အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)မှ တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာ တန် ၃၅၀ မှ ၄၀၀ ခန့် ထုတ်လုပ်နေ

အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)မှ တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာ တန် ၃၅၀ မှ ၄၀၀ ခန့် ထုတ်လုပ်နေ
 အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)သို့ ဒုဝန်ကြီးဒေါက်တာထွန်းနိုင်အဖွဲ့ သွားရောက်စစ်ဆေးစဉ် Photo- MOEE
အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)သို့ ဒုဝန်ကြီးဒေါက်တာထွန်းနိုင်အဖွဲ့ သွားရောက်စစ်ဆေးစဉ် Photo- MOEE
Published 22 November 2019
 နီလာ

အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)မှ တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာတန် ၃၅၀ မှ ၄၀၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)သည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာတွင် တည်ရှိကာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာ တန် ၃၅၀ မှ ၄၀၀ ခန့်ထုတ်လုပ်၍ တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ယူရီးယားဓာတ်မြေသြဇာများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်းသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ နိုဝင်ဘာ ၂၁ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က စက်ရုံ၏ ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားရေး၊ အသုံးပြုနေသည့် စက်ပစ္စည်းအစိတ်အပိုင်များအား ယခုထက် ပိုမိုကြံ့ခိုင်ကောင်းမွန်စေရေးအတွက် ဂရုတစိုက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းခွင့်ဘေးအန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်၏ ဓာတ်မြေသြဇာ လိုအပ်ချက်ကို ယခုထက်ပိုမိုဖြည့်ဆည်းနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ဓာတ်မြေသြဇာများ ထုတ်လုပ်ဖြန့်ဖြူးပေးရန်၊ စီးပွားရေးအရ တွက်ခြေကိုက်ပြီး အောင်မြင်သည့်စက်ရုံ တစ်ရုံဖြစ်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး ၀ိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း  လက်အောက်တွင် ဓာတ်မြေသြဇာစက်ရုံငါးရုံရှိကြောင်း၊ ယင်းတို့အနက် အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)၊ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) နှင့် အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံ(စလေ)တို့ လည်ပတ်ထုတ်လုပ်လျက်ရှိပြီး စက်ရုံသုုံးရုံ၏ စုစုပေါင်းထုတ်လုပ်မှုမှာ တစ်ရက်လျှင် တန် ၇၀၀ ခန့်ဖြစ်ကြောင်း၊ ကျန်စက်ရုံနှစ်ရုံမှာ သဘာဝဓာတ်ငွေ့ရရှိမှု အကန့်အသတ်ဖြစ်ခြင်းတို့ကြောင့် စက်ရပ်ဆိုင်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အမှတ်(၂)ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း)နှင့် အမှတ်(၃)ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ)တို့ကို ရပ်ဆိုင်းထားကြောင်း၊ ကျွန်းချောင်းဓာတ်မြေသြဇာစက်ရုံကို ၁၉၆၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ Pintsch Bamag CO., Ltd နှင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ခွက်၊ အရာတော်၊ သာကြီးတောင်စသည့် ရေနံမြေများမှနေပြီး ထုတ်လုပ်နိုင်သည့် ကုန်းတွင်းသဘာဝဓာတ်ငွေ့များကို ဓာတ်မြေသြဇာစက်ရုံ၏ ကုန်ကြမ်းအဖြစ် အသုံးပြုပြီး တစ်ရက်လျှင် ဓာတ်မြေသြဇာ ၂၀၇ တန်ခန့်ထုတ်လုပ်ခဲ့ကြောင်း၊ အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) ကို ၁၉၈၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ UHDEGMDH CO., Ltd နှင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ရေနံမြေက ထုတ်လုပ်သည့် ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး တစ်ရက်လျှင် ဓာတ်မြေသြဇာ တန် ၆၀၀ ခန့်  ထုတ်လုပ်ခဲ့သည့် စက်ရုံများဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent