စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမဆောင်ရှေ့တွင် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရပ်တည်ထောက်ခံပွဲကို မုံရွာမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အား ရပ်တည်ထောက်ခံပွဲ ပြုလုပ်ရခြင်းသည် Gambia နိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် သွားရောက်ကာ ဖြေရှင်းမည့်အပေါ် ရပ်တည်ထောက်ခံသည့်အနေဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့နိုင်ငံဘက်မှာလည်း သူတို့အကြောင်းတရားရှိမယ်။ ကျွန်တော်တို့ဘက်မှာလည်း ကျွန်တော်တို့ အကြောင်းတရားရှိတယ်။တရားမစွဲနဲ့လို့လည်း ကျွန်တော်တို့က တားလို့မရဘူး။ ဒါပေမဲ့ ဖြစ်လာမယ့်ပြဿနာကို ကျွန်တော်တို့ဘက်က မှန်မှန်ကန်ကန်နဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံသားမှန်သမျှ ကျွန်တော်တို့မှာ ရန်သူမရှိဘူး။ ဒီနိုင်ငံအကျိုးကို ဆောင် ရွက်ချိန်မှာ ဒီနိုင်ငံသားအားလုံးရဲ့အကျိုးကို ကာကွယ်ရမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရည်ရွယ်ချက်ကြီးကြီးနဲ့ ကျွန်တော်တို့ခေါင်းဆောင်က ဆောင်ရွက်တာလို့မြင်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(NLD) ပါတီမှ တိုင်းအတွင်းရေးမှူး ဦးမြင့်ကြည်က ပြောကြားသည်။

အဆိုပါ ရပ်တည်ထောက်ခံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ ဘာသာရေးနယ်ပယ်အသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများစသည့်လူဦးရေ ၇၀၀ နီးပါး တက်ရောက်ခဲ့သည်။
















