ICJ, ICC ဖိအားများနှင့် မြန်မာ ဘယ်လိုအခြေအနေမျိုးဖြင့် ရင်ဆိုင်ရမည်နည်း

ICJ, ICC ဖိအားများနှင့် မြန်မာ ဘယ်လိုအခြေအနေမျိုးဖြင့် ရင်ဆိုင်ရမည်နည်း
စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ၏ ပဥ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောကြားစဉ်
စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ၏ ပဥ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောကြားစဉ်
Published 17 November 2019
မင်းနိုင်စိုး

( ၁ )

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အမြစ်တွယ်နေသည့် ဘင်္ဂါလီအရေးပြဿနာသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုကျဆင်းစေပြီး အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ARSA အကြမ်းဖက်အဖွဲ့အစည်း၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများသည် ဒီမိုကရေစီသို့ ဦးတည်လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံအတွက် ဖြေရှင်းရန် အခက်ခဲဆုံးနှင့် အရှုပ်ထွေးဆုံး စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့သည်။

အဆိုပါ ပြဿနာကို အစိုးရအဆက်ဆက်ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဖြင့် အာဏာရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် အဆိုပါပြဿနာကို ဖြေရှင်းရန် ဆက်လက်ကြိုးပမ်းခဲ့ရာ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင်ပင် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲကင်းစခန်းသုံးခုကို ARSA အကြမ်းဖက်အဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့သည်။

ARSA အဖွဲ့၏ ထိုသို့အကြမ်းဖက်လုပ်ရပ်ကြောင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး နောက်ဆက်တွဲအနေဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့အစည်းအကြား မောင်တောဒေသတွင် ပဋိပက္ခများဖြစ်ပွားခဲ့ရာ အဆိုပါပဋိပက္ခများအတွင်း လူသေဆုံးမှုများ၊ ပျောက်ဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုများနှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုဖြစ်ရပ်များကြောင့် နိုင်ငံတကာ၏ အလယ်တွင် မြန်မာနိုင်ငံ၏ပုံရိပ်မှာ ဆိုးရွားစွာ ထပ်မံကျဆင်းခဲ့ပြီး ယင်းဖြစ်စဉ်တွင် တာဝန်ရှိသောသူများကို အရေးယူပေးရန် အထူးသဖြင့် OIC နိုင်ငံများက တောင်းဆိုခဲ့ကြသကဲ့သို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ လုပ်ဆောင်လာခဲ့သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာကို ဖြေရှင်းရန်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အရ ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့မှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်တွင် မစ္စတာကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအတွက် ငြိမ်းချမ်း၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်းရေးကို ဦးတည်ပြီး NLD အစိုးရက ဖွဲ့စည်းပေးခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်သို့ ကွင်းဆင်း၍ မြေပြင်သတင်းအချက်အလက် ကောက်ယူခြင်းများ၊ မတူညီသည့် လူမှုအသိုင်းအဝိုင်းနှစ်ခုမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းများ၊ မတူညီသည့် လူမှုအသိုင်းအဝိုင်းနှစ်ခုမှ အရပ်သားများနှင့် အကြိမ်ကြိမ် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ထိုစဉ်က နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ ကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်က ပေးအပ်ခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ရန်ကုန်မြို့၌ ၎င်းတို့ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာ ထုတ်ပြန်မှုအပြီးနောက် တစ်ရက် သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းတွင်ပင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများရှိ တပ်စခန်းဌာနချုပ်များ အပါအဝင် ရဲကင်းစခန်း ၃၀ ခန့်ကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သည်။

ထို့ကြောင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး ထိုသို့ဆောင်ရွက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့ရာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သကဲ့သို့ ARSA အကြမ်းဖက်အဖွဲ့အစည်းဘက်မှလည်း သေဆုံးဒဏ်ရာရရှိမှုများနှင့် ဖမ်းဆီးခံရမှုများ ရှိခဲ့သည်။

ယင်းပဋိပက္ခ၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရာနှင့်ချီသော ဟိန္ဒူလူမျိုးများ၊ ရခိုင်တိုင်းရင်းသားများနှင့် လူနည်းစုမျိုးနွယ်စုများမှာ ARSA အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည်ဟူသော စွပ်စွဲချက်ဖြင့် မွတ်စလင်များလည်း ARSA အဖွဲ့၏ အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရကာ သိန်းနှင့်ချီသော ဘင်္ဂါလီအများအပြားသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ပြည်ပသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားသူဦးရေ ၇၃၀၀၀၀ ကျော်သည်ဟု ဖော်ပြမှုများရှိသော်လည်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ထိပ်တန်းခေါင်းဆောင်များကမူ အဆိုပါပမာဏသည် ဖြစ်နိုင်ခြေမရှိကြောင်း ငြင်းဆိုထားကြပြီး အဆိုပါပဋိပက္ခအတွင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လူအားလုံး ထွက်ပြေးသွားခြင်းမျိုးမဟုတ်ဘဲ အချို့မှာ နေမြဲအတိုင်းကျန်ရှိနေခဲ့သည်ဟု ANP ပါတီ၏ ထိပ်တန်းခေါင်းဆောင်များက ဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် နောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားခဲ့သော မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့အစည်းတို့၏ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ်အများအပြား မီးလောင်ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ပြီး အဆိုပါမီးလောင်ပျက်စီးမှုများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား အပြန်အလှန် စွပ်စွဲမှုများလည်း ရှိခဲ့သည်။

ထိုသို့ ဘင်္ဂါလီအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်သည် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတကာမှ လူ့အခွင့်အရေးလှုပ်ရှားသူများ အထူးသဖြင့် OIC ၏ ကျောထောက်နောက်ခံရှိသော လူ့အခွင့်အရေး လှုပ်ရှားသူများသည် ယင်းဖြစ်ရပ်၏ တာဝန်ရှိသူများအဖြစ် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူရန် တောင်းဆိုခဲ့ကြသည်။

အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၏ အစီရင်ခံစာများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) စသည့် ယန္တရားများက ကုလသမဂ္ဂစင်မြင့်ထက်တွင် မြန်မာနိုင်ငံကို အလဲထိုးအနိုင်ယူနိုင်ရန် အမျိုးမျိုးသော ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

( ၂ )

ကုလသမဂ္ဂ ယန္တရားများနှင့် OIC ၏ ကျောထောက်နောက်ခံဖြင့် လှုပ်ရှားနေသည့် လူ့အခွင့်အရေးသမားများက နိုင်ငံတကာတွင် မြန်မာနိုင်ငံကို ပုံမှန်ဖိအားပေးနေရင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်တွင် ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံပြုမှုဆက်ဆံပုံနှင့် ပတ်သက်၍ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကုလသမဂ္ဂ၏ တရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice -ICJ) တွင် နိုဝင်ဘာ ၁၁ ရက်၌ အမှုဖွင့်ခဲ့သည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ္မစ်ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ The Hague ရှိ ICJ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ထိုသို့အမှုဖွင့်ရခြင်း၏ အဓိကစွပ်စွဲချက်သည် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများနှင့်ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်သည် ၁၉၄၈ ကုလသမဂ္ဂ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်အား ချိုးဖောက်ခဲ့သည်ဟုဆိုသည်။

နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို ဖြေရှင်းသော International Court of Justice – ICJ တွင် နိုင်ငံတစ်နိုင်ငံကို နိုင်ငံတစ်နိုင်ငံကသာ စွဲချက်တင်နိုင်သဖြင့် အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီများအား ထပ်မံထိခိုက်နစ်နာမှုမှ ကာကွယ်ရေးအတွက် အရေးပေါ်ဆောင်ရွက်ပေးရန် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်အရ ဒီဇင်ဘာတွင် ယခုအမှုကို ပထမဆုံးကြားနာနိုင်မည်ဟု မျှော်လင့်ကြောင်း ဂမ်ဘီယာရှေ့နေက ပြောကြားထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများအပေါ် တပ်မတော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗြိတိန်အခြေစိုက် ဘင်္ဂါလီအဖွဲ့အစည်းများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို နိုဝင်ဘာ ၁၃ ရက်တွင် အာဂျင်တီးနားနိုင်ငံ၌ အမှုဖွင့်ခဲ့သည်။

စစ်ရာဇဝတ်မှုများနှင့် လူသားများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအပါအဝင် အလွန်ဆိုးရွားသော လုပ်ရပ်များအတွက် အာဂျင်တီးနားနိုင်ငံ၏ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အရ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုကို ဘင်္ဂါလီများဘက်မှ ရှေ့နေလိုက်ပေးမည့်သူမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သောမတ်စ်အိုဟေး ကင်တားနားဖြစ်သည်။

ရက်ပိုင်းအတွင်း နိုင်ငံတကာတွင် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ များပြားလှသော စွပ်စွဲချက်များဖြင့် နိုင်ငံတကာ၏ ဖိအားများသည် မြန်မာနိုင်ငံအပေါ် အလုံးအရင်းဖြင့် ကျရောက်လာခြင်းဖြစ်ပြီး အာဂျင်တီးနားတွင် တရားစွဲဆိုမှု၌ မြန်မာ့ဒီမိုကရေစီအိုင်ကွန်ဟု ခေါ်ဆိုသုံးနှုန်းခဲ့ကြသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပင် ပါဝင်လာကာ တရားစွဲအဖွဲ့အစည်းမှာ ဗြိတိန်အခြေစိုက် ဘင်္ဂါလီအဖွဲ့အစည်းတစ်ခုဖြစ်သည့် BROUK ဖြစ်ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌမှာ ဦးထွန်းခင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂါလီမွတ်စလင်များကို မောင်းထုတ်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုချက်ကို အတည်ပြုကြောင်း အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက တပ်မတော်၏ နယ်မြေရှင်းလင်းရေးကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားကာ မြန်မာနိုင်ငံကမူ ယင်းစွပ်စွဲချက်ကို ပယ်ချထားသည်။

ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုသည် ၎င်းတို့၏ တရားစီရင်ခွင့်အတွင်းရှိသည်ဟု ICC က ဆိုထားသော်လည်း Rome Statute တွင် သဘောတူညီချက် လက်မှတ်ရေးထိုးထားမှုအပေါ်အခြေခံသည့် ICC ကို မြန်မာနိုင်ငံက ထောက်ခံခြင်းမရှိသောကြောင့် လူမျိုးတုံးသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ ICC က စုံစမ်းစစ်ဆေးနိုင်မည်မဟုတ်ပေ။

သို့သော်လည်း စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အမြဲတမ်းရာဇဝတ်ခုံရုံးဖြစ်သည့် ICC မှ တရားသူကြီးများက မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်မဟုတ်သော်လည်း နယ်စပ်ကို ဖြတ်ကျော်လျက် ICC အဖွဲ့ဝင်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တစ်စိတ်တစ်ပိုင်း ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို စစ်ဆေးရန် ICC က အရေးပိုင်သည်ဟု ပြောကြားထားသည်။

နိုင်ငံအတွင်းမှ မောင်းထုတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုနှင့် တိုင်းရင်းသားလူမျိုးစုဖြစ်ခြင်း (သို့မဟုတ်) ဘာသာရေးအပေါ် အခြေခံလျက် နှိပ်ကွပ်မှုတို့အပါအဝင် ဘင်္ဂါလီ မွတ်စလင်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် တရားစွဲဆိုသူများအား ခွင့်ပြုချက် အာမခံပေးလိုက်ကြောင်း ICC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယခုဖြစ်စဉ်တွင် စုံစမ်းစစ်ဆေးခွင့် ပြုရန်တရားရုံး၏ခွင့်ပြုချက် တောင်းခံခဲ့သူမှာ ICC မှ ဖာတူးဘင်ဆူဒါဆိုသူဖြစ်သည်။

ထို့ကြောင့် အချုပ်အားဖြင့် ယခုရက်ပိုင်းအတွင်း ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ကျရောက်လာသော နိုင်ငံတကာဖိအားများမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ The Hague အခြေစိုက် ICJ တွင် အမှုဖွင့်ခြင်း၊ ဗြိတိန်ရှိ ဘင်္ဂါလီအဖွဲ့အစည်းက မြန်မာအစိုးရနှင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့်ခြင်းနှင့် ရခိုင်ပြည်နယ်မှ အဖြစ်အပျက်များကို စုံစမ်းစစ်ဆေးရန် ICC က ခွင့်ပြုလိုက်ခြင်းတို့ ဖြစ်သည်။

(၃)

၁၉၄၅ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ကုလသမဂ္ဂတရားရုံးတစ်ရုံးဖြစ်သော International Court of Justice (ICJ) ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၆ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ကာ ၎င်း၏ တာဝန်မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တရားစွဲဆိုရာတွင် နိုင်ငံတကာ ဥပဒေများနှင့်အညီ တရားမျှတမှုရရှိရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြဿနာများအား တရားဥပဒေအကြောင်းအရ ဖြေရှင်းပေးရန် နိုင်ငံတစ်နိုင်ငံက တင်ပြလာပါက လက်ခံပေးရပြီးနောက် အဆိုပါပြဿနာအပေါ် ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ မည်သို့ဆက်လက်ဆောင်ရွက်သင့်သည်ကို ဥပဒေကြောင်းအရ အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။

International Court of Justice (ICJ) တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် နိုင်ငံတကာဥပဒေပညာရှင် တရားသူကြီး ၁၅ ဦး ခန့်အပ်တာဝန်ပေးထားပြီး ၎င်းတို့ကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုးနှစ်တစ်ကြိမ် ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။

၁၉၉၈ ခုနှစ်တွင် အီတလီနိုင်ငံ ရောမမြို့တွင် ကုလသမဂ္ဂကအပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို ဖွဲ့စည်းတည်ထောင်ရန် သဘောတူစာချုပ်မူကြမ်း ရေးဆွဲသည့် ညီလာခံတစ်ရပ် ကျင်းပခဲ့ပြီး ယင်းညီလာခံသို့ နိုင်ငံပေါင်း ၁၆၀ မှ ကိုယ်စားလှယ်များ တက်ရောက်၍ တစ်လကျော်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရာ နိုင်ငံပေါင်း ၁၆၀ အနက် ၁၂၃ နိုင်ငံက အဆိုပါစာချုပ်ကို အတည်ပြုရန် ထောက်ခံမဲပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး International Court of Court – ICC ဖွဲ့စည်းတည်ထောင်ရန်အတွက် လက်မှတ်ရေးထိုးရာနေရာဖြစ်သော ရောမမြို့ကို အစွဲပြု၍ Rome Statute ဟုလည်း ခေါ်ဆိုကြပြီး စာချုပ်ကို ၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ICC က ကိုင်တွယ်နိုင်သည့် ရာဇဝတ်မှု အမျိုးအစားများမှာ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုတစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများဖြစ်ပြီး ယင်းဖြစ်စဉ်များကို ကျူးလွန်သည်ဟု စွပ်စွဲခံရပါက ထိုပုဂ္ဂိုလ် သို့မဟုတ် ထိုအဖွဲ့အစည်းကို ခုံရုံးတင်၍ တရားစွဲဆို အရေးယူနိုင်သည်။

လူမျိုးတုံးသတ်ဖြတ်ခြင်းတွင် လူတစ်စု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း၊ လူတစ်စု၏ အဖွဲ့ဝင်များကို ခန္ဓာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လူတစ်စု၏ အသက်အန္တရာယ်ကို ထိပါးခြင်း စသည်တို့ပါဝင်သည်။

လူသားမျိုးနွယ်စုတစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများတွင် လူသတ်ခြင်း၊ ကျွန်ပြုခြင်း၊ မျိုးတုံးအောင်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်းနှင့် အသားအရောင်ခွဲခြားမှုများ ဆက်စပ်သည့် ရာဇဝတ်မှုများ ပါဝင်သည်။

စစ်ရာဇဝတ်မှုတွင် စစ်ပွဲအတွင်း ကျင့်သုံးရမည့် စစ်ဥပဒေကို လွန်ကျူးစွာ ချိုးဖောက်ခြင်း၊ ဂျီနီဗာသဘောတူညီချက်များကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ လူများကို သတ်ဖြတ်ခြင်း၊ မျိုးတုံစေခြင်း၊ နှိပ်စက်ညှဉ်းပန်ခြင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ဘာသာရေး၊ ယဉ်ကျေးမှုအထိမ်းအမှတ်၊ ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ဒေသခံလူထုကို လုံခြုံရေးကြောင့်မဟုတ်ဘဲ ရွှေ့ပြောင်းစေခြင်း စသည့်အချက်များ ပါဝင်သည်။

72960074_2441809452582548_2172951524165025792_n.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် နေရပ်စွန့်ခွာသူများမှ မိမိတို့ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူအချို့ကို အောက်တိုဘာလအတွင်းက တွေ့ရစဉ် (Photo- myanmar embassy Dhaka)

(၄)

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုကျော်က ဖြစ်ပွားခဲ့သည့် ဘော်လ်ကန် ပဋိပက္ခများတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု များကျူးလွန်ခဲ့မှု၌ ပြစ်မှုထင်ရှားသည်ဟု စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘော့စနီးယား-ဆားဘီးယား တပ်ပိုင်းတာဝန်ရှိသူ တပ်မှူးဟောင်း ရက်ကိုမလာဒစ်အား ကုလသမဂ္ဂ တရားသူကြီးများက နိုဝင်ဘာ ၂၂ ရက်တွင် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသတ်မှုနှင့် နေရပ်အတင်းအကျပ်ပြန်ပို့မှု ကဲ့သို့သော လူသားများ၏ အခြေခံအကျဆုံး အခွင့်အရေးအား ချိုးဖောက်မှုအပါအဝင် စွဲချက် ၁၀ ခုတွင် မလာဒစ်သည် ပြစ်မှု ထင်ရှားခဲ့သည်ဟု ယခင် ယူဂိုဆလားဗီးယားအတွက် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးမှ တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြသည်။

ယူဂိုဆလားဗီးယားအား ပြိုကွဲစေခဲ့သည့် လူမျိုးစုများအကြား ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည့် ၁၉၉၂-၁၉၉၅ စစ်ပွဲအတွင်း လူ ၁၀၀၀၀၀ ခန့် သေဆုံးခဲ့ရပြီး ၂ ဒသမ ၂ သန်းခန့်သည် နေရပ်စွန့်ခွာခဲ့ရမှု ဖြစ်စဉ်တွင် မလာဒစ်၏ ကွပ်ကဲမှုအောက်ရှိ အဆင်ခြင်ကင်းမဲ့သည့် ဘော့စနီးယား-ဆာ့ဘ်တပ်များသည် ဧရာမကွပ်မျက်မှုများ ဆောင်ရွက်ခဲ့ကြပြီး လူသားဘဝ သို့မဟုတ် ဂုဏ်သိက္ခာအတွက် လေးစားမှုနည်းပါး သို့မဟုတ် လုံးဝမရှိခဲ့ကြကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှ တရားသူကြီးများက ပြောကြားသည်။

မလာဒစ်သည် ၁၉၉၅ ခုနှစ် ဇူလိုင်တွင် ဆရီဘရီနီကာမြို့၌ ၎င်း၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များက မွတ်စလင်အမျိုးသားနှင့် ယောကျ်ားလေး ၈၀၀၀ နီးပါးအား သတ်ဖြတ်ခဲ့မှုတွင် ပြစ်မှုထင်ရှားသည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး ယင်းသတ်ဖြတ်မှုများသည် အဆိုပါပဋိပက္ခတွင် အဆိုးရွားဆုံး ဖြစ်ရပ်များအနက် တစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေပေါ်တွင် အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုဟု ခိုင်းနှိုင်းခံခဲ့ရသည်။

ထို့ပြင် ဘော့စနီးယား- ဆာ့ဘ်နိုင်ငံ ရေးသမားဟောင်း တစ်ဦးလည်းဖြစ်သော အသက် ၇၂ နှစ်ရှိဖြစ်သည့် ရာဒိုဗန်ကရာဇစ်သည်လည်း ဆရီဘရီနီကာ လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် မလာဒစ်ကဲ့သို့သော အလားတူစွဲချက်များအတွက် ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်တွင်မူ ကုလသမဂ္ဂခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။

(၅)

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ဖိအားများရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် သာမန်ရခိုင်အရပ်သား တစ်ယောက်အနေဖြင့်သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေဖြင့်သော်လည်းကောင်း တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာမည်လားဟူ၍ စိုးရိမ်မိသည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ၏ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

ဘင်္ဂါလီအရေးကို အကြောင်းပြု၍ ယခင်က နိုင်ငံတကာက လမ်းကြောင်းခဲ့သည့် Responsibility to Protect (R2P) နှင့် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွင် ဘင်္ဂါလီများအတွက် Safe Zone တည်ဆောက်ရန် တောင်းဆိုမှုမျိုးများ ဝင်လာမည်ကိုစိုးရိမ်သည်ဟု ဦးဦးလှစောက ပြောသည်။

ဒါပေမဲ့ နိုင်ငံ့ခေါင်းဆောင်တွေကတော့ စိုးရိမ်ပုံမရဘူး။ အေးအေးဆေးဆေးပဲ ဖြေရှင်းဖို့ ကြိုးစားကြတယ်။ ဘာမှလည်း မထိရောက်ဘူး။ သူတို့ ကိုင်တွယ်ပုံကိုလည်း ကျွန်တော်တို့ဘက်က မကြိုက်ဘူး။ နောက်တစ်ခုကလည်း ကျွန်တော်တို့ တိုက်ရိုက်ပတ်သက်နေတဲ့ ပြည်သူ့ကိုယ်စားလှယ်နဲ့သော်လည်းကောင်း၊ ရခိုင်လူမှုအဖွဲ့အစည်းက တာဝန်ရှိတဲ့သူတွေ၊ သြဇာရှိတဲ့ သမိုင်းဆရာတွေနဲ့လည်း ဘင်္ဂါလီပြဿနာတွေထဲ နှီးနှီးနှောနှော နွေးနွေးထွေးထွေး တိုင်ပင်ဆွေးနွေးတာမရှိဘူး ဟု ဦးဦးလှစောက ပြောသည်။

ဘင်္ဂါလီပြဿနာသည် ပြည်တွင်း၌ ဖြေရှင်း၍ရသည့် ပြဿနာတစ်ခုဟု ရခိုင်အမျိုးသားပါတီ (ANP) က ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြခဲ့သော်လည်း လွှတ်တော်သည် ကိုဖီအာနန်ကော်မရှင်အား တရားဝင် ဖွဲ့စည်းလိုက်ကာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများ ညီညီညွတ်ညွတ်ဖြင့် ကြံ့ကြံ့ခံဖြေရှင်းရန် ထောက်ပြမှုများကို လက်မခံဘဲ အစိုးရသည် ကိုဖီအာနန် ကော်မရှင်ထံ လွှဲလိုက်သည်ဟု ၎င်းက ဆိုသည်။

သူခိုးကို ဓားရိုးကမ်းလိုက်တာပဲ။ ဆိုတော့ ကိုဖီအာနန်ကော်မရှင်ဟာ ဟန်ပြပါပဲ။ အပေါ်ယံ ဘာမှမဟုတ်ဘူး။ ကျောလေးပုတ်ပြီး ထွက်သွားတာပဲ။ ဘာမှပြဿနာကို ဖြေရှင်းနိုင်စွမ်းလည်း မရှိဘူး။ ကိုဖီအာနန် ကော်မရှင်မှာပါတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကြံပေးချက်ဆိုတာလည်းပဲ ကျွန်တော်တို့ ထပ်ကာတလဲလဲ ပြောနေတဲ့ အကြံပေးချက်တွေပဲ။ အဲဒီတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ နောက်ဆက်တွဲပြဿနာကြောင့်လည်း တကယ့် နိုင်ငံတကာ Issue တွေ ဖြစ်လာတယ် ဟု ဦးဦးလှစောက ပြောသည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်း အားဆုပ်ကိုင်၍ အာဂျင်ဒါဖြင့် ဝင်ရောက်လာသည့်အခါ အဆိုပါပြဿနာသည် မည်သို့မျှ ဖြေရှင်း၍မရဘဲ ရှုပ်ယှက်ခတ်သွားသည်ဟု ၎င်းက ပြောသည်။

ကိုယ့်အမျိုးသားနိုင်ငံ ကိုယ့်အမျိုးသားခေါင်းဆောင်များအပေါ် နိုင်ငံတကာက ထိပါးပုတ်ခတ် စော်ကားတိုက်ခိုက်၍ စွပ်စွဲချက်အများအပြားဖြင့် အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်နေသော်လည်း မြန်မာ့ လွှတ်တော်သည် အပြုံးမပျက်ဘဲ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိစ္စ ဆွေးနွေးရန်အတွက် လွှတ်တော်တွင် နာမည်စာရင်း ပေးခြင်းဖြင့် ရှုပ်ထွေးနေခဲ့သည်ဟု ဦးဦးလှစောက ဝေဖန်သည်။

ARSA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာမှုအပေါ် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ နယ်မြေရှင်းလင်းရာတွင် အနည်းနှင့်အများ လွန်ကျူးမှုများ ရှိလာခဲ့သော်လည်း ထိုသို့ လွန်ကျူးမှုသည် လူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ကြောင်းကို ကျိုးကြောင်းဆီလျော်သည့် မှတ်ချက်များဖြင့် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံက ပြောရမည့်အစား နှုတ်ဆိတ်နေခဲ့သည့်အတွက် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကို နိုင်ငံတကာက တရားစွဲဆိုခြင်းဖြစ်ခဲ့ရသည်ဟု ဦးဦးလှစောက ပြောသည်။

တစ်ချုံလုံးကို ပိုက်ကွန်ချက်တစ်ချက်မိရင် ဆွဲထည့်မှာလို့ ပြောတာကို မထင်ကြဘူး။ ကျွန်တော်တို့ နိုင်ငံတကာရေးရာကော်မတီဆိုတာလည်း လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံတကာရေးရာ ကော်မတီကလည်း အဲဒီလောက် မစဉ်းစားတတ်ဘူး။ ဒါကို အရေးကြီး ပြဿနာလို့ မထင်ဘူး။ အခုကျတော့ ဒါတစ်ချုံလုံးပဲ ပိုက်ကွန်တစ်ခုတည်းနဲ့ တစ်ချုံလုံးကို ဆွဲစိတာပဲ ဟု ဦးဦးလှစောက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ဖိအားများဖြင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ကုလသမဂ္ဂခုံရုံးများဖြစ်သည့် ICJ, ICC တို့တွင် မြန်မာနိုင်ငံနှင့် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များ အမှုဖွင့်ခံရခြင်းသည် ဖိအားများ ထပ်မံတိုးမြင့်လာသည့် အနေအထားဖြစ်သည်ဟု နိုင်ငံတကာအရေး လေ့လာသုံးသပ်သူများက ယူဆသည်။

ရခိုင်အရေးတွင် နိုင်ငံတကာ၏ အမြင်မှာ လူ့အခွင့်အရေးကိစ္စအား ရှုမြင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်က ရှုမြင်သည်မှာ နိုင်ငံတော်လုံခြုံရေးအား ရှုမြင်ခြင်းဖြစ်ကာ ယင်းအမြင်နှစ်ခုသည် Balance ဖြစ်ရန် လိုအပ်ပြီး မြန်မာနိုင်ငံသည် Rome Statute တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် UCC နှင့်ပတ်သက်၍ စိုးရိမ်ရန်မရှိသော်လည်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မှတ်ရေးထိုးထားခြင်းကိုမူ သတိရှိရန် လိုအပ်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

လက်ရှိ ဂမ်ဘီယာက တရားစွဲတဲ့ကိစ္စတွေဖြစ်လာတယ်။ ဒါက ကုလသမဂ္ဂမှာလည်း ဖိအားတစ်ခုတော့ ဖြစ်လာနေပြီ။ အဲဒီတော့ ပြောရရင်တော့ ကျွန်တော်တို့က ဖိအားတစ်စုံတစ်ရာကတော့ အရင်ကထက် စာရင်တော့ ပိုပြီးတော့ ပြင်းထန်လာနိုင်စရာရှိတယ်။ ဘယ်လိုအခြေအနေမျိုး သွားမလဲဆိုတာ ကျွန်တော်တို့က ခန့်မှန်းရတာ နည်းနည်းခက်တယ်။ ဒါပေမဲ့ နိုင်ငံရဲ့ ပုံရိပ်တော့ ကျဆင်းတာအမှန်ပဲ ဟု ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအရေးကိစ္စ ဖြေရှင်း၍မပြီးမချင်း နိုင်ငံတကာ၏ ဖိအားများသည် မြန်မာနိုင်ငံအပေါ် ကျရောက်နေဦးမည်ဖြစ်ပြီး ဘင်္ဂါလီအရေးပြဿနာသည် ရေတိုဖြေရှင်းနိုင်မည့် ကိစ္စမဟုတ်ဘဲရေရှည်တွင် မူဝါဒများ အသေအချာချမှတ်၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကာ တချို့သောကိစ္စရပ်များတွင် အစိုးရက ပြတ်ပြတ်သားသား ပြောထားသော်လည်း ဖိအားများကမူ ဆက်လက်ရှိနေခဲ့သည်ဟု ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

ဥပမာအားဖြင့် ဘင်္ဂါလီများအား ရိုဟင်ဂျာဟု နိုင်ငံတကာက ခေါ်ဝေါ်သုံးနှုန်းမှုကို ၎င်းက ထောက်ပြခဲ့ပြီး အလွန်တိကျသေချာသည်ဆိုသည့် ဗြိတိသျှကိုလိုနီလက်ထက်တွင်ပင် ၎င်းတို့၏ မှတ်တမ်းများ၌ ယင်းအမည်နှင့်ပတ်သက်၍ တစုံတစ်ရာ ဖော်ပြခဲ့ခြင်းမရှိဘဲ ဘင်္ဂါလီများသည် ရခိုင်ဒေသရှိ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ခေါ်သွင်းလာသော လူမျိုးများသာဖြစ်သည်ဟု ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂါလီများအား အသုံးချ၍ မြန်မာနိုင်ငံထက် နိုင်ငံရေးပါးနပ်မှုသာလွန်ခဲ့ပြီး လက်ရှိအစိုးရသည်ပင် ဘင်္ဂါလီများကို အသုံးချ၍ ရွေးကောက်ပွဲနိုင်အောင် ဆောင်ရွက်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့သည် နိုင်ငံတကာတွင် လှည့်လည်၍ ဘင်္ဂါလီများကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန်ဆန္ဒမရှိဟု စွပ်စွဲ၍ မြန်မာနိုင်ငံအား အရေးယူရန် တွန်းအားပေးမှုများရှိခဲ့သည့်အတွက် ရခိုင်အရေးသည် နိုင်ငံတကာတွင် ကျယ်ပြန့်ခဲ့ရသည်ဟု ဒေါက်တာနိုင်ဆွေဦးက သုံးသပ်သည်။

ထို့ပြင် ဘင်္ဂါလီ၏ လော်ဘီများသည် နိုင်ငံတကာတွင် အထူးသဖြင့် အနောက်နိုင်ငံ အတော်များများတွင်ရှိနေပြီး ၎င်းတို့က သမိုင်းအမှန်ကိုပင် ပြောင်းပြန်ရေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ဖူးကာ အဆိုပါလော်ဘီများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအဖွဲ့အစည်းများထံ ချဉ်းကပ်၍ ဘင်္ဂါလီကိစ္စကို လော်ဘီလုပ်လိုက်သည့်အချိန်တွင် ယခုကိစ္စမှာနိုင်ငံတကာက ပိုမိုအာရုံစိုက်ရသည့် ကိစ္စဖြစ်သွားသည်ဟုလည်း ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေပေါ့။ အခုလည်း ရှိတော့ရှိနေတာပဲ။ ဒါပေမဲ့ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်။ နောက်ပြီးတော့မှ အစိုးရရော တပ်ဘက်က ခေါင်းဆောင်တွေရောကို သူတို့ဘက်က ပြစ်ဒဏ်ချတာမျိုး လုပ်လာကောင်း လုပ်လာနိုင်တယ်။ နောက်ပိုင်းကျရင်တော့ R2P ဝင်လာဖို့အတွက် ကြိုးစားမလားပေါ့။ ဒါကိုလည်း ကျွန်တော်တို့ မျှော်မှန်းထားရမယ့် အနေအထားပေါ့။ ဝင်လာဖို့ကတော့ နည်းပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က ကြိုပြီးမျှော်မှန်းထားဖို့ လိုအပ်တယ်။ အခု စွပ်စွဲနေတဲ့အချက်တွေကို ကြည့်ရရင် R2P ကို ဦးတည်နေတဲ့ဟာမျိုးကိုလည်း မြင်ရတဲ့အပိုင်းတွေတွေ့ရတယ်။ အနည်းဆုံးတော့ သူတို့ ရခိုင်ပြည်နယ်ထဲမှာ Safe Zone တည်ဆောက်မယ် ဟု ဒေါက်တာနိုင်ဆွေဦးက သုံးသပ်သည်။

ကုလသမဂ္ဂတပ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ခြေနှင့်ပတ်သက်၍ တချို့အထင်ရှိကြသည်မှာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိသျှတပ်များ ရခိုင်ပြည်နယ်သို့ ဝင်လာနိုင်မလားဟူ၍ ယူဆမှုများရှိနေကြပြီး အမှန်တကယ်တွင်မူ ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ ရာခိုင်နှုန်းအတော်များများသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်များတွင် တာဝန်ထမ်းဆောင် လေ့ကျင့်ပြီးသားဖြစ်ကာ အကယ်၍ ကုလသမဂ္ဂတပ်များ ဝင်ရန်ရှိပါက ဘင်္ဂလားဒေ့ရှ်စစ်တပ်ကသာ ဝင်ရောက်လာမည်ဖြစ်သော်လည်း ယင်းကိစ္စမှာ ဖြစ်နိုင်ခြေနည်းပါးကြောင်း ဒေါက်တာနိုင်ဆွေဦးက သုံးသပ်သည်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ The Hague အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ထိုသို့တရားစွဲဆိုခံရနိုင်ကြောင်းကို မြန်မာအစိုးရအနေဖြင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလကတည်းကပင် ရိပ်စားမိသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

ဒီကိစ္စမှာလည်း နိုင်ငံတကာ ကွန်ဗင်းရှင်းတွေ မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ကွန်ဗင်းရှင်းတွေ နောက် ဒီ ICJ ရဲ့ Mandate ပေါ့နော်။ ပြီးရင် သူ့ရဲ့ Mandate အပြင် သူ့ရဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ထုံးလုပ်နည်းပေါ့နော်။ နိုင်ငံတကာဥပဒေတွေက အများကြီးဆက်စပ်ပါတယ်။ ဆက်စပ်မှုတွေ ရှိနေတယ်။ ရှိနေတော့ မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စကို နိုင်ငံတကာဥပဒေကြောင်းအရပေါ့နော်။ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ပဲ လုပ်သွားမယ် ဟု ဦးဇော်ဌေးက ပြောသည်။

အာဂျင်တီးနားနိုင်ငံတွင် မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကို ဗြိတိန်ရှိ ဘင်္ဂါလီအဖွဲ့အစည်းတစ်ခုက တရားစွဲဆိုခဲ့သည့် ကိစ္စရပ်အား အထူးတလည်ဖြေရှင်းရန်မရှိသကဲ့သို့ ရခိုင်အရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က ဆုံးဖြတ်ခဲ့သော ကိစ္စနှင့်ပတ်သက်၍လည်း ICC ၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း မြန်မာအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားပြီးဖြစ်ကာ ယခုအချိန်အထိ ထိုသို့သာ ရပ်တည်နေဆဲဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဘင်္ဂါလီများနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စွပ်စွဲပြောဆိုမှုများကို မြန်မာအစိုးရအနေဖြင့် မျက်စိမှိတ် ငြင်းပယ်နေခြင်းမျိုးမရှိဘဲ လက်ရှိတွင် ပြည်ပမှ စိတ်ချယုံကြည်ထိုက်သော ပုဂ္ဂိုလ်များပါဝင်သည့် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အား ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ တပ်မတော်ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံး Court of Inquiry  ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုသို့စုံစမ်းစစ်ဆေးမှုများမှ အစီရင်ခံစာများ ထွက်လာသည့်အခါ နိုင်ငံတကာစွပ်စွဲမှုများအတိုင်း ချိုးဖောက်မှုများ ရှိလာပါက အစိုးရနေဖြင့် တာဝန်ရှိသူများကို အရေးယူသွားမည်ဟု ဦးဇော်ဌေးက ပြောသည်။

အချိန်အားဖြင့် တစ်နာရီကျော်ကြာ မြင့်ခဲ့သော နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ နိုဝင်ဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် နိုင်ငံတကာခုံရုံးများတွင် အမှုဖွင့်ခံထားရသည့် အခြေအနေတို့ကို ရှည်လျားစွာ ရှင်းလင်းခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်မဖော်နိုင်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကြောင့်ဟု ဦးဇော်ဌေးက ပြစ်တင်ဝေဖန်ခဲ့သည်။

သမ္မတရုံး သတင်းစာရှင်းလင်းပွဲ၏ သတင်းအချက်အလက်များအရ ၂၀၁၇ ခု နှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများထဲမှ လူဦးရေ ၄၁၅ ဦးသည် ၎င်းတို့၏ ဆန္ဒအလျောက် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာပြီး နှစ်နိုင်ငံသဘော တူညီချက်ဖြင့် ပြန်လည်လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်စတင်ရန် ကနဦးဆန္ဒပြုထားသည့် ဟိန္ဒူ ၄၄၄ ဦးသည် လုပ်ငန်းစဉ် အကောင်အထည်မဖော်နိုင်သေးသည့်အတွက် ယခုအချိန်အထိ ပြန်လည်ဝင်ရောက်လာနိုင်ခြင်း မရှိသေးပေ။

ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာမှာကျရင်တော့ ကျွန်တော်တို့ မြန်မာကိုအရေးယူပေးပါ။ ပိတ်ဆို့ပေးပါ စသည်ဖြင့် ဒါမျိုးတွေ ပြောလာတာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့ နိုင်ငံတကာဆက်ဆံရေးပေါ့နော် အထူးသဖြင့် ဒီမြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် သမိုင်းတစ်လျှောက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာတဲ့အနေအထားမှာ ဒါမျိုးတွေက မလုပ်သင့်ဘူးလို့ ကျွန်တော်တို့မြင်တယ်။ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်လာတယ်လို့ ကျွန်တော်တို့က မြင်တယ် ဟု ဦးဇော်ဌေးက ပြောသည်။

ပြန်လည်လွှဲပြောင်းလက်ခံရေးလုပ် ငန်းစဉ်ကို လျင်မြန်စွာ မစတင်နိုင်သည့်အတွက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသာ ကလေးငယ်များတွင် စာသင်ကြားရေး အခက်အခဲများ ရှိနေသကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းရှိ ဒုက္ခသည်စခန်းများတွင် အပြန်အလှန်သတ်ဖြတ်မှုများ၊ မူးယစ်ဆေးပျံ့နှံ့မှုများ၊ မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ပြောဆိုသူများကို ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်မှုများလည်းရှိနေပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မစတင်နိုင်ပါက လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာနိုင်ကာ ထိုသို့ဖြစ်လာပါက အချိန်ကြာမြင့်စွာ လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တာဝန်ဖြစ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်တွင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ပြီး ထိုသို့ရှိခဲ့မှု အပေါ်တိတိကျကျက စုံစမ်းစစ်ဆေးမှုမရှိသကဲ့သို့ စုံစမ်းစစ်ဆေးရာတွင်လည်း နောက်ကွယ်မှ တာဝန်ရှိသူများကို အရေးမယူသည့်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်သဘောမျိုး စွပ်စွဲကြသည်ဟု ဦးဇော်ဌေးက ပြောသည်။

ပြောရရင် ပြည်တွင်းက စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘဲနဲ့ ဒီနိုင်ငံတကာက ဖိအားတွေက ကျွန်တော်တို့အတွက် ပိုပြီးတော့ အနှောင့်အယှက်ဖြစ်တယ်။ အထူးသဖြင့် ဘာဖြစ်သလဲဆိုတော့ ဘာအကျိုးဆက်ဖြစ်သလဲပေါ့နော်။ ဘာအကျိုးဆက်ဖြစ်သလဲဆိုတော့ မြန်မာနိုင်ငံရဲ့ပုံရိပ်ပေါ့။ မြန်မာနိုင်ငံရဲ့ပုံရိပ်က နိုင်ငံတကာမှာတော့ တော်တော်လေး ကျဆင်းသွားတဲ့သဘောရှိတယ်။ အဲဒီအတွက် ဘာအကျိုးဆက်ရမလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားပေါ့နော်။ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာမှု စသည်ဖြင့်ပေါ့။ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဒီလိုမျိုးတွေမှာ အထိအခိုက်တွေ ရှိလာနိုင်တယ်။ Sanction တွေ ဖြစ်လာပြီဆိုရင် ဒီကိစ္စကို အကြောင်းပြုပြီး ဘာမှမဆိုင်တဲ့ တစ်နိုင်ငံလုံးကခံရမယ့် သဘောဖြစ်တယ်။ ဒါတွေက နိုင်ငံအတွက် လုံးဝကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ် ဟု ဦးဇော်ဌေးက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာအခြေအနေမှာ နိုင်ငံနှင့်ချီသော ဖိအားပေးမှုများ ရှိနေပြီး ထိုသို့ဖိအားပေးမှုများ၊ အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်လာချိန်တွင် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး လိုအပ်သည်မှာ မြန်မာနိုင်ငံ ကိုယ်ခံအားကောင်းရန်လိုအပ်ပြီး ကိုယ်ခံအားကောင်းရေးအတွက် မြန်မာနိုင်ငံသည် နိုင်ငံရေးအရ စည်းလုံးညီညွတ်ရန် လိုအပ်သည်ဟု ဦးဇော်ဌေးက ပြောသည်။

အခု ICJ ကို စွဲတာသည် မြန်မာနိုင်ငံကို စွဲတာဖြစ်တယ်။ ဘယ်သူ ဘယ်ဝါကို အမည်တပ်ပြီး စွဲတာမျိုးမဟုတ်ဘူး။ ICC ကသာ နာမည်တပ်ပြီး စွဲတာဖြစ်တယ်။ ဒါကို နားလည်ဖို့ လိုတယ်။ နားလည်ဖို့လိုတော့ ဒီလိုမျိုးဖြစ်လာတဲ့အနေအထားမှာ ကျွန်တော်တို့ ပြည်တွင်းဘက်မှာ စည်းလုံးညီညွတ်ဖို့တော့ လိုတယ်။ တစ်ယောက်တစ်ပေါက်နဲ့ နိုင်ငံရေးအယူဝါဒတွေ ဘယ်လိုပဲ ကွဲပါစေပေါ့နော်။ ဒီမတူကွဲပြားမှုတွေကို အားလုံးက တကယ်အသိအမှတ်ပြုပြီးတော့ ကျွန်တော်တို့ လက်တွေ့ကျကျပေါ့နော် ညီညွတ်မှုပြဖို့လိုတယ် ဟု ဦးဇော်ဌေးက ပြောသည်။

သို့သော် ထိုသို့သော ညီညွတ်မှုပြရန် ခက်ခဲပြီး ယင်းသို့ခက်ခဲရခြင်း၏ အဓိကအကြောင်းရင်းမှာ မူလအစွဲအလမ်းများဖြစ်သည့် လက်ယာစွန်း၊ လက်ဝဲစွန်း အစွန်းတရားများရှိနေသည့်အတွက် ခက်ခဲရခြင်းဖြစ်ကာ မြန်မာနိုင်ငံက တကယ့်ကိုကြီးမား သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ပြည်တွင်းစည်းလုံးညီညွတ်မှုက အဓိကကျသဖြင့်မည်သည့်နိုင်ငံရေးပါတီ ဖြစ်စေ၊ မည်သည့်အဖွွဲ့အစည်းဖြစ်စေ အဆိုပါအချက်ကို ထည့်သွင်းသုံးသပ်ကြရန် ဦးဇော်ဌေးက အကြံပြုသည်။

(၆)

အချုပ်အားဖြင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွင် ဖြစ်ပွားခဲ့သော မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ပဋိပက္ခအတွင်း သိန်းနှင့်ချီသော ဘင်္ဂါလီများအား တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေမှုအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို OIC နိုင်ငံများကိုယ်စား ICJ တွင် အမှု ဖွင့်ထားမှု၊ ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ICC က ဆုံးဖြတ်ခဲ့မှု၊ ဗြိတိန်အခြေစိုက် ဘင်္ဂါလီအသင်း BROUK က မြန်မာ့ခေါင်းဆောင်များကို အာဂျင်တီးနားတွင် အမှုဖွင့်ထားမှုများသည် ရက်သတ္တတစ်ပတ်အတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

နှစ်ရှည်ကြာမြင့်တတ်သော ကုလသမဂ္ဂတွင် တရားရင်ဆိုင်မှုအတွက် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျနိုင်သော်လည်း ၂၀၁၇ စာရင်းအရ လူဦးရေ ၂၀၅၁ç၃၆၃ ဦးရှိပြီး ၁၀၆၈၉ ကီလိုမီတာသာ ကျယ်ဝန်းသော ဆင်းရဲသည့် ဂမ်ဘီယာနိုင်ငံငယ်သည် OIC ၏ အထောက်အပံ့ဖြင့် ငွေကြေးအရ အမြတ်ထုတ်သွားခဲ့ပြီး ကုလသမဂ္ဂခုံရုံးတွင် မြန်မာနိုင်ငံကို တရားစွဲခြင်းဖြင့် နိုင်ငံတကာမျက်နှာစာတွင် ၎င်းတို့၏နိုင်ငံအား လူသိအောင် ဆောင်ရွက်လာသည်။

ထိုသို့ အမှုဖွင့်ထားမှုများအနက် ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားမှုအပေါ် နိုင်ငံတကာဥပဒေကြောင်းအရ မြန်မာနိုင်ငံက တုံ့ပြန်သွားမည်ဖြစ်သော်လည်း အာဂျင်တီးနား၌ အမှုဖွင့်ထားခြင်းနှင့် ရခိုင်ပြည်နယ်တွင် စုံစမ်းစစ်ဆေးရန် ICC က ဆုံးဖြတ်ခြင်းများကို တုံ့ပြန်သွားရန်မရှိဘဲ ထိုသို့မတုံ့ပြန်ခြင်းမှာ ICC ၏ ဆောင်ရွက်ချက်သည် နိုင်ငံတကာဥပဒေများအရ ညီညွတ်မှုမရှိဟူသောအပေါ်တွင် အစိုးရက ရပ်တည်ထားခြင်းကြောင့်ဖြစ်သည်။

ICJ ဟုလည်းကောင်း၊ ICC ဟုလည်းကောင်း မည်သို့ပင် ခေါ်ဝေါ်သုံးနှုန်းသည်ဖြစ်စေ ၎င်းတို့မှာ ကုလသမဂ္ဂ၏ ခုံရုံးများဖြစ်သည်ဟူသော အချက်သည် အဓိကအချက်ဖြစ်ပြီး အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ဘော်လ်ကန်ပဋိပက္ခများတွင် လူတစ်သိန်း သေဆုံးခဲ့ပြီး လူ ၂ ဒသမ ၂ သန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးစေမှုအတွက် ဘော့စနီးယား-ဆာ့ဘ် စစ်ဘက်ခေါင်းဆောင် တပ်မှူးဟောင်း ရက်ကိုမလာဒစ်အား ကုလသမဂ္ဂခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်းနှင့် ယင်းဖြစ်ရပ်အတွက်ပင် နိုင်ငံရေးခေါင်းဆောင် ရာဒိုဗန်ကရာဇစ်ကိုလည်း ယခုနှစ်အတွင်း ကုလမဂ္ဂခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။

ဘော့စနီးယား-ဆာ့ဘ်နိုင်ငံရေးသမားဟောင်းနှင့် စစ်ဘက်ခေါင်းဆောင်ဟောင်းကို ကုလသမဂ္ဂခုံရုံးက ထိုသို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခြင်းဖြစ်စဉ်သည် မြန်မာ့ခေါင်းဆောင်များ အလေးထားသင့်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး မဖြစ်လာနိုင်ဟု ယူဆထားသောအရာများ ဖြစ်လာသည့်အခါ မည်သို့ရင်ဆိုင်ဖြေရှင်းမည်ဆိုသည်ကို ညီညွတ်မှုဖြင့် ကြိုတင်ပြင်ဆင်ထားသင့်သည်။

မြန်မာနိုင်ငံကို ဂမ်ဘီယာက အမှုဖွင့်ခြင်းသည် OIC ၏ အထောက်အပံ့များ ပါနေသည့်အတွက် သေချာသည်မှာ နိုင်ငံရေးအရ ဖိအားများအလွန်များလာနိုင်ပြီး ICJ သည် ကုလသမဂ္ဂအဖွဲ့အစည်း၏ တရားစီရင်ရေး Branch တစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် ရှောင်လွဲ၍ မရနိုင်တော့ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ICJ တွင် ဖြေ ရှင်းပုံ ဖြေရှင်းနည်း မှားယွင်းခဲ့ပါက အနည်းဆုံး မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ထားသည်ဟု တံဆိပ်ကပ်ခံရနိုင်ပြီး နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ ICC ကို လက်မခံဟု ငြင်းပယ်ထားရာမှ ICC နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးမှုများ ရှိလာနိုင်သည်ဟု ဦးသိန်းထွန်းဦးက သုံးသပ်သည်။

ပိုဆိုးသွားတာက မြန်မာနိုင်ငံရဲ့ အခု ၁၉၈၂ နိုင်ငံသားဥပဒေပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး ပြင်ဆင်ရေးတို့ ဘာတို့ကို အတင်းအကျပ် ဖိအားပေးလာနိုင်တာမျိုးတွေ ရှိလာနိုင်တယ် ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ခန့်မှန်းသည်။

နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းလာသည့်အချိန်တွင် အားနည်းသည့်ဘက်မှ နိုင်ငံတကာဖိအားများ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ပြီး နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာရပ်တည်၍ အစိုးရသည် မာမာထန်ထန် တုံ့ပြန်ခဲ့မည်ဆိုပါက ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာရန်မရှိကြောင်း ၎င်းက ယူဆသည်။=

အစိုးရက ဒီကိစ္စနဲ့ပတ်သက်ရင် သိပ်အေးတိအေးစက်နိုင်လွန်းအားကြီးတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ နောက်တစ်ချက်ကတော့ အထူးသဖြင့် ဒီရခိုင်ကိစ္စမှာ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာကစပြီးတော့ ထိုးဖို့ကြိုးစားတာပေါ့။ အဲဒီ ကိုဖီအာနန်ကော်မရှင်ရဲ့အစီရင်ခံစာ ထွက်ပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည်နယ်ရဲ့ ပြဿနာက သက်သာသွားတာ မဟုတ်ဘဲနဲ့ ပြဿနာပိုပြီးဆိုးသွားတယ်လို့ ကျွန်တော်တို့မြင်တယ်။ အခုလည်း ဒီမှာ ICJ ဆိုပြီး လာပြီ။ သေချာရှင်းနိုင်ပါ့မလား ဟု သေနင်္ဂမဟာ ဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက မေးခွန်းထုတ်ခဲ့သည်။

Most Read

Most Recent