ဒဂုံမြို့သစ် လေးမြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများကို မူလပိုင်ရှင် လယ်သမားများက ပြန်လည်ရရှိရန်တင်ပြပြီး ကုမ္ပဏီက ရာခိုင်နှုန်း ၂၀၊ အစိုးရက ရာခိုင်နှုန်း ၈၀ ဖြင့် Contract Farming လုပ်ကိုင်မည်ကို သဘောမတူကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်

ဒဂုံမြို့သစ် လေးမြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများကို မူလပိုင်ရှင် လယ်သမားများက ပြန်လည်ရရှိရန်တင်ပြပြီး ကုမ္ပဏီက ရာခိုင်နှုန်း ၂၀၊ အစိုးရက ရာခိုင်နှုန်း ၈၀ ဖြင့် Contract Farming လုပ်ကိုင်မည်ကို သဘောမတူကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသို့ ကန့်ကွက်စာလာရောက်တင်ပြသည့် တောင်သူတို့အား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထွန်း)
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသို့ ကန့်ကွက်စာလာရောက်တင်ပြသည့် တောင်သူတို့အား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထွန်း)
Published 21 November 2019
မျိုးထွန်း

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် လေးမြို့နယ်ရှိ မြေလွတ်မြေလပ်မြေရိုင်းများကို မူလလယ်သမားများက ပြန်လည်ရရှိရန် တင်ပြပြီး ကုမ္ပဏီက ရာခိုင်နှုန်း ၂၀၊ အစိုးရက ရာခိုင်နှုန်း ၈၀ ဖြင့် Contract Farming လုပ်ကိုင်မည်ကို သဘောမတူကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ နိုဝင်ဘာ ၂၀ ရက်က လယ်သမားအင်အား ၅၀ ဝန်းကျင်ဖြင့် လာရောက်ကန့်ကွက်စာ တင်ခဲ့ကြောင်း သိရသည်။

လယ်သမားများသည် သိမ်းဆည်းခံထားရသည့် မြေလွတ်မြေလပ်မြေရိုင်းဖြစ်နေသော ၎င်းတို့၏လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်ကတည်းက တရားဝင်လျှောက်ထားခဲ့ကြောင်း လယ်သမားများ၏ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဦးဖိုးဖြူက ပြောကြားသည်။

“ ကျွန်တော်တို့က ၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ရက်နေ့မှာ ဒီမြေလွတ်မြေလပ်တွေ ဖြစ်နေတာကို တရားဥပဒေကြောင်းအရ အလိုအလျောက်ကို ဖြစ်နေတဲ့မြေတွေကို ဒေသခံတွေကို စိုက်ပျိုးလုပ်ကိုင်ဖို့အတွက် ခွင့်ပြုပါ။ မြေလွတ်မြေလပ် လုပ်ပိုင်ခွင့်တွေကို ခွင့်ပြုပါလို့ ကျွန်တော်တို့တရားဝင် လျှောက်ထားခဲ့တယ်။ ပြန်လျှောက်တဲ့အခါမှာ ဘာမှအကြောင်းမပြန်ဘဲနဲ့ တစ်နှစ်ကြာတဲ့အခါကျတော့ ကျွန်တော်တို့တရားဥပဒေကြောင်းအရ လျှောက်တဲ့အချက်ကိုတော့ အသိအမှတ်ပြုပြီး မြေလွတ်မြေလပ်ဖြစ်တာကိုတော့ ကြေညာတယ်။ ဒါပေမဲ့မြေလွတ်မြေလပ်ဖြစ်တယ်လို့လည်း ပြောသေးတယ်။ ပုံစံ (၇) ရတဲ့ ကုမ္ပဏီတွေက ၂၀ ရာခိုင်နှုန်း၊ အစိုးရက ၈၀ ရာခိုင်နှုန်းယူပြီး Contract Farming လုပ်မယ်လို့ ပြောတာကတော့ သဘာဝလည်းမကျဘူး။ ဥပဒေနဲ့လည်း ညီညွတ်ခြင်း မရှိဘူး” ဟု အထက်တန်းရှေ့နေ ဦးဖိုးဖြူက ပြောကြားသည်။

ထိုသို့ မြေလွတ်မြေလပ်ဖြစ်နေသည့် မြေကို စီမံခန့်ခွဲမှုရှိသူသည် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနအဆင့်ကသာ  ပြည်ထောင်စုဥပဒေအရ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီး ပြည်နယ်ဥပဒေအဆင့်နှင့် အကောင်အထည်ဖော်၍ မရကြောင်း၊ ပြည်ထောင်စု ဥပဒေကလည်း ၎င်းအဆင့်အထိ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ယင်းကြေညာချက်သည် ချွတ်ချော်လွဲမှားနေ၍ ကန့်ကွက်ကြောင်း ဦးဖိုးဖြူက ဆက်လက်ပြောကြားသည်။

ထို့နောက် လယ်သမားများကို ကာလပေါက်စျေးမဟုတ်သည့် လျော်ကြေးကဲ့သို့ ပေးကြောင်း၊ ယင်းမြေများသည် လယ်သမားများ၏ သဘောဆန္ဒမပါဘဲ အသိမ်းခံထားရပြီး ယခုအခါ မစိုက်ပျိုးသည့်အတွက် လယ်သမားများကို ပြန်လည်လုပ်ခွင့်ပြုရန် လျှောက်ထားကြောင်း၊ ထိုသို့လျှောက်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ လက်အောက်တွင်ရှိသည့် ကော်မတီများသည် ၎င်းလျှောက်ထားချက်များကို ပိတ်သိမ်းသည့်စာများ ထုတ်ပြန်လိုက်ကြောင်း ဦးဖိုးဖြူ၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်ပြီး ဒဂုံမြို့သစ် လေးမြို့နယ်အတွင်းရှိ ၎င်းမြေလွတ်မြေလပ်မြေရိုင်းများသည် ၂၀၀၈ ခုနှစ် ဦးသန်းရွှေ လက်ထက်ကတည်းက သိမ်းဆည်းထားသည့် မြေများဖြစ်ကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

“ ဒီကိုလာရောက်ရတဲ့အကြောင်းကတော့ ၂၀၀၈ ခုနှစ်မှာ Contract Farming ဆိုပြီးတော့ လယ်ယာမြေကို ယူသွားတယ်။   ဦးသန်းရွှေလက်ထက်မှာ လုပ်သွားတယ်။ ဒါငါးနှစ် ကြာတယ်။ ၂၀၁၃ ခုနှစ်မှာ ကရုဏာကြေးအနေနဲ့ ၁၀ သိန်း ပေးတယ်။ ၂၀၁၄ မှာလည်း ကရုဏာကြေးအနေနဲ့ ၁၀ သိန်း ပေးတယ်။ လျော်ကြေးမဟုတ်ဘူး။ ပေးပြီးတော့ ကျွန်တော်တို့ကို တဲတွေ ဆောက်ထားတာတွေကို နှင်ထုတ်တယ်။  မူလလယ်ယာ ပိုင်ဆိုင်ခြင်းဆိုတဲ့ လယ်သမားကြီးများကို ပုံစံ (၇) ချမပေးဘဲနဲ့ ကုမ္ပဏီများကို ပုံစံ (၇) ချပေးခဲ့တယ်” ဟု လယ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမောင်စိုးက ပြောကြားသည်။

ထို့ပြင်ပုံစံ (၇) ရရှိသွားသည့် ကုမ္ပဏီ များက ယနေ့အချိန်အထိ ဟန်ပြသာလုပ်ပြီး စိုက်ပျိုးလုပ်ကိုင်ခြင်း လုံးဝမရှိကြောင်း၊     အချို့မြေယာများသည် စည်းကမ်းပျက်မြေယာများ ဖြစ်နေကြောင်း၊ မစိုက်ပျိုးသည့်အတွက် ပုံစံ (၇) တွင်ပါသော စည်းကမ်းချက်နှင့် ညီညွတ်ခြင်းမရှိကြောင်း၊ ထို့နောက် လယ်မြေထဲတွင် ငါးကန်တူးခြင်း၊ အုတ်တံတိုင်း ဆောက်လုပ်ခြင်းများသည် ပုံစံ (၇) တွင် ပါသည့်စည်းကမ်းချက်များကို ချိုးဖောက်ရာ ရောက်နေကြောင်း ဦးဖိုးဖြူ၏ ပြောကြားချက်အရ သိရသည်။

ထို့ကြောင့် အဆိုပါမြေလွတ်မြေလပ်များ ဖြစ်နေသည့်မြေများသည် ပြည်ထောင်စု အစိုးရအဖွဲ့က အကောင်အထည်ဖော်ရမည့်ကိစ္စကို အောက်ခြေကမျက်ကွယ်ပြုထားပြီး ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို လယ်သမားများက ကန့်ကွက်ကြောင်း၊ ၎င်းမြေလွတ်မြေလပ် ဖြစ်နေသည့်နေရာများ ရောင်းချခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ လက်အောက်ရှိ မြေလွတ်မြေလပ်မြေရိုင်း ဗဟိုကော်မတီက ဆောင်ရွက်ခွင့်ရှိကြောင်း ဦးဖိုးဖြူက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ် လေးမြို့နယ်ရှိ လယ်သမားများသည် မြေလွတ်မြေလပ်များအဖြစ် အသိအမှတ်ပြုပေးပြီး ပုံစံ (၁) ဖြင့်လျှောက်ထား အသုံးပြုခွင့်ရသည်အထိ  တရားဥပဒေဘောင်အတွင်းမှ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။