အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍတစ်ရပ် ဖွံ့ဖြိုးလာစေရန်အတွက် ၎င်းတို့၏ရေရှည်တည်တံ့မှု၊ ပါဝင်နိုင်မှုနှင့် အရည်အသွေး တိုးတက်မှုတို့ကိုသေချာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍတစ်ရပ် ဖွံ့ဖြိုးလာစေရန်အတွက် ၎င်းတို့၏ရေရှည်တည်တံ့မှု၊ ပါဝင်နိုင်မှုနှင့် အရည်အသွေး တိုးတက်မှုတို့ကိုသေချာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
နေပြည်တော်ရှိ MICC 2 တွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သော နှစ် ၁၀၀ ပြည့်အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ - နေရိုင်း)
နေပြည်တော်ရှိ MICC 2 တွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သော နှစ် ၁၀၀ ပြည့်အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ - နေရိုင်း)
Published 23 November 2019
နေရိုင်း၊ ဇေယျာထွန်း

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးကဏ္ဍတစ်ရပ် ဖွံ့ဖြိုးလာစေရန် အတွက် ၎င်းတို့၏ရေရှည်တည်တံ့မှု၊ ပါဝင်နိုင်မှုနှင့် အရည်အသွေးတိုးတက်မှုတို့ကို သေချာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) တွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် UMFCCI ကုန်သည်စက်မှုအသင်းချုပ်နှစ် (၁၀၀) ပြည့် အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများသည် အလုပ်အကိုင် ဖန်တီးပေးနိုင်ပြီး အမျိုးသားတီထွင်ဆန်းသစ်မှု၊ ကြီးပွားချမ်းသာမှု၊ ဆင်းရဲမှုလျှော့ချ မှုနဲ့ လူသားအရင်းအမြစ် စွမ်းဆောင်ရည်  မြင့်မားမှုတို့အတွက် အဓိကနေရာမှာရှိပါတယ်။ အဲဒီလို အရေးပါလှတဲ့ ကဏ္ဍတစ်ရပ် ဖွံ့ဖြိုးလာစေဖို့အတွက် ၎င်းတို့ရဲ့ရေရှည် တည်တံ့မှု၊ ပါဝင်နိုင်မှု၊ အရည်အသွေးတိုးတက်မှု စသည်တို့ကို သေချာစေဖို့ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ခေတ်ကာလအလျောက် ပြောင်းလဲလာမှု၊ အခက်အခဲများကို စီမံခန့်ခွဲနိုင်မှု၊ ရင်ဆိုင်နိုင်မှု၊ နည်းပညာသစ်များအပေါ် အသုံးချနိုင်မှုများ အသေ အချာရရှိနိုင်ရန် အထောက်အကူပြုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်နိုင်မည့်  အခြေအနေများ ဖန်တီးပေးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းများ  နိုင်ငံတော်သို့ ဖြန့်ကြက်ရေးတို့မှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမရှိရင် မဖြစ်တဲ့အတွက်  UMFCCI က ပုဂ္ဂလိကကဏ္ဍကို ဆက်လက်ဦးဆောင် တာဝန်ယူသွားဖို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ဆက်လက်၍ “နိုင်ငံတစ်ခု  စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍစုံနဲ့ မျှော်မှန်းချက်တွေ ချမှတ်ပြီးဆောင်ရွက်ရာမှာ ငွေကြေးအရင်း အနှီး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အအုံတွေ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ကျွန်မတို့နိုင်ငံံရဲ့အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ နှစ်ရပ်စလုံးပူးပေါင်းပြီး အကောင်အထည်ဖော်ဖြည့်ဆည်းရာမှာ အကန့်အသတ်တွေ ရှိနေပါတယ်။အထူးသ ဖြင့် ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အနေနဲ့ အရင်းအနှီးနဲ့ နည်းပညာပိုင်းမှာလိုအပ်ချက် တွေများပါတယ်။ ဒါကြောင့် နည်းပညာနဲ့ အရင်းအနှီးရရှိနိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နိုင်ငံအသီးသီးက အပြိုင်အဆိုင်ဖိတ် ခေါ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု  ၎င်းက ပြောကြားသည်။

နိုင်ငံတော်၏စီးပွားရေးနှင့် လူမှုရေးဖွံ့ ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍကို အဓိက မောင်းနှင်အားအဖြစ် သတ်မှတ်ထားသည့် အတွက် ပုဂ္ဂလိကကဏ္ဍအသီးသီးကို အထောက်အကူပေးနိုင်ရန်အတွက် ဒုတိယ သမ္မတ (၁) ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၏အခက်အခဲများ ကို သက်ဆိုင်သည့်ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ များနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရန် အတွက် လုပ်ငန်းကော်မတီငါးရပ် ဖွဲ့စည်း ဆောင်ရွက်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ရမှတ်သည် ၄၆ ဒသမ ၈ ရှိခဲ့ပြီး ယခင်နှစ်ရမှတ်  ၄၃ ဒသမ ၅ ထက် ပျမ်းမျှရမှတ် ၃ ဒသမ ၃ တိုးတက်ရရှိ ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် တိုးတက်မှုအကောင်းဆုံး နိုင်ငံ ၂၀ ၌ မြန်မာနိုင်ငံ ပါဝင် ခဲ့သည့်အတွက် ထူးခြားသည့် အောင်မြင်မှု ရလဒ်ကောင်း တစ်ခုအဖြစ် ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

၎င်းက “ဒီအောင်မြင်မှုဟာ အစိုးရနဲ့  ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်တစ် ခု ဖြစ်ပါတယ်။ မိမိတို့အနေနဲ့လည်း ရလဒ် ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းကဏ္ဍအသီး သီး၊ ပုံစံအသီးသီးတို့မှာ  ပိုမိုလွယ်ကူစွာလုပ် ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် ဆက်လက် အားစိုက်ကြိုးစားသွားကြဖို့ လိုအပ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။