တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း ကိုးရာခိုင်နှုန်းခန့်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊  ကျန်းမာရေးကုန်ကျစရိတ် ရှစ်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်

တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း ကိုးရာခိုင်နှုန်းခန့်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊  ကျန်းမာရေးကုန်ကျစရိတ် ရှစ်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်
 ရန်ကုန်မြို့တွင် ကုန်စိမ်းကုန်ခြောက်များရောင်းချလျက်ရှိသည့် စျေးတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ရန်ကုန်မြို့တွင် ကုန်စိမ်းကုန်ခြောက်များရောင်းချလျက်ရှိသည့် စျေးတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 21 November 2019
စည်သူအောင်

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း ကိုးရာခိုင်နှုန်းခန့်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ရှစ်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် စက်တင်ဘာထက် အစားအစာအုပ်စု ၈ ဒသမ ၇၇ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၈ ဒသမ ၄၄ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၄ ဒသမ ၉၃ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၁ ဒသမ ၄၁ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင် စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စု ၇ ဒသမ ၇၉ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၈ ဒသမ ၁၂ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ် ကျေးမှုအုပ်စု ၁၂ ဒသမ ၀၆ ရာခိုင်နှုန်း၊ ပညာ ရေးအုပ်စု ၄ ဒသမ ၀၈ ရာခိုင်နှုန်း၊ ပြင်ပအ စားအသောက်အုပ်စု ၄ ဒသမ ၇၄ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းအုပ်စု ၁၁ ဒသမ ၆၀ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သောအုပ်စု ၁၀ ဒသမ ၈၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စား သုံးသူစျေးဆနှုန်း CPI ၁၅၉ ဒသမ ၈၅ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၂ ဒသမ ၆၁၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၁ ဒသမ ၉၁ နှင့် အုပ်စုအားလုံးအတွက် ၁၅၉ ဒသမ ၈၅ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်းမြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကိုလေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ၁၄၈ ဒသမ ၉၅ အထိ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက်စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်းမှာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်း များမြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း ပြန်လည်မြင့်တက်ခဲ့ရာ စက်တင်ဘာလအထိ ဆက်လက်မြင့်တက်နေသည်ကို        တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကိုကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကျဆင်းနေပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သိသာစွာမြင့်တက်မှုမရှိဘဲ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြင့်တက်ခဲ့သည်ကိုတွေ့ရသည်။ လအလိုက် ပြောင်းလဲမှုရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် အများဆုံးမြင့်တက်ခဲ့သည်။

 

 

Most Read

Most Recent