အလှဆုံးပွင့်နေသော စက်ဆီစွန်းတဲ့ပန်းတစ်ပွင့်

အလှဆုံးပွင့်နေသော စက်ဆီစွန်းတဲ့ပန်းတစ်ပွင့်
မအေးအေးမြင့် ယာဉ်တစ်စီးအား စက်ပိုင်းဆိုင်ရာပြင်ဆင်နေစဉ်
မအေးအေးမြင့် ယာဉ်တစ်စီးအား စက်ပိုင်းဆိုင်ရာပြင်ဆင်နေစဉ်
Published 18 November 2019
စည်သူ

“အငယ်ကောင်  ၁၃ ခွ ပေးစမ်းပါဦး” ဆိုတဲ့ အသံလုံးသေးသေးပိုင်ရှင် မိန်းကလေးငယ်တစ်ဦးရဲ့ အသံဟာ ရေနံ့သာပန်းခြံဝင်း ထဲက ဝပ်ရှော့တစ်ခုအတွင်းက ထွက်ပေါ်လာတယ်။

အနှီ မိန်းကလေးဟာ ပရိုဘောက်ကား တစ်စီးကို  ပြုပြင်နေရင်းက လိုအပ်တဲ့ပစ္စည်း ကိရိယာတွေကို ငယ်သားတစ်ယောက်ဆီတောင်းယူနေခြင်းဖြစ်ပါတယ်။

အသံရှင် မိန်းကလေးဟာ ကိုယ်ခန္ဓာအရွယ်အစားသေးသေးသွယ်သွယ်ပိန်ပိန် ပါးပါး၊ မျက်နှာချွန်ချွန် နှာတံထင်းထင်း မိန်းကလေးတစ်ဦးဖြစ်ပြီးတော့ သူမရဲ့ရှည်လျားတဲ့ ဆံပင်တွေကို ခေါင်းပေါ်မှာ ဆံညှပ်နဲ့လိပ် တင်ထားပါတယ်။ တဘက်တိုတစ်ထည်ကို ခါးမှာချည်၊ လက်ကိုင်ဖုန်းကို ခါးမှာထိုးကာ အလုပ်လုပ်နေပေမယ့်လည်း သူမလှုပ်ရှား နေပုံက သစ်ရွက်တစ်ရွက်လို ပေါ့ပါးလွန်းလှပါတယ်။

အသက်အရွယ်အားဖြင့် ၂၀ သာ ရှိ သေးပေမယ့် စက်ပြင်ပစ္စည်း ကွင်းခွကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုပြီး ကားတစ်စီးကို ပြု ပြင်နေတဲ့ သူမကိုမြင်သူတိုင်းအရွယ်နဲ့ လိုက်ဖက်မှုမရှိတဲ့ ဝပ်ရှော့ပညာတတ်မြောက်မှုကို အသိအမှတ်ပြုရပေလိမ့်မယ်။

“မိန်းကလေးဆိုပေမဲ့ လက်ရာလည်းကောင်းတယ်။ စိတ်လည်း စိတ်ချရတယ်။ ဒါကြောင့် လာပြင်ဖြစ်တာ။ သူကိုယ်တိုင်လည်း ဝင်လုပ်တယ်။  ကျွန်တော်ကတော့ သူကိုယ်တိုင်ဝင်လုပ်တာ စိတ်တိုင်းကျတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူလုပ်တဲ့ လုပ်ကွက်နဲ့ သူ့ တပည့်လုပ်တာနဲ့ ကားမောင်းတဲ့အချိန်မှာ သူလုပ်ထားတဲ့ဘက်က ပိုစိတ်ချရတယ်”လို့ သူမနဲ့ တစ်ရပ်ကွက်တည်းနေထိုင်ပြီး ကား လာပြင်သူ ဦးကျော်ဝင်းက ဆိုပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏရှိ ရေနံ့သာပန်းခြံ ဝင်းအတွင်းက ဆိုင်ခန်းတွေထဲမှာ ‘ဦးလှ သိန်းနှင့်သမီး’ ဂျပန်ကားအမျိုးမျိုးပြုပြင်ရေး ဆိုတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ဦးလှသိန်း ဟု အမည် နာမတပ်ထားပေသော်ငြားလည်း လက်ရှိအချိန်မှာတော့  ဦးလှသိန်းရဲ့သမီး ဖြစ်သူ မအေးအေးမြင့်က ဝပ်ရှော့ကို ဦးစီးဦး ဆောင်လုပ်ကိုင်နေခြင်းပင် ဖြစ်ပါတယ်။

နောက်လိုက်ယောကျ်ား သုံးဦးကို ဦးစီး ပြီး လုပ်ကိုင်ရတဲ့ဒီဝပ်ရှော့လုပ်ငန်းဟာ ဦးလှသိန်းမရှိတော့တဲ့အချိန်မှာ မိသားစုစားဝတ်နေရေးအတွက် မအေးအေးမြင့် ပခုံးပေါ်သို့ အလိုလိုလွှဲပြောင်း ရောက်ရှိလာခြင်းပင်။ ဒီလုပ်ငန်းဟာ သူမအတွက်တော့ တာဝန်ဟု မဆိုသာ။ ဘာကြောင့်လဲဆိုတော့ မအေးအေး မြင့်ကိုယ်တိုင်က ဝပ်ရှော့ပညာကို စိတ်ဝင်စားလို့ ကိုယ်တိုင်စိတ်လိုလက်ရ သင်ယူခဲ့ခြင်းပင်ဖြစ်တယ်။

မအေးအေးမြင့်တို့ မိသားစုမှာ သူမရဲ့ အဖေ(ဦးလှသိန်း)၊ အမေ၊ သူမအထက် အစ်ကိုသုံးယောက်နဲ့အစ်မတစ်ယောက်၊ ညီမတစ်ယောက် စုစုပေါင်း မိသားစု ရှစ်ယောက်ရှိတယ်။ အစ်ကို သုံးယောက်မှာ တစ်ယောက်က ဆေးထိုးမှားလို့ ကျန်းမာရေးချို့တဲ့သူ။ ကျန် နှစ်ယောက်ကတော့ ဦးလှသိန်းရဲ့ ဦးဆောင်မှုအောက်မှာ ဝပ်ရှော့ပညာကို လက်ဆင့်ကမ်း အမွေ ဆက်ခံခဲ့တယ်။ မအေးအေးမြင့်ကတော့ အစ်ကို နှစ်ယောက်ဆီက ပြန်လည် ဆက်ခံခဲ့သူပင်။

“အစ်ကိုတွေနဲ့ လိုက်လာတာ။ သူတို့ကပြင်တယ်။ အဖေက ဧည့်သည်လာရင် စကားပြောဆိုတော့ အစ်ကိုတွေနဲ့တတ်တာ။ ကွင်းတွေ ခွတွေ ယူပေးတဲ့ အချိန်ကတည်းက စိတ်ဝင်စားခဲ့တာ။ အစတော့ ပစ္စည်းယူပေးရင်းက နောက်ကျတော့ ဟိုဟာဖြုတ် ဒီဟာဖြုတ်နဲ့ ဒီလိုနဲ့ တတ်လာတာ။ နောက်ပိုင်း ဝင်လာတဲ့ ကားတွေနဲ့ကျတော့ ပိုပြီးအဆင်ပြေသွားတာပေါ့။ နောက်တော့ အဖေက သင်ပေးတာပေ့ါ”လို့ မအေးအေးမြင့်က ပြောတယ်။

နဂိုကတည်းက အိမ်နေရင်းလည်း ရီမုတို့ နာရီတို့ကို ပြုပြင်တတ်တဲ့ ဗီဇအခံရှိသော သူမ။ ကျောင်းပညာရေးထက် ဝပ်ရှော့ပညာကို စိတ်ဝင်စားမှု ပိုအားသန်ခဲ့သော သူမအနေနဲ့ အတန်းပညာဟာ လေးတန်းမှာ အဆုံးသတ်ခဲ့တယ်။ အောင်မြင်မှုတိုင်းဟာ လွယ်လွယ်နဲ့တော့ မရောက်တတ်ဘူးဆိုတဲ့အတိုင်း

အစ်ကိုတွေဆီက ပညာသင်ယူနေဆဲမှာပဲ မအေးအေးမြင့်တို့ မိသားစုထံ ကြမ္မာဆိုးတစ်ခု ဝင်လာတယ်။

သူမ ပညာသင်ယူနေတဲ့ အစ်ကို နှစ် ယောက်စလုံး အရက်နွံထဲ ရောက်သွားခဲ့ တယ်။ လုပ်ငန်းခွင်မှာ မအေးအေးမြင့်ကို လုပ်ကွက်ချပေးပြီး အစ်ကိုတွေက အရက်ဆိုင်ရောက်လာတယ်။ အပေါင်းအသင်းမိတ်ဆွေ တွေနဲ့လူမှုရေးအရရော အလုပ်အရပါ အရက် ကို သောက်ရာမှ ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်လာတယ်။ ဆေးရုံတက် ဆေးကုသတာ တွေ လုပ်ပေမယ့်လည်း အသောက်မလျှော့တာကြောင့် ထူးမလာခဲ့ဘူး။

ဂြိုဟ်ဆိုးဟာ ရောက်လာပြီဆိုရင် အပေါင်းအသင်းနဲ့ ဆိုသလို။ မအေးအေးမြင့်တို့ မိသားစုလည်း အံ့သြစရာကောင်းလောက်တဲ့ ကံဆိုးခြင်းကို မဖိတ်ခေါ်ဘဲ လက်ခံခဲ့ရတယ်။ သူမရဲ့ အစ်ကို နှစ်ယောက်စလုံး တစ်နေ့တစ်ရက်တည်း ဆုံးပါးသွားခဲ့တယ်။ တစ်ယောက် က မနက် ၃ နာရီ ၁၅ မိနစ်မှာ ဆုံးပါးခဲ့သလို ကျန်တစ်ယောက်က ခုနစ်နာရီခြားပြီး ၁၀ နာရီ ၁၅ မိနစ်မှာ တိမ်းပါးသွားခဲ့ရတယ်။

“နှစ်ယောက်လုံးက အရက်သောက်တယ်။ ဆေးရုံတက်တယ်။ သိပ်မကြာဘူး ပြန်သောက်တယ်။ ညီက အရင်ဆုံးသွားပြီးတော့ ခုနစ်နာရီအကြာမှာ အစ်ကိုက ဆုံးသွားတာ။ ညီဆုံးတာသိတော့ အစ်ကိုဖြစ်သူကလည်း စိတ်လျှော့လိုက်လား မသိပါဘူး။ သူ့ညီကို သဂြိုဟ်ကားတွေ ဘာတွေရောက်လာပြီး သယ်မယ်ဆိုတော့ အကုန်လုံးကိုခေါ်ပြီး သူ့သားနှစ်ယောက်ကို အဖေတို့ဆီ အပ်တယ်။ ပြီးတော့ မျက်စိတစ်ဆုံးကြည့်ပြီး အသက်ပါ သွားတာပဲ။ အခုဆို ဆုံးသွားတာ လေးနှစ်ရှိပြီ”လို့ မအေးအေးမြင့်က ဆိုတယ်။

ပညာသင်ယူရာ အစ်ကိုတွေ မရှိတော့ တဲ့နောက် မအေးအေးမြင့်တစ်ယောက် အဖေဖြစ်သူ ဦးလှသိန်းဆီမှာ ဆက်လက် ပညာသင်ယူရင်း မိသားစုတာဝန်ထမ်းခဲ့တယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် အနေနဲ့ အလှအပအတွက် အာရုံစိုက်မှုမရှိဘဲ ဝပ်ရှော့ပစ္စည်းတွေနဲ့ ကားအင်ဂျင် အစိတ်အပိုင်းတွေကသာ သူမဘဝအပေါ် လွှမ်းမိုးမှု အားကောင်းခဲ့တယ်။

စိတ်ဝင်စားမှု အားကောင်းကောင်းနဲ့ သင်ယူခဲ့တဲ့ ဝပ်ရှော့ပညာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မအေးအေးမြင့်တစ်ယောက် သူ့အဖေ အားကိုးရတဲ့ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့တယ်။ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့်လည်း ကားပျက်လို့ အပြင်လိုက်ပြင်ရတာတွေမှာ စိတ်ချရတဲ့အပြင် ညရေးညတာ အရေးပေါ် ပြင်ရမယ်ဆိုရင်လည်း မအေးအေးမြင့်တစ်ယောက် မညည်းမညူ အမြဲ အဆင်သင့်တက်ကြွနေတတ်ပါတယ်။

ပညာရပ်တစ်ခုပေါ်မှာ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီဖြစ်တဲ့ သူမအနေနဲ့ ခေတ်စနစ်နဲ့ လျော်ညီတဲ့ ပညာရေစီးကြောင်း အပေါ်မှာလည်း မျက်ခြည်ပြတ်မခံခဲ့ပါဘူး။ ကွန်ပျူတာစနစ်နဲ့ ပတ်သက်တဲ့ ဝပ်ရှော့ပညာ ရပ်ကိုလည်းသက်ဆိုင်ရာသင်တန်းတွေ တက်ရောက်ကာ လေ့လာဆည်းပူးခဲ့ပြန်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့့် မအေးအေးမြင့် တစ်ယောက် သူမယုံကြည်စွာ လျှောက်ခဲ့တဲ့ လမ်းပေါ်မှာ အစွမ်းကုန်အတောင်ဖြန့်ဖို့ အားယူနေတယ်ဆိုတာ သိသာလှပါတယ်။

“သူ့အဖေက အင်ဂျင်တစ်ခုရဲ့ အရေး ကြီးတဲ့အစိတ်အပိုင်းတွေ ပြင်ပြီဆိုအရမ်းစိတ်ဝင်စားတာ ဘေးကနေမခွာဘူး။ တက်ကြွတာလည်း ပြောမနေနဲ့တော့။  နေပြည်တော် မိုင် ၂၀၀ မှာ ကားပျက်နေတော့ သူက သွားမယ်ဆိုတာချည်းပဲ။  အဲဒါ သွားဆွဲရတာ။ ကီလို ၈၀ နဲ့ ကားဆွဲတာ သူက အနောက်ကလိုက်တယ်။ ကျွန်တော်က အရှေ့ဆွဲတာ။ အဲဒါ ပေ့ါသေးသေးပညာတော့ မဟုတ်ဘူး။ အခန့်မသင့်ရင် အကုန်သေသွားမှာ။ သူက မှတ်ဉာဏ်လည်း ကောင်းတယ်ဗျ”လို့ ရေနံ့သာ ပန်းခြံဝင်းအတွင်း ကားဆေး၊ ဘော်ဒီလုပ်ငန်းလုပ်ကိုင်သူ ကိုခင်မောင်ဦးက မှတ်ချက်ပြုပြောကြားပါတယ်။

ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ လောကကြီးမှာ ကိစ္စတိုင်းကိုတော့ ပုံသေတွက်ထားလို့ မရပြန်ပါဘူး။ မအေးအေးမြင့်အနေနဲ့ ဝပ်ရှော့ပညာမှာ ကျွမ်းကျင်တတ်မြောက်ပြီး သူ့အဖေရဲ့အားကိုးစိတ်ချရတဲ့ အခြေအနေ မှာပဲ ဘဝက တစ်ဆစ်ချိုးခဲ့ပြန်ပါတယ်။  ဦးလှ သိန်းတစ်ယောက် ကင်ဆာရောဂါကို ခံစားနေရပြီး အသိနောက်ကျတယ်ဆိုရမလား  သိလိုက်ရတဲ့အချိန်မှာတော့ စိုးရိမ်စရာ အဆင့် ဖြစ်နေပါပြီ။  

နဂိုက သတိမထားမိဘဲ ကားအင်ဂျင်နဲ့ ထိတွေ့ရတဲ့အတွက် အပူနာလို့သာ ဆရာဝန် ကမှတ်ချက်ပေးခဲ့တယ်။ အနာကလည်း ဆေးထိုးလိုက်တဲ့ အချိန်ဆိုရင် ပျောက်သွားတတ် ပြန်တယ်။ ဆေးထိုးလိုက် သက်သာသွားလိုက် နဲ့နေရာမှာ နောက်ပိုင်းအသံဝင်ပြီး လည် ချောင်းကင်ဆာမှန်း သိခဲ့ရလေတယ်။ အခု ချိန်မှာတော့ ဦးလှသိန်းတစ်ယောက် ကွယ် လွန်ခဲ့တာ သုံးလပင် ကြာမြင့်ခဲ့လေပြီ။

ဖခင်ဖြစ်သူ ဦးလှသိန်းတစ်ယောက် မရှိတော့တဲ့အချိန်မှာတော့ အိမ်လခ၊ ဆိုင်ခန်း လခ၊ မိသားစုစားဝတ်နေရေး၊ အလုပ်သမား စရိတ်စတဲ့ စရိတ်ပေါင်းများစွာသော တာဝန် တွေဟာ မအေးအေးမြင့်ဆိုတဲ့ ဖူးပွင့်စပန်း တစ်ပွင့်ပေါ်သို့ အလုံးစုံရောက်ရှိလာပါတော့မယ်။ သူ့ပညာပေါ် သူ့ယုံကြည်ချက်ကြောင့် ထင်တယ် လုပ်ငန်းခွင်ပေါ်က သူမပုံသဏ္ဌာန် ကတော့ သူယူထားရတဲ့ တာဝန်တွေအပေါ် စိုးရိမ်ခြင်း အလျင်းမရှိတဲ့ ပြုံးချိုသော မျက်နှာကို မြင်တွေ့ရပြန်တယ်။

“အဖေရှိတုန်းကတော့ နှစ်ယောက်ခွဲပြီး လုပ်လို့ရတာပေါ့။ ကျွန်မ အပြင်မှာ သွားပြင်တဲ့အချိန်ဆို အဖေက ဆိုင်မှာ ပြင်တာကိုလုပ်တယ်။ အဖေအပြင်သွားရင် ကျွန်မက ဆိုင်မှာ ပြင်တယ်။ အခုက ဆိုင်မှာက နောက်လိုက် တွေထဲမှာ တစ်ယောက်ပဲ ပြင်တတ်တာ။ အဲဒီတော့ ကိုယ့်ဘာသာပဲ။ ပြီးတော့ အလုပ်ကို နောက်ရက် မကူးချင်လို့ ည ၁၀ နာရီ၊ ၁၁ နာရီ ထိုးရင်ထိုးသွားတယ် ပြီးအောင်ပြင်တာ။ အဖေရှိတုန်းကတော့ စောပြီးတော့ စောပြန် တာပေါ့”လို့ မအေးအေးမြင့်က ခါးကြားက ဖုန်းကိုဆွဲထုတ်ရင်းက အပြုံးနဲ့ ပြောပါတယ်။

အသက်အရွယ်နဲ့ တာဝန်မျှတမှု မရှိဘူး ဆိုတဲ့ မအေးအေးမြင့်နောက်ကွယ်က ဇာတ် လမ်းကို မသိခဲ့ပါက ငယ်ရွယ်နုနယ်တဲ့ သူမ အသက်အရွယ်နဲ့ ပိန်ပါးပျော့ပျောင်းတဲ့ သူ့ သဏ္ဌာန်နောက်မှာ ဒီလိုကြီးလေးမှုတွေ ရှိနေ တာ အံ့သြစရာပင်။ တစ်ဆက်တည်းလိုပင် သူမရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ မိသားစုအပေါ် ကြည့်ရှုစောင်မမှုကိုလည်း လေးစား အတုယူရမှာ ဖြစ်ပါတယ်။

မအေးအေးမြင့်တစ်ယောက် တကယ်တမ်းတာဝန်ယူထားရတာက တစ်လအတွက် အလုပ်သမားစရိတ် ရှစ်သိန်းဝန်းကျင်၊ စားအိုးကြီးတဲ့မိသားစုအတွက် အိမ်စရိတ်ခြောက်သိန်းဝန်းကျင်၊ ဆိုင်ခန်းခတစ်သိန်းခွဲ၊ အိမ် ငှားခ နှစ်သိန်းဝန်းကျင်တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့မအတွက် စရိတ်သက်သာရာ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကိုယ်ပိုင်အိမ်လေးကို ပြန်လည်ဖန်တီး အကောင်အထည်ဖော်နေပါပြီ။

သူမတို့ နေထိုင်ရာ နေအိမ်လေး မီးလောင်ပျက်စီးသွားတဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်း အိမ်ငှားဘဝနဲ့ သင်္ဃန်းကျွန်း(က) ရပ်ကွက်ထဲ လှည့်လည်နေထိုင်ရင်းက မြေနေရာ အစားထိုးပြန်ရချိန်ကို စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၂ နှစ်ကြာသည့်တိုင် မြေပြန်မရတဲ့အတွက် မီးလောင်ခဲ့တဲ့ မြေကွက်ပေါ်မှာပဲ ငွေကြေးပြေလည်သူ ဆွေမျိုးတွေရဲ့ အကူအညီနဲ့ နှစ်ထပ်အိမ်လေးတစ်လုံးကို မအေးအေးမြင့်တည်ဆောက်နေပါတယ်။

“အိမ်က မီးလောင်ထားတော့ အပြင်မှာ ငှားနေကြတာ။ ၁၂ နှစ်ရှိပြီ ငှားနေတာ။ အရင်တော့အစ်ကိုတွေရော အဖေရောရှိတော့ ငှား နေတာက ဘာမှမဖြစ်ဘူး ကိုယ့်အတွက်က ကိုက်တယ် ထိန်းနိုင်သေးတယ်။ အခုကျတော့ တစ်ယောက်တည်းဆိုတော့ မနိုင်တော့ဘူး။ မီးလောင်ထားတဲ့ နေရာမှာ အိမ်ဆောက်နေတယ်။ အဲဒါဆိုရင် အိမ်ငှားခ သက်သာသွား တာပေါ့”လို့ မအေးအေးမြင့်က ပြောပါတယ်။

မအေးအေးမြင့်အနေနဲ့ မိသားစုတာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်လျက်ပဲ အိပ်မက်တွေကို အကောင်အထည် ဖော်ချင်စိတ်ကလည်း ကိန်းအောင်းနေပါသေးတယ်။ ဒါကတော့ သူလက်ရှိ ကျွမ်းကျင်စွာ လုပ်ကိုင်နေတဲ့ ဝပ်ရှော့ပညာနဲ့ ဝပ်ရှော့လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ပါ။ လက်ရှိငှားနေတဲ့ ၁ဝပေပတ် လည် အခန်းနှစ်ခန်းကနေ ဒီထက်ကျယ်ပြီး ဝန်ဆောင်မှု ပြည့်ပြည့်စုံစုံနဲ့ ဝပ်ရှော့တစ်ခု တည်ဆောက်ဖို့ စိတ်ကူးထားပြန်တယ်။

အသက်အရွယ်အားဖြင့် ၂၀ သာ ရှိသေး သော မိန်းမပျိုလေးတစ်ဦး။ ဘဝတစ်ခုရဲ့ အလှဆုံးသော ပွင့်ဖူးချိန်။ ဒီလိုအရွယ် ဒီလို နုပျိုမှုမှာ သူမရဲ့သွင်ပြင်လက္ခဏာ အလှအပတွေထက် မိသားစုနဲ့ပတ်ဝန်းကျင်လှပရေး အတွက် သူကျွမ်းကျင်စွာ ကိုင်တွယ်တတ်သော ကွင်းခွတွေနဲ့ ဘယ်လိုပုံဖော်ရမလဲဆိုတာ ကြီးလေးသော တာဝန်တွေကြားကနေ စဉ်းစားနေလေရဲ့။

“ကျွန်မကတော့ ကြိုးစားမယ်။ အောင်မြင်အောင် ကြိုးစားမယ်။ ရပြီဆိုရင် ထပ်ပြီးတော့ ဝပ်ရှော့ကို ဟိုက်ဒရောလစ်တွေ ဘာတွေ ညာတွေနဲ့ စနစ်တကျထပ်ဖွင့်မယ်။ အခု က ကားမြှောက်တင်တာတွေ ဘာတွေ ရှိတယ်လေ။ ကိုယ်လည်း အင်အားနိုင်ပြီဆို အဲဒီလို လုပ်မယ်”လို့ မအေးအေးမြင့်က ပြောပါတယ်။

Most Read

Most Recent