NLD အစိုးရလက်ထက် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အညွန်းကိန်းများသည် ပြည်သူအတွက် အားတက်စရာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများလည်း မြင်တွေ့နေရဟု ပါတီဗဟိုအလုပ်အမှုဆောင် ပြောကြား

NLD အစိုးရလက်ထက် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အညွန်းကိန်းများသည် ပြည်သူအတွက် အားတက်စရာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများလည်း မြင်တွေ့နေရဟု ပါတီဗဟိုအလုပ်အမှုဆောင် ပြောကြား
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်တွင် နိုဝင်ဘာ ၂၁ ရက်က အမျိုးသားနေ့အောင်ပွဲ အခမ်းအနား ကျင်းပနေစဉ်
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်တွင် နိုဝင်ဘာ ၂၁ ရက်က အမျိုးသားနေ့အောင်ပွဲ အခမ်းအနား ကျင်းပနေစဉ်
Published 22 November 2019
ဉာဏ်လင်းထွန်း

NLD အစိုးရတာဝန်ယူသည့် ကာလအတွင်း အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများသည် ပြည်သူလူထုအတွက် အားတက်စရာဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများလည်း မြင့်တွေ့နေရသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောကြားသည်။

နိုဝင်ဘာ ၂၁ ရက် (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျရောက်သည့် ၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ကျင်းပခဲ့ပြီး အခမ်းအနား သဘာပတိအဖြစ် ဦးဟံသာမြင့်က တာဝန်ယူဆောင်ရွက်ခဲ့သည်။

“နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ နိုင်ငံရေးအရ တန်းတူဆက်ဆံရေးဖြစ်ပြီး စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အမျိုးသားရေးကို ခိုင်မာစွာ စွဲကိုင်လာတဲ့အတွက် ရလဒ်ကောင်းတွေ ရရှိလာခဲ့ခြင်း ဖြစ်ပါတယ်” ဟု သဘာပတိမိန့်ခွန်းက ဆိုသည်။

နာတာရှည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံ အောင်မြင်ရန် ဇွဲရှိရှိ ကြိုးပမ်းနေချိန် အခြားတစ်ဖက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ဆက်လက်ကျယ်ပြန့်စေလိုသည့် အကြမ်းဖက်ဝါဒ ပြန်လည်ရှင်သန်စေလိုသည့် ဖြစ်ရပ်ဆိုးများကိုလည်း ကြုံတွေ့နေရသည်ဟု သဘာပတိက ပြောကြားသည်။

ယနေ့သည် မြန်မာနိုင်ငံ၏ “အမျိုးသား လွတ်လပ်ရေးအစ၊ အမျိုးသားနေ့က” ဟု သမိုင်းကမ္ဗည်းတင်သည့် ၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပြီး တစ်နည်း နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲမော်ကွန်းတွင် “လူထုလက္ခဏာနှင့် အမျိုးသားလက္ခဏာ” ကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပေးခဲ့သည့် ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်၏ ဂုဏ်ရောင်ပြောင်သည့် သမိုင်းဖြစ်ကြောင်း သဘာပတိ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

၁၉၂၀ ကာလ အမျိုးသား ဦးတည်ချက်သည် လွတ်လပ်သည့်ပညာရေးစနစ် ပေါ်ပေါက်ရေးမှသည် အချုပ်အခြာအာဏာပိုင် အမျိုးသားလွတ်လပ်ရေးဆိုသည့် သမိုင်းဖန်တီးရန်ဖြစ်ပြီး ယနေ့ အမျိုးသားရေး ဦးတည်ချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဖြစ်ကြောင်း သဘာပတိ ဦးဟံသာမြင့်က ပြောကြားသည်။         

ဆက်လက်ပြီး NLD ပါတီ၏ ၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာချက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားခဲ့သည်။

အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယခင်က ပြောကြားခဲ့သည့် မှတ်ချက်များနှင့်တွဲလျက် ဖော်ပြကာ ဖတ်ကြားခဲ့သည်။

ယနေ့ကာလ၏ အရေးကြီးဆုံးလုပ်ငန်းမှာ ထာဝရငြိမ်းချမ်းရေးဖြစ်ပြီး အကြီးမားဆုံး စိန်ခေါ်မှုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ဖြစ်ကြောင်း ဒေါက်တာ မျိုးညွန့်က ဆိုသည်။

ထို့ကြောင့် ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုနှင့် ဖိအားများအပေါ် ပြည်သူနှင့်အတူ စုပေါင်းအားဖြင့် အမျိုးသားရေး တာဝန်အဖြစ် ခံယူလျက်၊ စည်းလုံးညီညွတ်စွာ ခုခံရုန်းကန်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် ထူထောင်နိုင်ရေး ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း ပါတီကြေညာချက်တွင် ဖော်ပြပါရှိသည်။

၁၉၂၀ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ဒီဇင်ဘာ ၅ ရက်) တွင် ဗြိတိသျှကိုလိုနီ ကျွန်ပညာရေးစနစ်နှင့် ရန်ကုန််တက္ကသိုလ် အက်ဥပဒေကို ရန်ကုန်တက္ကသိုလ် ကျောင်းသား ၁၁ ဦး ခေါင်းဆောင် သပိတ်မှောက်ခဲ့ပြီး အထိမ်းအမှတ်ရက် သတ်မှတ်ရာတွင် အမျိုးသားနေ့အဓိပ္ပာယ် ပေါ်လွင်စေရန် အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်အစား မြန်မာရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။