သတိ ...  ရန်ကုန်မြို့လယ်၌ပင် နေ့ခင်းကြောင်တောင် လူကုန်ကူးခံရနိုင်သည်

သတိ ...  ရန်ကုန်မြို့လယ်၌ပင် နေ့ခင်းကြောင်တောင် လူကုန်ကူးခံရနိုင်သည်
   လူကုန်ကူးခံခဲ့ရသည့် မြတ်သူရထွန်း (ပုံကြီး) နှင့် နားရွက်ပြတ်ဒဏ်ရာအား တွေ့ရစဉ်  (ဓာတ်ပုံ- နေဝန်းထက်)
လူကုန်ကူးခံခဲ့ရသည့် မြတ်သူရထွန်း (ပုံကြီး) နှင့် နားရွက်ပြတ်ဒဏ်ရာအား တွေ့ရစဉ်  (ဓာတ်ပုံ- နေဝန်းထက်)
Published 24 November 2019
နေဝန်းထက်

အောက်တိုဘာလ၏ အစောပိုင်း နေ့ရက်အချို့၌ အသက် ၂၀ ကျော်အရွယ်ခန့်ရှိမည့် လူငယ်လေးတစ်ဦးသည် ရန်ကုန်မြို့လယ်ရှိ ဆူးလေ လူကူးခုံးကျော်တံတားတွင် ထိုင်နေခဲ့သည်။

မိုးကုန်စဖြစ်ခြင်းကြောင့် ရန်ကုန်မြို့၏ နေ့လယ်ခင်းအချိန်များသည် အစဉ်အလာမပျက် အိုက်စပ်စပ် အခြေအနေမျိုးတွင် ရှိနေခဲ့သည်။ ခုံးတံတားပေါ်တွင် ထိုင်နေသည့် လူငယ်လေးသည် ရေငတ်ချင်သလို ဖြစ်လာခဲ့သဖြင့် လမ်းဘေးစျေးသည်များထံမှ ရေသန့်တစ်ဘူးဝယ်သောက်ရင်း ပတ်ဝန်းကျင်ကို ငေးကြည့်နေခဲ့သည်။

လူငယ်လေး၏ အမည်မှာ မြတ်သူရထွန်းဖြစ်ပြီး မကြာသေးခင်ကာလများ၌ သူသည် သမိုင်းမေဂျာဖြင့် ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲကို ဖြေဆိုထားသူတစ်ဦးလည်း ဖြစ်သည်။

အလယ်အလတ်တန်းစား ဝင်ငွေရှိသည့် မိသားစုမှ ပေါက်ဖွားလာပြီး သားအငယ်ဖြစ်သည့် သူ့အတွက် မိသားစု၏ စီးပွားရေးတာဝန်များကို ခွဲဝေယူစရာ မလိုသေးပေ။ သို့သော် သူ့ထံတွင် မိသားစု၏ အထောက်အပံ့ဖြင့် နှစ်နှစ်ဆယ်ကျော် နေထိုင်လာခဲ့ခြင်းကိုမူ ငြီးငွေ့ကောင်း ငြီးငွေ့နေမည်ဖြစ်သည်။ အလုပ်တစ်ခု လုပ်ကိုင်ရင်း ကိုယ်ပိုင်ဝင်ငွေ ရှာလိုစိတ်များလည်း ပြင်းပြနေ၏။ ယခုမူ သူသည် မိခင်ဖြစ်သူ ခိုင်းစေလိုက်သည့် မိသားစုစီးပွားရေး လုပ်ငန်းအတွက် လိုအပ်သည်များကို ဝယ်ယူရန် ရန်ကုန်မြို့လယ်သို့ ရောက်ရှိနေရသည်။

“မောင်လေး ခဏထိုင်မယ်နော်။ ခဏလောက် စကားပြောလို့ရတယ် မဟုတ်လား”

သူ၏အနားတွင် စကားပြောဆိုရင်း ဝင်ထိုင်လာသည့် အမျိုးသမီးတစ်ဦးကြောင့် မြတ်သူရထွန်း၏ အတွေးစများ ပြတ်တောက်သွားသည်။ အနားတွင် လာထိုင်သည့် အမျိုးသမီးက မြတ်သူရထွန်းအား အလုပ်တစ်ခုလုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ်သိန်းနှစ်ဆယ်ခန့် အသားတင်စုမိနိုင်သည်ဟု ပြောလာသည်။ ငယ်စဉ်ကတည်းက ကိုယ်ပိုင်ဝင်ငွေ မရှာဖွေခဲ့ဖူးသည့် လူငယ်တစ်ဦးအတွက် တစ်လလျှင် ရရှိနိုင်မည့် ငွေကျပ်သိန်းနှစ်ဆယ်သည် အလွန်ပင် များပြားလွန်းနေသည်။

“ကျွန်တော့်ကို အိမ်ကခိုင်းလိုက်လို့ ဆိုင်အတွက် အထည်ဆိုးဆေးလာဝယ်တာ။ ပြီးတော့ မြို့ထဲရောက်တော့ ဆူးလေခုံးတံတားမှာ ထိုင်ရင်း ရေတစ်ဘူးဝယ်သောက်တယ်။ အဲဒီမှာ အမျိုးသမီးတစ်ဦး ရောက်လာပြီး အလုပ်မလုပ်ချင်ဘူး လားမေးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က အလုပ်အရမ်းလုပ်ချင်နေခဲ့တာ။ ပိုက်ဆံ အရမ်းရှာချင်နေတာ။ အဲဒီအမျိုးသမီးက တစ်လကို သိန်းနှစ်ဆယ်လောက် စုမိနိုင်တယ်။ အလုပ်ရှိတယ် လုပ်မလားလို့မေးတော့ ကျွန်တော်လည်းလုပ်မယ်။ ကျွန်တော့်ကို လိမ်ရင်တော့ ခင်ဗျားတို့ မလွယ်ဘူးဆိုပြီး ပြောလိုက်တယ်။ အဲဒီနောက်တော့ ကျွန်တော့်ကို သူတို့က ဒလဘက်ကို ခေါ်သွားကြတယ်” ဟု မြတ်သူရထွန်းက သူ၏ အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ပန်းဆိုးတန်းဆိပ်ကမ်းသည် ဒလမြို့ဘက်သို့ အသွားအပြန် ကူးလူးနေကြသူများဖြင့် ရှုပ်ထွေးစည်ကားစွာ တည်ရှိနေသည့် ဆိပ်ကမ်းတစ်ခုဖြစ်သည်။ မြတ်သူရထွန်းသည် သူ့အား အလုပ်ရှာပေးမည့် အမျိုးသမီးခေါ်ဆောင်ရာ ဒလမြို့ဘက်သို့ ကူးတို့လှေတစ်စင်းဖြင့် လိုက်ပါလာခဲ့သည်။

ထို့နောက်တွင် နာမည်ရေးထိုးထားသည်ကို တွေ့ရှိခြင်းမရှိသည့် ထမင်းဆိုင်ကြီးတစ်ဆိုင်၏ မျက်နှာချင်းဆိုင်ရှိ နေအိမ်တစ်အိမ်သို့ မြတ်သူရထွန်း ရောက်ရှိလာခဲ့သည်။

သူရောက်ရှိခဲ့သည့် နေရာ၌ အခြားသော အလုပ်လုပ်ရန်ရောက်နေသည့် လူငယ်နှစ်ဦးလည်း ရှိနေ၏။

ညပိုင်းအချိန်သို့ ရောက်ရှိလာသည့်အချိန်တွင် မြတ်သူရထွန်းကို အလုပ်ပေးရှာပေးမည်ဟု ပြောထားသည့် အမျိုးသမီး၏ ခင်ပွန်းက အလုပ်သမားစာချုပ်တစ်ခုကို သူ့ထံပေးသည်။ စာချုပ်အား သေချာစွာဖတ်ရှုအပြီး စာချုပ်ပါအချက်များအတွက် သူ၏ စိတ်တွင် ဒွိဟဖြစ်နေခဲ့သည်။ သူ၏ နံဘေးတွင်လည်း စာချုပ်ကို လက်မှတ်ထိုးရန် တွန်းအားပေးနေသည့် သူများရှိနေ၏။ ထိုအချိန်တွင် အမျိုးသားတစ်ဦးက မြတ်သူရထွန်း၏ လည်ကုပ်ကို ကိုင်လိုက်ကာ စာချုပ်ကို လက်မှတ်ထိုးရန် ပြောလိုက်တော့သည်။

“ဒလကို ရောက်တော့ ကျွန်တော့်ကို အိမ်တစ်အိမ်ကို ခေါ်သွားတယ်။ အဲဒီအိမ်ရှေ့မှာ ထမင်းဆိုင် အကြီးကြီးတစ်ခုရှိတယ်။ နာမည်တော့ ရေးထားတာ မတွေ့မိဘူး။ အဲဒီအိမ်ရောက်တော့ အလုပ်လုပ်ဖို့ ရောက်နေတဲ့ နောက်နှစ်ယောက်ရှိတယ်။ ညရောက်တော့  ခေါ်လာတဲ့ အမျိုးသမီးရဲ့ ယောကျ်ားထင်တယ်။ အဲဒီတစ်ယောက်က အလုပ်သမားစာချုပ်တစ်ခုကိုပြတယ်။ စာချုပ်ကို ဖတ်ကြည့်လိုက်တော့ ကျွန်တော့်နာမည်ပါတယ်။ အလုပ်ရှင်နာမည်တော့ မပါဘူး။ စာချုပ်မှာက ငါးဖမ်းလှေမှာ အလုပ်လုပ်ရမယ်။ နေမကောင်းတာဖြစ်ဖြစ် လှိုင်းကြီးတာဖြစ်ဖြစ် အဲဒီလိုဖြစ်တဲ့အခါ ပြန်လာလို့ရတယ်လို့ ရေးထားတယ်။ အစက ကျွန်တော်လက်မှတ်ထိုးပေးဖို့ အစီအစဉ်မရှိဘူး။ အဲဒီအချိန်မှာ ဟိုအမျိုးသားက ကျွန်တော့်ကုပ်ကို လှမ်းထိလိုက်တယ်။ ကျွန်တော်နောက်တော့ စာချုပ်ကို လက်မှတ်ထိုးပေးမိသွားတယ်” ဟု မြတ်သူရထွန်းက ပြောပြသည်။

ဒလမြို့တွင် တစ်ညတာ ဖြတ်သန်းပြီးနောက် နံနက်ခင်းတွင် မြတ်သူရထွန်း၊ အခြားသော ငါးဖမ်းလှေတွင် အလုပ်လုပ်ကိုင်ကြမည့် လူငယ်နှစ်ဦးကို အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးက အငှားယဉ်တစ်စီးဖြင့် ဖျာပုံမြို့နယ်ဘက်သို့ ခရီးဆက်ရန် ခေါ်ဆောင်လာခဲ့သည်။

“မနက်ကျတော့ ကျွန်တော်ရယ် နောက်နှစ်ယောက်ရယ်ကို တက္ကစီတစ်စီးနဲ့ ခေါ်သွားတယ်။ သူတို့သုံးယောက်ရယ် ကျွန်တော်တို့ သုံးယောက်ရယ် ကားသမားရယ်ပေါ့။ လမ်းမှာ ဆိုင်တစ်ဆိုင်မှာပဲ ရပ်တယ်။ အဲဒီဆိုင်မှာ ကျွန်တော်တို့ကို ဘာစားချင်လဲ စားချင်တာစားလို့ပြောတယ်။ ကျွန်တော်တို့လည်း စားလိုက်တယ်။ ပြီးတော့ ဖျာပုံကို ရောက်လာတယ်” ဟု မြတ်သူရထွန်းက ပြော၏။

ဖျာပုံမြို့နယ် ၁၈ ဂိတ်တွင်ရှိသည့် 5 Stars တည်ခိုခန်းတွင် မြတ်သူရထွန်းတို့ သုံးယောက်ကို ခေါ်ဆောင်လာသူများက အခန်းတစ်ခန်းစီငှား၍ နေထိုင်စေခဲ့သည်။ တည်းခိုခန်းအရောက်တွင် တည်ခိုခန်းမန်နေဂျာက သူ့အားပြောခဲ့သည့် “မင်းတို့ကို ရောင်းစားလိုက်ပြီ သိလား” ဟူသော စကားနှင့် ဖျာပုံလာရာလမ်း တစ်လျှောက်တွင် ကြားမိခဲ့သည့် သူတို့အား ငွေကျပ်ခုနစ်သိန်းဖြင့် ရောင်းနေသည့် စကားသံများက သူ၏ နားထဲတွင် ပြန်လည်ကြားယောင်နေခဲ့သည်။

ဖျာပုံမြို့နယ်တွင် တစ်ညတာ ထပ်မံဖြတ်သန်းပြီးနောက် မြတ်သူရထွန်းတို့သည် ဖျာပုံအတွင်းက အလှမ်းဝေးသည့် ခါးပြတ်ကျေးရွာသို့ နောက်တစ်ရက်တွင် ရောက်ရှိသွားခဲ့သည်။ ခေါ်လာသူများက သူတို့အား ငါးဒိုင်များတွင် ငွေကျပ်ခုနစ်သိန်းဖြင့် ရောင်းချနေသည်။ သူတို့တွေ့မြင်နေရသည့် ရေထွက်ပစ္စည်းများနှင့် သူတို့၏အဖြစ်အပျက်သည် မည်သို့ကွာခြားသည်ကိုပင် မတွေးတတ်ကြတော့ပေ။ မတတ်သာသည့် အခြေအနေများ ဖြစ်လာခဲ့ခြင်းက သူတို့အတွက် ငါးဖမ်းကျားဖောင်များပေါ်သို့ လိုက်သွားရန်သာ ရှိတော့သည်။

ငါးဖမ်းခြင်း၊ ငါးလှန်းခြင်း၊ ငါးခွဲခြင်း စသည့် ကျားဖောင်များပေါ်တွင် လုပ်ကိုင်ရသည့် အလုပ်များက မြတ်သူရထွန်းအတွက် အလွန်ပင်ပန်းစွာ လုပ်ကိုင်ရသည့် အလုပ်များဖြစ်နေသည်။ သို့သော် ကျားဖောင်ဦးစီးဖြစ်သူက သူ့အပေါ်တွင် အတန်အသင့် ညင်သာစွာ ဆက်ဆံနေ၍ နေသာထိုင်သာ ရှိသေးသည်။ မလှမ်းမကမ်းတွင် မြင်တွေ့နေရသည့် ကျားဖောင်များပေါ်တွင် အလုပ်သမားများကို ဖောင်ဦးစီးများက ထိုးကြိတ်နေသည့် မြင်ကွင်းများ ကို မြင်နေရသော်အလည်း သူတို့ကဲ့သို့ မကြုံတွေ့ရခြင်းက မြတ်သူရထွန်းအတွက် စိတ်သက်သာရရစေခဲ့၏။

တစ်လတာမျှ အချိန်ကုန်ဆုံးပြီးနောက် မြတ်သူရထွန်းအား သူ၏ ဖောင်ဦးစီးဖြစ်သူက အခြားဖောင်သို့ ပြောင်းရွှေ့ရန်ပြောလာသည်။ အလုပ်ကြမ်း မလုပ်နိုင်သည့်သူ့ကြောင့် အလုပ်မတွင်ကျယ်လှသဖြင့် အခြားလုပ်သားတစ်ဦးကို  ဖောင်ဦးစီးက ခေါ်ယူတော့မည်ဖြစ်သည်။ သူပြောင်းရွှေ့အလုပ်လုပ်ကိုင်ရမည့် ကျားဖောင်၏ ဖောင်ဦးစီးက ကျော်အောင်ဖြစ်သည်။ ကျော်အောင်သည် ဖျာပုံမြို့နယ်ရှိ ငါးဖမ်းကျားဖောင်လောကတွင် ကြမ်းသည်ရမ်းသည်ဟူ၍ ကျော်ကြားသည့် ဖောင်ဦးစီးတစ်ဦးလည်း ဖြစ်သည်။

“ကျော်အောင်ဖောင်ကတော့ အဲဒီကျားဖောင်လောကမှာ နာမည်ကြီးပဲ။ နည်းနည်း ကြမ်းတယ်ပေါ့။ နှိပ်စက်တဲ့နေရာမှာလေ။ ကျွန်တော့်ညီကို စုံစမ်းနေတုန်း ကျွန်တော်ကြားမိတာပေါ့။ ကျွန်တော့်ကို ကူညီတဲ့သူက ပြောပြတယ်လေ” မြတ်သူရထွန်း၏ အစ်ကိုက ဖောင်ဦးစီး ကျော်အောင်နှင့် ပတ်သက်ပြီး ပြောပြသည်။

ဖောင်ဦးစီး ကျော်အောင်၏ ဖောင်ပေါ်တွင် မြတ်သူရထွန်းသည် ဖောင်ဦးစီး၊ ဖောင်ဦးစီး၏တူတို့နှင့် အတူတကွ အလုပ်လုပ်ကိုင်ရသည်။ ယခင်လုပ်ကိုင်ခဲ့ရသည့် ကျားဖောင်ပေါ်မှ အခြေအနေနှင့်တော့ မတူညီတော့ပေ။ တစ်ရက်လျှင် နာရီ ၂၀ ခန့်မျှ အလုပ်လုပ်ကိုင် နေရသည်။ အလုပ်ပင်ပန်းလွန်း၍ အိပ်ပျော်နေသည့် အချိန်၌လည်း အလုပ်လုပ်ရန်ခေါ်သည်ကိုမသိ ရှိ၍ အရိုက်အနှက်ခံရသည်။ အလုပ်လုပ်နေရင်းလည်း အထိုးအကြိတ်များ ခံနေခဲ့ရသည်။ ဖောင်ဦးစီးက နှိပ်စက်လိုက်၊ ဦးစီးတူက နှိပ်စက်လိုက်၊ တစ်ခါတစ်ရံတွင် နှစ်ဦးပေါင်း နှိပ်စက်ကြပြန်သည်။

ပင်လယ်ပြင်၏ ပြင်းထန်သည့် ရာသီဥတုဒဏ်နှင့် အလုပ်ကြမ်း၏ ပင်ပန်းလွန်းသည့် ဒဏ်များကြောင့် မြတ်သူရထွန်း နေထိုင်မကောင်း ပြင်းထန်စွာ ဖြစ်လာတော့သည်။ မည်သို့မျှအလုပ်လုပ် ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ဖောင်ဦးစီးအား ပြောပြခဲ့သည်။ သို့သော် အလုပ်လုပ်မလုပ်နိုင်သည့် သူ့အား ဖောင်ဦးစီးက ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ဦးခေါင်းပေါ်သို့ ကျရောက်လာသည့် ရိုက်နှက်မှုများကို လက်ဖြင့်ကာကွယ်နေရသည်။

“ပထမဖောင်မှာတုန်းက ကောင်းတယ်။ တစ်လလောက်ကြာတော့ ဦးစီးက ကျွန်တော် အလုပ်မလုပ်နိုင်လို့ဆိုပြီး အခြားဖောင်ကိုပြောင်းရတယ်။ ဖောင်က ကျော်အောင်က ဦးစီးသူ့ဖောင်ပေါ့။ အဲဒီမှာ ကျွန်တော် နာရီ ၂၀ လောက် တစ်ရက်ကို အလုပ်လုပ်လုပ်ရတယ်။ အိပ်ချိန်က လေးနာရီလောက်ပဲရှိတယ်။ တစ်ခါတစ်ခါ လေးနာရီလောက်တောင် မအိပ်ရဘူး။ အရမ်းပင်ပန်းလို့ အိပ်ပျော်သွားတုန်း အလုပ်ပေါ်လာရင် ကျွန်တော်မနိုးဘူး။ အဲဒီအချိန်ကျ ရင် ကျွန်တော့်ကို ဦးစီးက ထိုးတယ်။ ရိုက်တယ်။ တစ်ခါတလေ ဦးစီးရော သူ့တူကပါ ပေါင်းနှိပ်စက်တယ်။ ထမင်းကလည်း ဝအောင်မစားရဘူး။ ခွေးကျွေးသလောက်တောင် မစားခဲ့ရပါဘူးဗျာ။ (ငို၍ပြော) တစ်ရက်တော့ ကျွန်တော် ဖျားတယ်။ ကိုယ်တွေလည်း တအားပူနေလို့ ဦးစီးကို အကျိုးအကြောင်းသွားပြောပြတော့ အလုပ်မလုပ်နိုင်ရင် သေမှရမယ်။ မင်းကို ရေထဲကန်ချမယ်။ ပြီးရင် သတ်သေတယ်ပြောလိုက်မယ် ဆိုပြီးပြောတယ်။ ပြီးတော့ ကျွန်တော့်ကို ထိုးတော့ ရိုက်တော့တာပဲ။ ခေါင်းကိုထိရင် သေမှာဆိုတာသိနေတော့ လက်နဲ့ကာတယ်။ အခုမြင်တဲ့အတိုင်းပဲ ကျွန်တော့်လက် ကျိုးသွားခဲ့ပါတယ်ဗျာ” ဟု မြတ်သူရထွန်းက သူ၏အဖြစ်အပျက်ကို ဝမ်းနည်းတုန်ယင်စွာဖြင့် ပြောပြခဲ့သည်။

ကျော်အောင်ဖောင်သို့ ရောက်ရှိအပြီး လဝက်ခန့်ကြာမြင့်ပြီးနောက် မြတ်သူရထွန်းသည် ပြင်းထန်သည့် အလုပ်ကြမ်းလုပ်ရခြင်းနှင့် ပင်လယ်ပြင်ရာသီဥတု အခြေအနေများကြောင့် အသားအရေများက မွဲခြောက်လျက်ရှိနေသည်။ ဖောင်ဦးစီးရိုက်နှက် နှိပ်စက်ထားခြင်းကြောင့်လည်း ဘယ်ဘက်လက်တစ်ခုလုံး ရောင်နေခဲ့ပြီး နားရွက်တစ်ဖက်လည်း ပြတ်ရှဒဏ်ရာရနေခဲ့၏။ မျက်နှာတွင်လည်း ဖူးရောင်လျက် ဦးခေါင်းတွင်လည်း ကွဲလျက်ဖြင့် တစ်ကိုယ်လုံးအနှံ့ နာကျင်ကိုက်ခဲလျက်ရှိနေသည်။

မြတ်သူရထွန်းတစ်ယောက် ပင်လယ်ပြင်ထဲတွင် သေဆုံးရတော့မည်ဟု ထင်မှတ်နေချိန်တွင် ဖောင်ဦးစီးဖြစ်သူက သူ့ထံရောက်ရှိလာခဲ့သည်။ ဖောင်ဦးစီးက သူ့အား မိသားစုက ပြန်လာရွေးသဖြင့် အိမ်ပြန်နိုင်ပြီဖြစ်ကြောင်း ပြောလာသည်။ မြတ်သူရထွန်း ငရဲပြည်မှ လွတ်မြောက်နိုင်တော့မည် ဖြစ်သည်။ သို့သော် ချက်ချင်းမဆိုင်းမတွတော့ မဖြစ်နိုင်သေးပေ။ ကမ်းမမြင် ပင်လယ်ပြင်အတွင်းရှိ ကျားဖောင်များပေါ်မှ ကမ်းသို့ပြန်နိုင်ရန် ရိက္ခာထောက် သင်္ဘောများကို စောင့်ဆိုင်းရသည်။

ဖျာပုံမြို့နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် အသက် ၃၀ ကျော်ခန့်ရှိမည့် အမျိုးသားတစ်ဦးက ကမ်းသို့ကပ်လာသည့် သင်္ဘောပေါ်မှ တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေခဲ့သည်။ သူရှာဖွေနေသူသည် အသက် ၂၀ ကျော်ခန့်ရှိသည့် အသားလတ်လတ်နှင့် လူရည်မွန်ပုံစံရှိသည့် လူငယ်လေးတစ်ဦးဖြစ်သည်။ သို့သော် သင်္ဘောပေါ်တွင် သူရှာ၍ မတွေ့သေးပေ။ ထိုအချိန်တွင် သူ၏အနားသို့ ရောက်လာသူတစ်ဦးက သင်္ဘောထောင့်တစ်နေရာတွင် ထမင်းထိုင်စားနေသည့် လူငယ်တစ်ဦးအားညွှန်ပြလိုက်ပြီး သင်္ဘောတစ်စင်းလုံးပေါ်တွင်ပါရှိသည့် တစ်ဦးတည်းသော မျက်နှာစိမ်းမှာ ထိုလူငယ်ဖြစ်ကြောင်း ပြောလိုက်သည်။

“ကိုထွေး” ဟု ကျယ်လောင်စွာဖြင့် သင်္ဘောပေါ်တွင် လူရှာနေသည့် အမျိုးသားက အော်ခေါ်လိုက်သည်။ သင်္ဘောထောင့်တွင်ထိုင်ရင်း ထမင်းစားနေသူ လူငယ်လေးက လှည့်ကြည့်လိုက်သည်။ မြတ်သူရထွန်း တစ်ယောက် သူ၏ အစ်ကိုဖြစ်သူ၏ အော်ခေါ်သံကို ကြားလိုက်ရ၍ အလွန်ပျော်ရွှင်သွားခဲ့သည်။ သူလှည့်ကြည့်လိုက်စဉ်တွင် သူ၏ အစ်ကိုဖြစ်သူကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ငရဲခန်းသည် အမှန်တကယ်ပင် အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။

အမှန်တကယ်တွင် မြတ်သူရထွန်းအား သူ၏ အစ်ကိုဖြစ်သူသည် မှတ်မိခြင်းမရှိခဲ့ပေ။ နေအိမ်မှ မပျောက်ဆုံးမီကာလများတွင် လူရည်မွန်တစ်ဦးအသွင် တက္ကသိုလ်ကျောင်းသားလူငယ်လေးသည် တစ်လခွဲတာကာလအတွင်း ညီအစ်ကိုအရင်းဖြစ်သူပင် မှတ်မိခြင်းမရှိသည့်အခြေအနေသို့ ရုပ်ပြောင်းသွားခဲ့သည်။ မြတ်သူရထွန်း၏အစ်ကိုသည် ညီဖြစ်သူ ပျောက်ဆုံးသွားပြီးနောက် နေရာအနှံ့သို့ သွားရောက်ရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် ဖျာပုံမြို့နယ် ပင်လယ်ပြင်အတွင်း ရောင်းစားခံခဲ့ရသည့် ညီဖြစ်သူအကြောင်းကို သိရှိခဲ့၍ လိုက်လံရွေးယူခဲ့သည်။

ငွေကျပ်ခုနစ်သိန်းကျော်ဖြင့် ညီဖြစ်သူအား ရွေးချယ်နိုင်ခဲ့ပြီးနောက် ညီဖြစ်သူပြန်အလာကို ဆိပ်ကမ်းတွင် စောင့်နေခဲ့ခြင်းဖြစ်သည်။ ယခုသူ၏ ညီဖြစ်သူကို တွေ့လိုက်ရသည်အချိန်တွင် မမှတ်မိနိုင်ခဲ့။ ရောင်နေသည့်လက်၊ ဖူးရောင်နေသည့် မျက်နှာ၊ မွဲခြောက်နေသည့် အသားအရေဖြစ်နေခဲ့သည့် ညီဖြစ်သူကိုကြည့်ရင်း ဝမ်းနည်းသွားခဲ့ရသည်။ သို့သော် သူ၏ညီသည် မိသားစုထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၍ အလွန်အမင်းလည်း ဝမ်းသာပျော်ရွှင်နေခဲ့ရ၏။

“ကျွန်တော် သူပျောက်ပြီးတော့လိုက်ရှာတယ်။ ဆူးလေဘုရားမှာ သွားရှာတော့ အောက်တိုဘာ ၄ ရက် နေ့မှာ ဆူးလေဘုရားကိုလာသွားပြီး ရွှေသင်္ကန်းကပ်သွားတာကို စီစီတီဗီတွေကနေ တွေ့လိုက်ရတယ်။ ကျွန်တော် စိတ်ထဲထင်လိုက်တာက အစပိုင်းတော့ ဒီကောင်သူငယ်ချင်းတစ်ယောက်အိမ်သွားပြီး ဝိုင်းလုပ်ဝိုင်းစား လုပ်နေတယ်ပေါ့။ နောက်နည်းနည်းကြာလာတော့ လိုက်ရှာတယ်။ တောင်ငူဘက်တို့၊ ရမည်းသင်းတို့ဘက်မှာ တွေ့တယ်လည်းပြောကြတယ်။ ကျွန်တော်ကတော့ ဒီကောင် ဖျာပုံဘက်က ကျားဖောင်တွေဆီ ရောက်နေတယ်လို့ ထင်လိုက်တယ်။ အဲဒါနဲ့ လိုက်စုံစမ်းတော့ လူကုန်ကူးပွဲစားတွေက ကျွန်တော့်ညီကို ကျားဖောင်တွေဆီမှာ ခုနှစ်သိန်းနဲ့ ရောင်းထားတယ်ပြောတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ပြန်ရွေးနိုင်ရင် ရွေးလို့ရတယ်ပြောလို့ ရွေးမယ်ပြောလိုက်တယ်။ နောက်တော့ ကျွန်တော့်ညီကို ပြန်ထည့်ပေးလိုက်ပြီပြောလို့ ဆိပ်ကမ်းမှာ သွားစောင့်တယ်။ သင်္ဘောပေါ်မှာ ကျွန်တော်လိုက်ရှာတော့ မတွေ့ဘူး။ နောက်မှ လူတစ်ယောက်က တစ်စင်းလုံး လူစိမ်းဆိုလို့ ဟိုကောင်လေး တစ်ယောက်ပဲရှိတယ် သွားကြည့်လိုက်ဦးဆိုလို့ ကိုထွေးဆိုပြီးခေါ်လိုက်တော့ ကျွန်တော့်ညီက လှည့်ကြည့်လိုက်တာ။ ကျွန်တော်မမှတ်မိဘူး။ သူ့ပုံက အခုမြင်နေရတာထက် ပိုဆိုးနေခဲ့တယ်” ဟု မြတ်သူရထွန်း၏ အစ်ကိုဖြစ်သူက ပြောပြခဲ့သည်။

မြတ်သူရထွန်းတစ်ယောက် ကျားဖောင်များထံတွင် တစ်လခွဲကြာ အနှိပ်စက်ခံနေထိုင်ခဲ့ရပြီးနောက် နိုဝင်ဘာ ၁၉ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ၏ ဘယ်ဘက်လက်သည် အနှိပ်စက်ခံခဲ့ရသည့်ဒဏ်ကြောင့် ကျိုးနေခဲ့သည်။ ဘယ်ဘက်နားရွက် အပေါ်ပိုင်းတွင်လည်း ပြတ်တောက်နေခဲ့ရသည်။ မျက်နှာပြင်နှင့် ခန္ဓာကိုယ် နေရ ာအတော်တော်များများတွင်လည်း ဒဏ်ရာများစွာနှင့် ပြည့်နေခဲ့သည်။ ထို့အတူပင် သူ၏စိတ်ပိုင်းဆိုင်ရာတွင်လည်း ပြင်းထန်သည့် နှိပ်စက်ညှဉ်းပန်းမှုဒဏ်များကြောင့် ထိခိုက်မှုများရှိနေခဲ့ပြီဖြစ်သည်။

မြတ်သူရထွန်း နေအိမ်သို့ ပြန်ရောက်အပြီးတွင် သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များအကြောင်းသည် သတင်းမီဒီယာများ၏ အပြိုင်အဆိုင်ဖော်ပြမှုများစွာတို့ဖြင့် ပြည်သူများ အကြားတွင် သက်ရောက်လာခဲ့သည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က မြတ်သူရထွန်းအား လူကုန်ကူးဖြစ်စဉ်တွင် ပါဝင်ပတ်သတ် သူအားလုံးကို လိုက်လံရှာဖွေတော့သည်။ လက်ရှိအချိန်တွင် သူ့အား လူကုန်ကူးရောင်းစားခဲ့သူ ပွဲစားများအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်။

မြတ်သူရထွန်းသည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။ သူလူကုန်ကူးခံရရန်အတွက် ဆွဲဆောင်ခြင်းခံရသည့်အချိန်တွင် သူသည် ရန်ကုန်မြို့လယ်တွင်ရှိနေခဲ့သည်။ ရန်ကုန်မြို့လယ်မှ အစပြုခဲ့သည့် လူကုန်ကူးမှုကြောင့် မြတ်သူရထွန်းတစ်ယောက် သေကံမရောက်ခဲ့သော်လည်း တစ်လခွဲကြာ ကျားဖောင်ငရဲခန်းတွင် နေထိုင်ခဲ့ရသည်။ မိသားစုထံ ပြန်လည်ရောက်ရှိလာခဲ့ခြင်းကြောင့် သူကြုံတွေ့ခဲ့ရသည့် ငရဲပြည်အတွေ့အကြုံများကို အများသိအောင် ပြောပြနိုင်ခဲ့သည်။

သို့သော် မိသားစုထံ ပြန်လည်မရောက်ရှိလာနိုင်ခဲ့သည့် လူကုန်ကူးရောင်းစားခံရသည့် ဖြစ်စဉ်များစွာက ရှိနေခဲ့သည်။ အချို့ဖြစ်စဉ်များအကြောင်း မည်သူမျှပင် သိရှိခဲ့ခြင်းမရှိခဲ့ပေ။ မြန်မာတစ်နိုင်ငံလုံးတွင် လူလူချင်းရောင်းချနေသည် လူစျေးကွက်ကြီးရှိနေပြီး လူကုန်ကူး ပွဲစားများစွာတို့လည်း ရှိနေသည်။ သူတို့ကြောင့် ပြည်သူများစွာ ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့နေရ၏။ နယ်မြို့များတွင်လည်း ရှိနေသည်။ ရိုးအသည့် တောသူတောင်သားများကိုလည်း ပစ်မှတ်ထား လူကုန်ကူးနေကြသည်။ ထိုအရာတွေက အရင်အချိန်တွေကဖြစ်သော်လည်း ယခုအချိန်တွင် ပိုမိုဆိုးရွားလာခဲ့ပြီဖြစ်သည်။

တက္ကသိုလ်ကျောင်းသားတစ်ဦး ရန်ကုန်မြို့လယ်တွင်ထိုင်နေရင်း လူကုန်ကူးခံခဲ့ရသည်။ တစ်နိုင်ငံလုံးတွင်လည်း အလားတူဖြစ်စဉ်တွေ ဆက်လက်ရှိနေနိုင်သလိုရှိနေခဲ့ပြီးလည်းဖြစ်မည်ဖြစ်သည်။ ပြည်သူများ အထူးသတိထားရန် လိုအပ်နေသည်။ သတိ ရန်ကုန်မြို့လယ်၌ပင် လူကုန်ကူးခံရနိုင်ခြေရှိနေသည်။