ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် JICM အစည်းအဝေး အချိန်မီကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် RCSS အတွင်းရေးမှူး ပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် JICM အစည်းအဝေး အချိန်မီကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် RCSS အတွင်းရေးမှူး ပြောကြား
ထိုင်းနိုင်ငံ ချင်းမိုင်တွင် နိုဝင်ဘာ ၂၀ ရက်က ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
ထိုင်းနိုင်ငံ ချင်းမိုင်တွင် နိုဝင်ဘာ ၂၀ ရက်က ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 20 November 2019
မင်းနိုင်စိုး

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အား အချိန်မီကျင်းပနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားဗိုလ်မှူးကြီး စိုင်းငင်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှုဖြစ်နေသည်မှာ တစ်နှစ်ကျော်ကြာနေပြီဖြစ်သည့်အတွက် ယင်းကိစ္စကို ကျော်လွှားနိုင်ရန် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အချိန်များစွာယူ၍ နှစ်ဖက်အဆိုပြုချက်များကို ပြည့်စုံစွာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

JICM အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းထားပြီး အဆိုပါ ညှိနှိုင်းရေးအဖွဲ့သည် JICM အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာများကို ဆွေးနွေးအတည်ပြုပေးရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့၏ ဆွေးနွေးပွဲများနှင့် JICM အစည်းအဝေးမှာ ကျင်းပနိုင်ခြင်း မရှိသေးပေ။

“ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ ဆွေးနွေးပြီးမှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၊ လုပ်ငန်းကော်မတီ (WC)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ND)၊ စတဲ့ တရားဝင် အစည်းအဝေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ကျင်းပပြီး ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးဆီ ချီတက်နိုင်ရေး လမ်းပွင့်သွားမှာဖြစ်တာကြောင့် JICM အစည်းအဝေး အချိန်မီကျင်းပနိုင်ရေးကို ကျွန်တော်တို့အားလုံး ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာနောက်ပိုင်းတွင် ငြိမ်သက်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် စိတ်ရှည်စွာ ကြိုးပမ်းဆောင်ရွက်ပေးကြသော အစိုးရအကြီးအကဲများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ကို ကျေးဇူးအထူးတင်ရှိကြောင်း ယခုတွေ့ဆုံပွဲတွင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားသွားခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံးရပ်၊ ဖက်ဒရယ်မူများကို အတိအလင်း ပြောဆိုချပြသွားခြင်းသည် ငြိမ်းချမ်းရေးအတွက် အစိုးရ၏ ဦးစားပေးမှု၊ စိတ်အားထက်သန်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများကို အခိုင်အမာ ပြသရာရောက်သည့်အတွက် လှိုက်လှဲစွာ ကြိုဆိုကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အရေးပါမှုကို အသိအမှတ်ပြုမှု၊ ၂၁ ရာစုပင်လုံနှင့် ပတ်သက်သောအမြင်များ ထုတ်ဖော်ပြောဆိုမှု၊ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများ တိုးမြှင့်ပေးလိုသည့် အရိပ်အယောင်များ ဖွင့်ဟပြောဆိုမှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်မတော်၏ သဘောထားကို ရှင်းရှင်းလင်းလင်း ညွှန်းဆိုပြသွားခြင်းဟု မြင်ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စုသားအားလုံး လိုလားတောင့်တသည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတို့ကို NCA နှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ယခုတွေ့ဆုံပွဲတွင် တိုက်တွန်းခဲ့သည်။

ယခုတွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)၊ ကော်မရှင်အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး စသည့် တာဝန်ရှိသူများနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။