မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း စသည်တို့အနက် CMP အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှု အများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း ပို့ကုန်တန်ဖိုး လေးဆကျော် တိုးမြှင့်တင်ပို့ထား

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း စသည်တို့အနက် CMP အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှု အများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း ပို့ကုန်တန်ဖိုး လေးဆကျော် တိုးမြှင့်တင်ပို့ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 26 November 2019
နီလာ

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း စသည်တို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှု အများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော် တိုးမြှင့်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အထည်ချုပ် (ချုပ်ပြီးအထည်) သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် တင်ပို့မှုတန်ဖိုး ဒေါ်လာ သန်း ၃၂၀ ကျော်ရှိကာ ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၄၀ ခန့် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်သို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှု အမေရိကန် ဒေါ်လာ ၃၂၅ သန်း ရှိသည်။ ယခင်နှစ်ကာလတွင်မူ အမေရိကန်ဒေါ်လာ ၂၈၇ သန်းကျော်သာ တင်ပို့ထားနိုင်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့ မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၃၈ သန်းခန့် ပိိုမိုတင်ပို့ထားခြင်း ဖြစ်သည်။

“ အခုလက်ရှိမှာ ဒေါ်လာ ၃၂၅ သန်းပေါ့။ ကာလတူနဲ့ယှဉ်ရင် ဒေါ်လာ ၃၈ သန်း လောက် ပိုတဲ့အနေအထားမှာ ရှိတယ်။ သူကတော့ အတိုးတက်ဆုံးပေါ့” ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၈ ဘီလျံသာ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ  ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ ကျွန်မတို့ကဏ္ဍမှာ အလုပ်သမား တိုးတာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့နော်။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင် လုပ်ရမယ်။ အဲဒီအတွက် တောက်လျှောက် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံးဝင်ရောက် လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၀၀ ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိကြောင်း သိရသည်။

“ မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ ရတာ။ ဒါက ပျမ်းမျှအနေနဲ့ ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေ ရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေ ရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက် ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနဲတဲ့ဟာတွေက ရှစ် ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

လက်ရှိအချိန်တွင် CMP လက်ခစားလုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါ လုပ်ငန်းများကို FOB စနစ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃၀၀၀ (သုံး ဘီလျံ) အထိ နိုင်ငံ့ဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

         

 

Most Read

Most Recent