို့ပဲ ပြောရမှာပေါ့။ နောက်သုံးစွဲတဲ့ စကားလုံးပိုင်းကိုပြောရင်တော့ အလှူခံပြီဆိုမှတော့ စကားလုံးလှလှလေးတွေသုံးမှပဲ အလှူခံလို့ရမှာကိုး။ တောင်းစားတဲ့သူက တောင်းစားတဲ့သူအလျောက်၊ အလှူခံစားတဲ့သူက အလှူခံစားတဲ့သူ အလျောက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်တော့ စကားလုံးတွေကတော့ သုံးရတာပဲလေ။ ခုပဲ နတ်ပြည်ရောက်သွားတော့ မလိုပြောမှ လှူတဲ့သူကလည်း လှူချင်မှာကိုး။ မီဒီယာတိုင်းကတော့ သူ့ထောင့်နဲ့သူတတ်စွမ်းသမျှ လုပ်နေကြတာချည်းပါပဲ။ ရပ်တည်နိုင်အောင် ကြိုးစားတယ်ဆိုရာမှာဘယ်နည်း လမ်းမှ မရှိတော့လို့ ဒီနည်းလမ်းကို သုံးတာလို့ မြင်ပေးရမယ်ထင်တယ်” လို့ ကိုကျော်ကျော်မင်းက ပြောပါတယ်။

ပြည်ပ ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနကို မေးမြန်းရာမှာတော့ ပြည်ပထောက်ပံ့မှုနဲ့ ရပ်တည်နေတာကိုတော့ အဲဒီသတင်းဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကျော်ဆန်းမင်းက အတည်ပြုပြောကြားခဲ့ပြီးတော့ ဘယ်လိုအဖွဲ့အစည်းမျိုးက လက်ခံ ထားတယ်ဆိုတာကိုတော့ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။

“ကျွန်တော်တို့အနေနဲ့ ရေရှည်မှာ ထောက်ပံ့ငွေနဲ့ ရပ်တည်လို့ မရပါဘူး။ အဲဒါကြောင့် ဒီအစီအစဉ်ကို စတင်တာပါ” လို့ ကို ကျော်ဆန်းမင်းက ပြောပါတယ်။

သတင်းမီဒီယာတွေမှာ အလှူမခံရဘူးဆိုတဲ့ ကန့်သတ်ချက်တော့ မရှိပေမယ့် ဂုဏ်သိက္ခာပိုင်းတော့ အနည်းအများထိခိုက်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကဥက္ကဌ ဦးအုန်းကြိုင်က ပြောပါတယ်။

“အလှူခံတာက ဥပဒေကျင့်ဝတ်မှာတော့ မပါဘူးပေါ့။ Code of Conduct မှာတော့ မရှိဘူး။ Ethic နဲ့ပြောရင်တော့ ထိတာပေါ့။ သိက္ခာပိုင်းထိတာပေါ့။သို့သော်လည်း ဒါမျိုး အစဉ်အလာတော့ ရှိခဲ့ဖူးပါတယ်။ လွတ်လပ်ရေးရခါစ ခေတ်ဦးပိုင်း သတင်းစာသုံးတိုက် အမှောက်ခံရပြီး နိုင်ငံရေးသမားတွေ ရိုက်ချိုးပျက်စီးသွားတော့ သတင်းစာဆရာတွေ သိမ်ကြီးစျေးတို့ ဘာတို့မှာအလှူ လျှောက်ခံတယ်။အဲဒါမျိုးတော့ အစဉ်အလာ ရှိခဲ့ဖူးတယ်။အဲဒါက နိုင်ငံရေးအရတစ်ဖက်က အာဏာပိုင်အဖွဲ့အစည်းကို ထိခိုက်သလို တစ်ဖက်က သတင်းစာတွေရဲ့ သိက္ခာကိုလည်း ထိခိုက်တာပေါ့။ ကျန်တဲ့ Code of Conduct မှာတော့ ကျင့်ဝတ်မှာတော့ အလှူမခံရဘူးလို့ မရှိပါဘူး။ တစ်ခုရှိတာက ဒီပြင့် သတင်းစာတိုက်တွေလည်း နိုင်ငံခြားအကူ အညီနဲ့ အထောက်အပံ့တွေနဲ့လုပ်နေကြတာ ကမ္ဘာမှာရှိကြတယ်။ ဒီတော့ ကိုယ်ဘာသာကို မရပ်တည်နိုင်တဲ့ဘဝ ရောက်တဲ့အခါကျတော့ အလှူခံကြတယ်။ တစ်ချို့ကျတော့လည်း ကိုယ့်သိက္ခာကို ကိုယ်ငဲ့ပြီးတော့ ဘာမှမပြောဘဲ ရပ်သွားတာတွေလည်း ရှိတယ်။ ဒါလေးတွေကိုတွေ့ရပါတယ်”လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်က ပြောပါတယ်။

မီဒီယာတစ်ခုအနေနဲ့ မည်သည့်အဖွဲ့အစည်းကမဆို ထောက်ပံ့ငွေကို ယူလို့ရတယ်ဆိုပေမယ့် သတင်းခန်းကို ဝင်ရောက်စွက်ဖက်မှု ရှိနေပြီဆိုရင်တော့ လက်မခံသင့်သလို လူထုဆီက ငွေကိုလည်း လက်ခံပြီဆိုတာနဲ့ ပွင့် လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကိုဇေယျာလှိုင်က ပြောပါတယ်။

“ မီဒီယာအနေနဲ့ ငွေက မည်သည့်နေရာကမဆို လက်ခံလို့တော့ ရတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကိုယ့်ရဲ့သတင်းစာဆရာရဲ့ Editorial Independence ခေါ်တဲ့ ကိုယ့်ရဲ့သတင်းခန်းကို ဝင်ရောက်စွက်ဖက်မှုမရှိ အောင်လို့ စီမံခန့်ခွဲဖို့လိုပါတယ်။ ဥပမာအားဖြင့် ကမ္ဘာမှာဆိုရင် သူဋ္ဌေးတွေက မီဒီယာတွေ ဝယ်တာရှိတယ်။အဲဒီတော့ ပြဿနာက ကျွန်တော်တို့ မြန်မာနိုင်ငံ မီဒီယာတွေမှာ သိတဲ့အတိုင်းပဲ Television ဆိုရင် အစိုးရ ကပိုင်တယ်။ တပ်ကပိုင်တယ်။ လုပ်ငန်းရှင်ကြီးတွေက ပိုင်တယ်။  Television Channel မှာဆိုရင် လူထုအတွက် သတင်းကောင်းကောင်း တင်ဆက်နိုင်တဲ့ Channel မရှိဘူး။ ဘာလို့လဲဆိုတော့ ပိုင်ရှင်တွေက သူတို့ ရဲ့အကျိုးစီးပွား နဲ့ယှဉ်တဲ့အခါမှာသိပ်မလုပ်တာမျိုးပေါ့။ သူဋ္ဌေးက ပုဂ္ဂလိကငွေကြေး စိုက်ထုတ်တယ်  ဆိုပေမယ့်လည်း Independence လို့ ပြောရတာ အရမ်းခက်တယ်။ Independence လို့ ပြောချင်ရင် Newsroom Independence ဖြစ်တယ်ဆိုရင် ရတယ်။ဘယ်ကပဲ ငွေလက်ခံလက်ခံ အနောက်နိုင်ငံကပဲယူ ယူ၊ တရုတ်ကပဲ ယူယူ ကိုယ့်ရဲ့သတင်းခန်းမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေရဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို လာရောက်မလွှမ်းမိုးဘူးဆိုရင်တော့ အဆင်ပြေတယ်။ ဒါမှမဟုတ် ဘဲ ကိုယ့်လှူတဲ့သူတွေ အကြိုက်လိုက်တယ်ဆိုရင်တော့ အဲဒီသတင်းခန်းက Independence မဟုတ်တဲ့အတွက် လူထုအတွက် အကျိုးရှိဖို့ အားနည်းတယ်။လူထုဆီက ငွေစိုက်ထုတ်သုံးစွဲတယ်ဆိုရင်လည်း  Model တစ်ခု အနေနဲ့လက်ခံလို့တော့ရတယ်။ ဒါပေမဲ့ အဲဒီငွေ ဘယ်လိုသုံးစွဲမယ်ဆိုတဲ့  Transparent ဖြစ်ဖို့တော့လိုတယ်။အဲဒီနှစ်ချက် အဆင်ပြေရင်ရပြီ။ မဟုတ်ဘူးဆိုရင်တော့ သတင်းခန်းရဲ့ Editorial Independence ပြဿနာ ရှိကောင်းရှိနိုင်တယ်” လို့ ကိုဇေယျာလှိုင်က သုံးသပ်ပါတယ်။

လူထုဆီက အလှူခံတာနဲ့ ပတ်သက်ပြီး ဘယ်သူ့ဆီက လက်ခံမယ် လက်မခံဘူးဆိုတာကိုတော့ ကန့်သတ်ချက်မရှိဘူးလို့ Myanmar Now သတင်းဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကျော်ဆန်းမင်းက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ သတင်း၊ ဆောင်းပါးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ထောက်ပံ့နိုင်တယ်။ ဘယ်သူ့ကိုတော့ မလှူရဘူး၊ ဘယ်သူ့ဆီကတော့ လက်မခံဘူးဆိုတာကိုတော့ ကန့်သတ်ထားခြင်းမရှိပါဘူး” လို့သူ က ပြောပါတယ်။

ပြည်ပထောက်ပံ့မှုရယူထားတဲ့ myanmar Now သတင်းဌာနတစ်ခုအနေနဲ့ ပြည်တွင်းပုဂ္ဂလိကမီဒီယာတွေမှာ တရုတ်နိုင်ငံက ကြေညာလာထည့်တဲ့အကြောင်းကို ဆောင်းပါးတစ်ခုအနေနဲ့ အကျယ်တဝင့်ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အနောက်အုပ်စုက လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆိုးကျိုးတွေရှိသလဲ၊ ဘယ်လိုကောင်းကျိုးတွေရှိသလဲဆိုတာကိုတော့ ဝေဖန်ရေးသားခြင်း မရှိခဲ့ပါဘူး။

ပြည်တွင်းပုဂ္ဂလိက မီဒီယာတွေအနေနဲ့  မိမိရဲ့ မီဒီယာရပ်တည်ချက်တွေ ခိုင်ခိုင်မာမာရှိတဲ့အချိန်မှာ ကြော်ငြာလာထည့်တဲ့ ကိစ္စတစ်ခုနဲ့ ရေးသားဖော်ပြခဲ့တာကတော့ ဝေဖန်စရာ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ခိုင်မာတဲ့ရပ်တည်ချက်တွေ ချမှတ်ထားတဲ့ ပြည်တွင်းမီဒီယာတွေမှာ ကြော်ငြာလာထည့်ရင်တောင်မှ မိမိရဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့ ကြော်ငြာမျိုးဆို လက်မခံတဲ့အချိန်မှာ အများပြည်သူကို အလှူခံ မီဒီယာတစ်ခုအနေနဲ့ ပွင့် လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

အလှူခံတဲ့အချိန်မှာ ဘယ်လိုလူမျိုးတွေက လာလှူသလဲဆိုတာကိုသတင်း ဌာနတစ်ခုအနေနဲ့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ရမှာ တာဝန်ရှိတယ်လို့ Drive မဂ္ဂဇင်းရဲ့ စီမံခန့်ခွဲမှု အယ်ဒီတာ ကိုကျော်ကျော်မင်းက ပြောပါတယ်။

“ အလှူခံစခန်းဖွင့်လိုက်ပြီဆိုရင် အလှူခံတဲ့သူက ဒါတွေကိုဘယ်လို သုံးမယ်ဆိုတာ ကြေညာဖို့ လိုလာသလို။ ဘယ်လိုလူတွေက လာလှူတယ်ဆိုတဲ့စာရင်းကအစ ထုတ်ပြန်ရတော့မှာပါ။ ဒါတွေကိုမေးခွန်းထုတ်ရမှာဖြစ် သလိုဒါကိုထုတ်ပြန်ဖို့လည်း တာဝန်ရှိပါတယ်။ မူးယစ်ဆေးဝါး ကုန်သည်ကပဲ လှူတာလား ခရိုနီကြီးတစ်ယောက်ကပဲ လှူတာလား။ ဒါမှမဟုတ် သာမန်ပြည်သူလေးတွေက လှူတာလား။ အလှူခံစခန်းက အမည်ခံပဲလား ဆိုတာကို ပြည်သူလူထုကကွဲကွဲပြားပြား သိဖို့ လိုတာမို့လို့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့ လို ပါတယ်” လို့ ကိုကျော်ကျော်မင်းက ပြောပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို နိုင်ငံတော်ပရောဂျက်အနေနဲ့ လုပ်ကိုင်နေတဲ့ အခုလိုအချိန်မှာ Investigative reporting တွေ ထုတ်လုပ်နေတဲ့ Myanmar Now အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အတွင်းကျကျ လေ့လာရေးသားထားတဲ့ သတင်းဆောင်းပါး တစ်ပုဒ်မရှိသလောက် ရှားပါတယ်။ လေ့လာကြည့်မိသလောက် နှစ်နှစ်တာ ကာလအတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးဆိုတာ အနည်းငယ်သာရှိပါတယ်။

လက်ရှိမှာ ဝေဖန်ခံနေရတဲ့ Myanmar Now သတင်းဌာနရဲ့ အလှူခံဖြစ်စဉ်မှာ ဝေဖန်သူများလည်း မမှားသကဲ့သို့ အလှူခံခြင်းမှာလည်း မမှားကြောင်း သတင်းစာဆရာ ဦးမျိုးညွန့်မောင်က ဆိုပါတယ်။

“သူများနိုင်ငံတွေမှာလည်း အလှူခံတယ်။ ဒါမျိုးတွေလည်းရှိတယ်။ ဒါပေမဲ့ အဲဒီလိုအလှူခံတယ်ဆိုရင် ဘာတွေကိုတော့ လိုက်နာရမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရမယ်။ ဘယ်လိုဟာတွေကို မလုပ်ရဘူး။ အဲဒါတွေကို ပြည့်ပြည့်စုံစုံလုပ်ပြီးမှ လုပ်တာ ပိုကောင်းတယ်။ အဲဒီတော့ အခုဟာက မကောင်းဘူးလို့ ဝေဖန်တဲ့သူတွေလည်း မမှားဘူး။ ဒါမှန်တယ်ဆိုပြီး ပြောတဲ့သူလည်းမမှားဘူး။ အကုန်လုံးက မှန်နေတာကိုး။ အဓိက အားနည်းတာက Literacy အားနည်းတာပဲ” လို့ ဦးမျိုးညွန့်မောင်က ပြောပါတယ်။

အဓိကအနေဖြင့်အစိုးရ၏ ထောက်ပ့ံမှု အခြေအနေများကို မရရှိခြင်းကြောင့် ယခုပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်ပြီးတော့ မီဒီယာ အားကောင်းမကောင်းဆိုသည်မှာ လက်ရှိ ICJ ဖြစ်စဉ်မျိုးမှာ သာဓက တစ်ခုပင် ဖြစ်တယ်လို့ ဦးမျိုးညွန့်မောင်က ပြောကြားပါတယ်။

“ သူတို့က (Myanmar Now) က ဒီအသိုင်းအဝိုင်းက သိပြီးသားပေါ့။ အလှူနဲ့ရပ်တည်တာကို။ တချို့ဆိုရင်လည်း တရားဝင် အလှူမခံပေမယ့် လုပ်ငန်းကြီးတော်တော်များများက ကြော်ငြာနဲ့ ရပ်တည်တာကို တွေ့ ရတယ်လေ။ အစိုးရသတင်းစာဆိုလည်း သေချာ သုတေသနလုပ်မယ်ဆိုရင် တွေ့ရလိမ့်မယ်။ ဘယ်သူမှတော့ မလွတ်ဘူး။ ပိုဆိုးတာက ဒီဟာ စိန်ခေါ်ချက်အသစ်ဖြစ်နေတယ်လေ။ အမြတ်အစွန်းက ဘယ်လိုမှ ရှာလို့မရနိုင်ဘူးဖြစ်နေတယ်။ ပြန်ပြောရမယ်ဆိုရင် အစိုးရကိုယ်တိုင်ကလည်း နားမလည်ဘူး။ဒီဘက်ကို။ ဒါနဲ့ ပတ်သက်တဲ့ (မီဒီယာနဲ့ ပတ်သက်တဲ့) အကာအကွယ်ပေးမှုတွေ မျှော်လင့် လို့ မရနိုင်ဘူး။ နောက်ငါးနှစ်တောင် မျှော်လို့ မရဘူး။ အဲဒီပြသာနာက သေချာအရေးကြီး ရှင်းမှ ရမယ်။ တကယ်တမ်းဖြစ်လာပြီဆိုရင် မီဒီယာဘယ်လောက်ထိုးနှက်နိုင်သလဲဆိုတာ ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားမယ့် သတင်းတွေကို ကြည့်လိုက်ရင် သိ မယ်။ ကိုယ်တွေဘက်က မီဒီယာ အားနည်းနေရင် ကိုယ်တွေ ခံရမှာပဲ။ မြန်မာမီဒီယာတွေ အားနည်းနေရင် မြန်မာက မျက်နှာပန်းလှမှာမဟုတ်ဘူး “ လို့ ဦးမျိုးညွန့်မောင်က ပြောပါတယ်။

         ပြည်ပထောက်ပံ့မှု ရယူထားတဲ့ Myanmar Now သတင်းဌာနတစ်ခုအနေနဲ့  ပြည်တွင်းပုဂ္ဂလိကမီဒီယာတွေမှာ တရုတ်နိုင်ငံက ကြေညာလာထည့်တဲ့အကြောင်းကို ဆောင်းပါးတစ်ခုအနေနဲ့ အကျယ်တဝင့်ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အနောက်အုပ်စုက လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဆိုးကျိုးတွေရှိသလဲ၊ ဘယ်လို ကောင်းကျိုးတွေရှိသလဲ ဆိုတာကိုတော့ ဝေဖန်ရေးသားခြင်းမရှိခဲ့ပါဘူး . . .

■ အလှူခံမီဒီယာတွေ အခွန်ဆောင်ထားသလား

ပြည်ပထောက်ပံ့မှု ရယူထားပြီး လုပ်ကိုင်ခဲ့သည့် Myanmar Now ကဲ့သို့ သတင်းဌာနများအနေဖြင့်လည်း အစိုးရကို အခွန် ဆောင်ထားခြင်းရှိမရှိမှာလည်း မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်ပါတယ်။

ပြည်တွင်း ရပ်တည်လျက်ရှိသည့် ပုဂ္ဂလိက မီဒီယာအများစုမှာ ကုမ္ပဏီအနေဖြင့် အ ခွန်ဆောင်ခြင်းများရှိသကဲ့သို့ ဝန်ထမ်းတစ်ဦးချင်းစီလည်း အခွန်ဆောင်ရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ Myanmar Now လို သတင်းဌာနတစ်ခုအနေနဲ့ အစိုးရရဲ့အခွန်စည်းကြပ်မှုအောက်မှ လွတ်ကင်းမှု ရှိနေသလားဆိုသည်တာကလည်း မေးခွန်းထုတ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

အခွန်ဆောင်ထားသလား မဆောင်သလားဆိုသည့် မေးမြန်းမှုနဲ့ပတ်သက်ပြီး ဆောင်ထားခြင်း ရှိ မရှိ ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

ယင်းအခြေအနေနဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုကျော်ဆန်းမင်းက “အရင်တုန်းကတော့ ကျွန်တော်တို့ကို ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေရှိတယ်။ သူတို့ကလက်ရှိမှာ အစိုးရအပါအဝင် တခြားလူမှုအဖွဲ့တွေကိုလည်း ထောက်ပံ့နေတာပေါ့။ အဲဒီလို ထောက်ပံ့ရင် လစာက ဘယ်လောက်၊ ဒီအတွက် ကုန်ကျစရိတ်က ဘယ်လောက် အဲဒါမျိုးပေါ့။ အဲ ဒီကုန်ကျစရိတ်ပဲ ပေးသွားတာပေါ့။ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့က ပြန်သုံးရတာပေါ့” လို့သူက ပြောပါတယ်။

ဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းမည့် အစိုးရတစ်ရပ်အတွက် အသက်သွေးကြောမှာ အခွန်ငွေ ကောက်ခံရရှိမှုပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးအတွက် လုပ်ငန်း တည်ထောင်မည်ဆို ပါက စတင်ရင်ဆိုင် ကြုံတွေ့ရမည့် အခြေအနေမှာ အခွန်ဆောင်ရတာပဲ ဖြစ်ပါတယ်။

ဆိုင်တစ်ဆိုင်ဖွင့်မည်ဆိုပါက လုပ်ငန်းရှင်တစ်ဦးကြုံတွေ့ရခြင်းမှာ ပြည်တွင်းအခွန်ဦးစီးဌာန၏ အခွန်စည်းကြပ်မှုဖြင့် စတင်ရင်ဆိုင်ရပါတယ်။ ဆိုင်ဖွင့်ထားတယ်လို့လုပ်ငန်းရှင်တစ်ဦးမှာ စည်ပင်ကို အကြောင်းကြားပြီး လုပ်ငန်းလိုင်စင်လျှောက်ထားမယ်ဆိုရင် အရင်ဆုံးပြည်တွင်းအခွန်ဦးစီးဌာနမှာ အခွန်စဆောင်ဖို့ အကြောင်းကြားပါတယ်။ အဲဒီလို ကြိုတင်ပြီး အခွန်ဆောင်ပြီးမှသာ စည်ပင်တွင် လုပ်ငန်းလိုင်စင်တစ်ခု လျှောက်ထားနိုင်တာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ပြည်တွင်းမီဒီယာတွေ ကျဆင်းနေတဲ့အချိန်၊ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ပြည်ပထောက်ပံ့မှုရယူထားတဲ့ မီဒီယာတွေအတွက် အခွန်စည်းကြပ်မှုကိုလည်း အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ရမယ့် အခြေအနေလည်းဖြစ်ပါတယ်။

ပြည်တွင်းမီဒီယာတွေမှာ လုပ်ကိုင်နေသူအများစု အခွန်ဆောင်နေရတဲ့အချိန်မှာ အခုလို အလှူရှင်တွေရဲ့ ငွေကြေးနဲ့ ရပ်တည်မယ့် သတင်းဌာနတစ်ခုက အခွန်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိခြင်း မရှိခြင်း ဆိုတာကလည်း မေးခွန်းထုတ်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။

ပြည်သူတွေဆီက အလှူငွေကောက်ခံမှုမှာလည်း စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာအတွက် သိက္ခာကျစရာဖြစ်ရပ်တစ်ခုလည်း ဖြစ်သလို ငွေကြေးခဝါချနိုင်တဲ့ လုပ်ငန်းတွေ အတွက်လည်း နေရာတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အဲဒါကြောင့် Myanmar Now ရဲ့ ပြည်ပထောက်ပံ့ခံငွေကြေးတွေရဲ့ ရှင်းလင်းမှုမရှိတဲ့အခြေအနေ၊ အလှူခံတဲ့အခြေအနေတွေမှာလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ အခြေအနေတွေအပေါ်မှာလည်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

■ ရှင်းပြဖို့လိုအပ်နေတဲ့ အလှူခံငွေကြေးတွေ

မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာအများစုဟာဆိုရင် ပြည်ပထောက်ပံ့မှုနဲ့ လုပ်ကိုင်နေတဲ့ မီဒီယာအများစုဖြစ်ပါတယ်။ စိန်ခေါ်မှုတွေများလှတဲ့ မီဒီယာလောကမှာ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ပြီး လုပ်ကိုင်တယ်ဆိုတဲ့ မီဒီယာဆိုတာက မရှိသလောက်ရှားပါတယ်။

ထောက်ပံ့မှုကို ရယူတဲ့ မီဒီယာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Myanmar Now အနေနဲ့ အခုလက်ရှိလုပ်ကိုင်နေတဲ့ အလှူခံကိစ္စကို ပွင့်လင်းမြင်သာစွာရှင်းပြဖို့ လိုအပ်သလို ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့ကို ယူခဲ့တယ်ဆိုတာတွေကိုလည်း ပွင့်လင်းမြင်သာစွာရှင်းပြရမှာပဲ ဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခု၊ တဦးတယောက်တည်းနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့အချိန်မှာ ရှင်းပြဖို့ မလိုအပ်ဘူးလို့ယူဆနိုင်ပေမယ့် အများပြည်သူနဲ့ သက်ဆိုင်လာပြီဆိုရင်တော့ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ အလှူခံတဲ့စာလေးတစ်စောင် ထုတ်ရုံနဲ့တော့ ဆက်သွားမယ့်လမ်းကြောင်းက ဘယ်လိုပုံစံလဲဆိုတာ မသိနိုင်ပါဘူး။

ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Guardian သတင်းစာဆိုရင် အများပြည်သူလှူဒါန်းငွေနဲ့ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီနေ့စဉ်သတင်းစာဆိုရင် သူလည်ပတ်တဲ့ငွေ၊ အမြတ်အစွန်း စတာတွေကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ပါတယ်။ အမြတ်ငွေရရှိခဲ့တယ်ဆိုရင်လည်း ဘယ်နေရာကို လှူလိုက်တယ်ဆိုတာ ကြေညာထုတ်ပြန်ပါတယ်။ အမြတ်အစွန်းယူဖို့ထက် ရရှိလာတဲ့ အမြတ်အစွန်းကိုလည်း ဂျာနယ်လစ်ဇင်အတွက် ပြန်လည်အသုံးချပါတယ်။ အရေးကြီးဆုံးအချက်တစ်ခုကတော့  The Guardian သတင်းစာဆိုတာ မည်သူတစ်ဦး၊ အစိုးရအဖွဲ့အစည်းတစ်ခု၊ ပြည်ပအထောက်အပံ့ခံ အဖွဲ့အစည်းတစ်ခုရဲ့သြဇာလွှမ်းမိုးမခံဘဲနဲ့  ဂျာနယ်လစ်ဇင်အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေတာပဲ ဖြစ် ပါတယ်။ (The Guardian အကြောင်းအား သီးခြားဖော်ပြထားပါသည်)။

Myanmar Now သတင်းဌာနအနေနဲ့  အလှူခံမယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့အချိန်မှာ The Guardian လို လွတ်လပ်တဲ့  မီဒီယာတစ်ခုအဖြစ် ရပ်တည်မယ်ဆိုတာကို သေချာ ရှင်းပြထားခြင်း မရှိပါဘူး။ အများပြည်သူနဲ့သက်ဆိုင်တဲ့ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင်တော့ . . .

Myanmar Now သတင်းဌာနအနေနဲ့ အလှူခံမယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့အချိန်မှာ The Guardian လို လွတ်လပ်တဲ့  မီဒီယာတစ်ခုအဖြစ် ရပ်တည်မယ်ဆိုတာကို သေချာရှင်းပြထားခြင်းမရှိပါဘူး။ အများပြည်သူနဲ့သက်ဆိုင်တဲ့ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင်တော့ အရင်ကဘာလုပ်ခဲ့တယ်ဆိုတာ ရှင်းပြရမယ့်တာဝန်ရှိပါတယ်။

ငါးနှစ်တာကာလအတွင်း ရရှိမယ့်ဒေါ်လာ၂၅ သန်းဟာ လက်ရှိမြန်မာမီဒီယာလောကအနေနဲ့ဆိုရင် အရမ်းများပြားလွန်းတဲ့ ပမာဏဖြစ်ပြီးလက်ရှိ Myanmar Now ရဲ့အင်အားနဲ့ဆိုရင်လည်း အရမ်းများပြား လွန်းပါတယ်။ ဒီအချိန်မှာအများပြည်သူဆီက ငွေကြေး အလှူခံတယ်ဆိုတာကလည်း ပိုအံ့သြစရာ ဖြစ်ခဲ့ပါတယ်။