အစိုးရ၊ တပ်မတော်နှင့် RCSS ကိုယ်စားလှယ်အဖွဲ့ ချင်းမိုင်၌ အလွတ်သဘောတွေ့ဆုံ၍ နားလည်မှုလွဲခဲ့သည့် RCSS ဥက္ကဋ္ဌ၏ နေပြည်တော်ခရီးစဉ်အပေါ် ဆွေးနွေးရာတွင် ပြေလည်မှု ရရှိ

အစိုးရ၊ တပ်မတော်နှင့် RCSS ကိုယ်စားလှယ်အဖွဲ့ ချင်းမိုင်၌ အလွတ်သဘောတွေ့ဆုံ၍ နားလည်မှုလွဲခဲ့သည့် RCSS ဥက္ကဋ္ဌ၏ နေပြည်တော်ခရီးစဉ်အပေါ် ဆွေးနွေးရာတွင် ပြေလည်မှု ရရှိ
Published 20 November 2019

အစိုးရ၊ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံပွဲတွင် နားလည်မှုလွဲခဲ့သည့် RCSS အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ပြေလည်မှုရရှိခဲ့ကြောင်း RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်၌ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပရန်စီစဉ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) သို့ RCSS အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း RCSS အဖွဲ့၏ နေပြည်တော်သို့ လာရောက်မည့် လမ်းကြောင်းရွေးချယ်မှုနှင့် ပတ်သက်၍ နားလည်မှုလွဲချော်ခဲ့သည့်အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ အဆိုပါအခမ်းအနားများသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

“ ခရီးစဉ်ကိစ္စက (ဆွေးနွေးမှု) အဆင်ပြေပါတယ်။ အစိုးရဘက်ကလည်း သူတို့ အခက်အခဲ ဒီလိုရှိပါတယ်ပေါ့။ သူတို့ နားလည်မှုလွဲတယ်ဆိုတဲ့ အနေအထားနဲ့ပဲ ကျွန်တော်တို့ အချင်းချင်းကြားမှာ နားလည်မှုတွေ ရသွားပါပြီ။ ဒါကြောင့် နောက်နောင်ခရီးစဉ်ရှိတယ်ဆိုရင် ကြိုတင်ပြီး အချိန်ယူပြီးတော့ ပြန်ညှိနှိုင်းမယ်။ ပြင်ဆင်မယ်ဆိုတဲ့ အနေအထားနဲ့ နောက်နောင် ခရီးစဉ်ရှိတယ်ဆိုရင် နားလည်မှုလွဲတဲ့အဖြစ်မျိုး၊ အချိတ်အဆက်လွဲတဲ့ အဖြစ်မျိုးမဖြစ်အောင် ဝိုင်းလုပ်ကြရအောင်ဆိုတဲ့ အနေအထားနဲ့ ကျွန်တော်တို့ အဖြေရပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပခဲ့ပြီးသည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း လေးနှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနယ်စပ်မှ လွယ်တိုင်းလျဲန်း၊ ထိုမှတစ်ဆင့် တောင်ကြီး၊ တောင်ကြီးမှတစ်ဆင့် နေပြည်တော်သို့ ကုန်းလမ်းခရီးဖြင့် လာရောက်ရန် စီစဉ်ခဲ့သော်လည်း အဆိုပါလမ်းကြောင်းတစ်လျှောက်၏ လုံခြုံရေးသည် စိတ်ချရသည့် အနေအထားမရှိဟုဆိုကာ တပ်မတော်က တားဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် RCSS ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ လာရောက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုသို့ RCSS အဖွဲ့ဥက္ကဋ္ဌ၏ နေပြည်တော်ခရီးစဉ်စီစဉ်မှုနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြားပင် နားလည်မှု လွဲခဲ့ရသည့်အဖြစ်များရှိခဲ့ပြီး RCSS အဖွဲ့ဥက္ကဋ္ဌ နေပြည်တော်သို့ မလာရောက်နိုင်သဖြင့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များသာ တက်ရောက်ခွင့်ရှိသည့် အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပရန် လျာထားခဲ့သော JICM အစည်းအဝေးလည်း ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

“ ခြုံပြီးပြောရမယ်ဆိုရင် ဒီနေ့အစည်းအဝေးကတော့ အဆင်ပြေတယ်။ ကောင်းမွန်တဲ့ ရလဒ်ထွက်တယ်။ အပြုသဘော ဆောင်တယ်။ ဒီကြားထဲမှာလည်း ကျွန်တော်တို့ Bilateral အနေနဲ့ တပ်မတော်နဲ့လည်း ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် တပ်မတော် ကိုယ်စားလှယ် နှစ်ဦးပါဝင်သော ကိုယ်စားလှယ် ခြောက်ဦးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ် လေးဦး တက်ရောက်ခဲ့သည်။