တပ်မတော်စစ်ကြောင်းနှင့် ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ မောင်တောဒေသတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား အလောင်းနှစ်လောင်း၊ အရှင်သုံးဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

တပ်မတော်စစ်ကြောင်းနှင့် ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ မောင်တောဒေသတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား အလောင်းနှစ်လောင်း၊ အရှင်သုံးဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Published 23 November 2019

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့တို့ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ခမောင်းဆိပ်ကျေးရွာအနီး၌ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်မှုအတွင်း ARSA အကြမ်းဖက်သမား အလောင်းနှစ်လောင်း၊ အရှင်သုံးဦး၊ လက်နက်ခဲယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်းက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများဟု ယူဆရသော မသင်္ကာဖွယ်ရာ ဘင်္ဂါလီရှစ်ဦးခန့်က တပ်မတော်စစ်ကြောင်းအား သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့နောက် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားအလောင်း နှစ်လောင်း၊ အရှင်သုံးဦးတို့အား လက်နက်/ ခဲယမ်း၊ လက်လုပ်မိုင်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 ကျေးရွာများအတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိတရားခံများနှင့် လက်နက်/ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများအား အောင်ဇူနယ်မြေရဲစခန်းသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။