မြိတ်ကျွန်းစုမှ ဆလုံတိုင်းရင်းသားများရဲ့ ပြင်းထန်လာတဲ့ နောက်ဆုံးခံတပ်ကာကွယ်မှုနဲ့ ပုလဲကုမ္ပဏီရဲ့ ဧရိယာတိုးချဲ့မှု

မြိတ်ကျွန်းစုမှ ဆလုံတိုင်းရင်းသားများရဲ့ ပြင်းထန်လာတဲ့ နောက်ဆုံးခံတပ်ကာကွယ်မှုနဲ့ ပုလဲကုမ္ပဏီရဲ့ ဧရိယာတိုးချဲ့မှု
  ပုလဲကုမ္ပဏီကို ကန့်ကွက်နေသည့် ဆလုံတိုင်းရင်းသားများကို တွေ့ရစဉ်
ပုလဲကုမ္ပဏီကို ကန့်ကွက်နေသည့် ဆလုံတိုင်းရင်းသားများကို တွေ့ရစဉ်
Published 17 November 2019
                       ဇော်မိုးဦး (မြိတ်)

 

၂၀၁၉ ခုနှစ်အတွင်းမှာ ဆလုံတိုင်းရင်းသားများရဲ့ စိုးရိမ်စိတ်များဟာ အထွတ်အထိပ်ကို ရောက်ရှိလာကြတယ်။ အဓိကအကြောင်းရင်းက သူတို့ရဲ့ စားဝတ်နေရေးအတွက် နေ့စဉ် ရှာဖွေလုပ်ကိုင်စားသောက်ဖို့ စားကျက်နေရာတွေ တဖြည်းဖြည်း ပျောက်ဆုံးလာတော့မယ့် အနေအထားကို သူတို့သိသွားကြတာကြောင့် ဖြစ်တယ်။

မြိတ်ကျွန်းစုအတွင်း ဆလုံတိုင်းရင်းသားများ နေထိုင်တယ်ဆိုတဲ့ကိစ္စဟာ မြန်မာသာမက ကမ္ဘာကပါသိတဲ့ အကြောင်းအရာဖြစ်သလို မြန်မာနိုင်ငံမှာ ပုလဲထုတ်လုပ်ထွက်ရှိတဲ့နေရာဟာလည်း မြိတ်ကျွန်းစုပဲ ဖြစ်တယ်ဆိုတာ မြန်မာသာမက ကမ္ဘာကပါသိကြတယ်။ ယခင်က သဘာဝပုလဲကနေ နောက်ပိုင်းမှာ မွေးပုလဲတွေ ထုတ်လုပ်နိုင်လာကြတယ်။ ဆလုံတိုင်းရင်းသားများဟာ ၁၇ ရာစုမှာ မလေးရှားနိုင်ငံဘက်ကနေ ရွက်လွှင့်လာပြီး မြိတ်ကျွန်းစုအတွင်း အခြေချနေထိုင်ခဲ့တဲ့ မျိုးနွယ်စုများဖြစ်တယ်။ အဲဒီကတည်းက သဘာဝပုလဲငုပ်ခြင်း၊ ငါးဖမ်းခြင်း၊ ခရုကောက်ခြင်းစတဲ့ အသက်မွေးဝမ်းကျောင်းမှုများ ပြုလုပ်ကာ နေထိုင်ခဲ့ကြတယ်။ နောက်ပိုင်း ပြောင်းရွှေ့အခြေချသူ များပြားလာခြင်း၊ အလုပ်အကိုင် အခက်အခဲ ဖြစ်လာခြင်း၊ သူတို့နေထိုင်ရာနေရာနှင့် ကျွန်းများမှာ စီမံကိန်းများ တိုးချဲ့လာခြင်းတို့ကြောင့် ဆလုံတိုင်းရင်းသားများဟာ မြိတ်ကျွန်းစုတောင်ပိုင်းကို တဖြည်းဖြည်း ထွက်ခွာသွားကြပြီး ကျွန်းတချို့မှာပဲ နေထိုင်ကြတော့တာ တွေ့ရတယ်။

၁၉၇၂ ခုနှစ်မှာ ပုလဲကျွန်းက မောင်းထုတ်ခံရတယ်။ တစ်ရွာလုံး မီးရှို့ခံရတယ်။ ဆလုံတွေရဲ့ လှေတွေ၊ အိမ်တွေ၊ အသုံးအဆောင်တွေအကုန်မီးရှို့ခံရတယ်။ ၁၉၉၀ မှာတစ်ခါ သူတို့နေတဲ့ ကျွန်းတချို့ကနေ မောင်းထုတ်ခံရပြန်တယ်။ အဲဒီမှာလည်း အိမ်တွေ၊ လှေတွေမီးရှို့ခံရပြန်တယ်။ ဆလုံတွေကို ကျူးကျော်ဆိုပြီး မောင်းထုတ်ကြတယ်။ ပုလဲစီမံကိန်းကြောင့် သူတို့လည်း အိမ်ရှင်ကနေ ဧည့်သည်ဖြစ်ပြီး ဧည့်သည်တွေက အိမ်ရှင်ဖြစ်သွားတယ်။

“ဂျပန်တွေဝင်လာလို့ ငါတို့ထွက်ပြေးလာရတယ်။ အခုအစိုးရ လက်ထက်မှာလည်း ဂျပန်တွေဝင်တုန်းပဲ။ ငါတို့ဘယ်ကိုထပ်ရွှေ့ရတော့မလဲ။ နေဖို့ကျွန်းတွေလည်းမရှိပြီ။ ငါတို့အခုသိမ်းခံထားရတဲ့ ကျွန်းကို ပြန်လိုချင်တယ်။ ငါတို့ကုမ္ပဏီနာမည်မသိဘူး။ ဂျပန်တွေလို့ ပဲသိတယ်” လို့ ဆလုံတိုင်းရင်းသူမနိုင်းက ပြောကြားခဲ့ပါတယ်။

မြိတ်ကျွန်းစုမှာ အသံကျယ်လောင်လာတဲ့ အဓိကအကြောင်းရင်းမှာ တာဆာကီပုလဲကုမ္ပဏီက စီမံကိန်းဧရိယာ တိုးချဲ့လာမှုကြောင့်ဖြစ်ပါတယ်။ လက်ရှိ တာဆာကီလုပ်ကိုင်နေတဲ့ ဒိုမယ်ကျွန်းမှ အလွန်ဝေးလံတဲ့ (ရေမိုင် ကိုးမိုင်ကွာဝေး) ဆလုံတိုင်းရင်းသားများ နေထိုင်ကျက်စားရာ Sister Group ကျွန်းများသို့ စီမံကိန်းဧရိယာ တိုးချဲ့လာမှုမှာ ဆလုံတိုင်းရင်းသားတွေအတွက် အလွန်စိုးရိမ်စရာဖြစ်လာပါတယ်။ ပုလဲမွေးမြူခြင်း လုပ်ဆောင်ရာမှာ စည်းကမ်းတင်းကျပ်မှုများစွာရှိပြီး ဗောသီးများချထားခြင်း၊ ပုလဲမွေးစခန်းများ ဆောက်လုပ်ထားခြင်းများရှိပါက ကျွန်းတစ်ဝိုက်ကို မည်သည့် လှေ၊ မည်သည့်ဒေသခံများ ဝင်ရောက်ခွင့်မရတော့တဲ့ အချက်ဖြစ်ပါတယ်။

ဒေသခံများက ပုလဲဗောသီးတန်းတွေချထားတဲ့နေရာကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာလို့ ခေါ်ကြပါတယ်။ ဆလုံတိုင်းရင်းသားများအပြင် ဒေသခံများအတွက်ပါ လုပ်ကိုင်စားသောက်ရာ စားကျက်မရှိတော့တဲ့ အနေထားဖြစ်သွားနိုင်ပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သဘောထား တောင်းတာရှိတယ်။ အဲဒါကို တိုင်းအစိုးရအဖွဲ့အနေနဲ့ သဘောထားပေးဖို့ မြေပြင်၊ ရေပြင်မှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာသိရှိဖို့ ကျွန်တော်လာခြင်းဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ သဘောထားကို ကျွန်တော့်အနေနဲ့ ကြိုတင်ပြီးပြောပိုင်ခွင့်မရှိပါဘူး။ ကြိုလည်းမသိနိုင်ပါဘူး။ သက်မဲ့နဲ့သက်ရှိကိစ္စမှာ ကျွန်တော်က နိုင်ငံတော်ရဲ့ စီမံကိန်းတစ်ခုဟာ ဒေသခံ လူထုရဲ့ အကျိုးစီးပွား ကြည့်ရမယ်။ တိုင်းဒေသကြီးတစ်ခုလုံးရဲ့ အကျိုးစီးပွားကြည့်ရမယ်။ နိုင်ငံတော်ရဲ့အကျိုးစီးပွားကြည့်ရမယ်။ ဒီအပေါ်မှာ အခြေတည်ပြီး ဆုံးဖြတ်ရမှာပါ။ ဒီဟာကတော့ တာဆာကီကုမ္ပဏီလို့ အများကသိကြတာပေါ့။ နိုင်ငံတော်က ရေပြင်မြေပြင်ပေးတယ်။ ထုတ်လုပ်မှုအပေါ်မှာ၂၅ ရာခိုင်နှုန်းရတယ်။ အခုနောက်ပိုင်းမှာ ၂၀ ရာခိုင်နှုန်းက နိုင်ငံတော်၊ ၈၀ ရာခိုင်နှုန်းက ကုမ္ပဏီဖြစ်သွားတယ်။ လူထုရဲ့အကျိုး၊ တိုင်းဒေသကြီးရဲ့အကျိုး၊ နိုင်ငံတော်တစ်ခုလုံးရဲ့ အကျိုးစီးပွားကိုကြည့်ပြီးဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်” လို့ တိုင်းဒေသကြီး သယံဇာတနှင့်  သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရက ၂၀၁၉ မေလကတည်းက သဘောထားမှတ်ချက်တောင်းထားတာကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ သဘောထားမှတ်ချက်ပေးရန် တိုင်းအစိုးရက တွန့်ဆုတ်နေတယ်လို့ ယူဆနေတဲ့အပေါ် ဒေသခံများအကြား သံသယများစွာဖြစ်တည် လာကြပါတယ်။

ကုမ္ပဏီကလည်း အကြိမ်ကြိမ်လာတွေ့ဆုံသလို အစိုးရအဖွဲ့နဲ့ တပ်မတော်ကလည်း လာရောက်တွေ့ဆုံခဲ့ရာ ဆလုံတိုင်းရင်းသားများက ဧရိယာတိုးချဲ့လာမှုကို လုံးဝသဘောမတူကြောင်း ပြောကြားခဲ့ပြီးဖြစ်ရာ အဘယ်ကြောင့် တွန့်ဆုတ်နေသလဲဆိုသည့်မေးခွန်းကို မေးစရာရှိလာကြောင်း ဆလုံတိုင်းရင်းသားများအရေး ဆောင်ရွက်နေသူများက ပြောကြားခဲ့ပါတယ်။

“EITI ရဲ့အစီရင်ခံစာအရ ပုလဲကရတဲ့အခွန်ငွေဟာ GDP အရ ပြောမယ်ဆိုရင် သုညဒသမ သုညလေးရာခိုင်နှုန်းပဲရှိတယ်။ သယံဇာတကရတဲ့ဝင်ငွေ အများဆုံး ၆၉ ရာခိုင်နှုန်းဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်ပြီး ပုလဲက တစ်ရာခိုင်နှုန်းပဲရတယ်။ အချိုးကျ ကြည့်လိုက်ရင် သယံဇာတတစ်ခုလုံးရဲ့ တစ်ရာခိုင်နှုန်းကိုပဲ ကာဗာဖြစ်တယ်။ GDP အရ တွက်ကြည့် ၀.၀၄ ရာခိုင်နှုန်းပဲ ကာဗာဖြစ်တာဆိုတော့ ဌာနေတိုင်းရင်းသားတွေ ထိခိုက်နေတာနဲ့ တန်သလား မတန်ဘူးလားဆိုတာ အစိုးရအနေနဲ့ ပြန်သုံးသပ်ဖို့လိုမယ်။ ဒေသခံရဲ့ အဖြေက ရှင်းလင်းပါတယ်။ ဒါကြောင့် အစိုးရဘက်ကလည်း ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးသင့်တယ်” လို့ Citizen’s Action for Transparency (CAFT) မှ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ပြောကြားခဲ့ပါတယ်။

ဆလုံတိုင်းရင်းသားများ အနေဖြင့် ကြုံတွေ့နေရတဲ့အခက်အခဲများကို နေပြည်တော်အထိ သွားရောက်တင်ပြခဲ့ပြီးဖြစ်ပေမယ့် ပြည်သူ့အစိုးရက ဘာမှ ရှင်းရှင်းလင်းလင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့ အပြင်စီမံကိန်းအဆောက်အအုံများနဲ့ ဗောသီးများပါ ချထားလာတဲ့အတွက် တိုင်းရင်းသားများအနေဖြင့် ယုံကြည်မှု ကင်းမဲ့လာပြီဖြစ်ကြောင်း သိရပါတယ်။

“လငန်းက ကျွန်မရွာပေါ့။ ပုလဲလာမွေးမယ်ဆိုရင် ကျွန်မလက်မခံဘူး။ ကျွန်မတို့ဆင်းရဲသားတွေ ဒီအလုပ်ပဲရှိတယ်။ အခုတော့ ပုလဲမွေးမယ်ဆိုတော့ ကျွန်မဘာလုပ်ရမလဲ။ ကင်းမွန်လည်းမမျှားရ၊ ငါးလည်းမမျှားရ။ ဒါကြောင့် ကျွန်မလက်မခံဘူး။ ဘယ်လောက်ပေးပေး လက်မခံဘူး။ ဒီလိုမွေးလာရင် ကျွန်မက ဘယ်နားမှာသွားလုပ်စားရမလဲ။ ကျွန်မမှာ မြေးလည်းရှိတယ်။ သမီးလည်းရှိတယ်။ အားလုံးငတ်ပေါ့။ ဆလုံမှာ လိုက်ရှာစားဖို့ ဝေးဝေးလံလံလည်း နေရာမရှိတော့ပြီ။ ဒီတစ်ရွာပဲကျန်တော့တယ်။ ဒါကြောင့် ဆလုံမှာ ထမင်းစားနေရတယ်။ ကျွန်မဒီရွာလေးကိုတောင်းချင်တယ်။ သူတို့က ကျွန်မကိုမပေးချင်ဘူး။ ကျွန်မ ဒါကို လုံးဝမကြိုက်ဘူး။ သဘောမတူဘူး။ ဘယ်လောက်လာထည့်ထည့် (ငွေဘယ်လောက်ပေးပေး) သဘောမတူဘူး။ နင်တို့ကြောင့် တို့ဒုက္ခဖြစ်မယ်။ ထမင်းငတ်လာမယ်။ တစ်သက်လုံးလာမပေးနဲ့ (လာမထည့်နဲ့)။ မကြိုက်ဘူး။ သဘောမတူဘူး။ ဆလုံအပေါ်မှာ တအားနှိပ်စက်ကြတယ်။ လုံးဝမကောင်းကြဘူး” လို့ လငန်းရွာမှ ဆလုံအဘွားအိုဒေါ်ပုက ပြောကြားခဲ့ပါတယ်။

ပုလဲကုမ္ပဏီများကြောင့် ဆလုံများ ပြောင်းရွှေ့ထွက်ပြေးနေရတာကို အဘွားအိုက ရှေ့မီနောက်မီ ဖြစ်တဲ့အတွက် ကြိုတင်သိနေခြင်းဖြစ်ပါတယ်။ သူတို့မှာ ပြေးစရာနေရာမရှိတော့ပြီ။ ဒီရွာလေးက နောက်ဆုံးရွာလေးဟုပြောခဲ့ပါတယ်။။ ဆလုံတိုင်းရင်းသူ အဘွားအိုနှစ်ဦးကိုယ်တိုင် နေပြည်တော်အထိ သွားရောက်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေကို သွားရောက်တင်ပြထားခဲ့သော်လည်း အခြေအနေက ယခုအထိဝေ၀ါးဝါးသာ ဖြစ်နေပါတယ်။

မြိတ်ကျွန်းစုအတွင်း ပုလဲမွေး မြူရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီ ၁၀ ခုကျော်ရှိပါတယ်။ တာဆာကီကုမ္ပဏီအပါအဝင် ပုလဲမွေးမြူတဲ့ ကုမ္ပဏီတစ်ခုကိုမှ ဒေသခံများနဲ့ ဆလုံတိုင်းရင်းသား ကန့်ကွက်နေခြင်းမရှိပါ။ ယခုကန့်ကွက်နေခြင်းက ထပ်မံတိုးချဲ့လာတဲ့ ဧရိယာမှာ ဆလုံတိုင်းရင်းသားများ နေထိုင်ကျက်စားရာ ဒေသဖြစ်နေတဲ့အတွက် ဆလုံတွေ ထမင်းငတ်ပြီး ဒုက္ခရောက်ကုန်မှာစိုးရိမ်ခြင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ခွာသွားမည်ကိုစိုးရိမ်ခြင်း၊ (ထိုင်းနိုင်ငံက ဆလုံများကို အမြဲတမ်းကြိုဆိုလျက်ပါ)၊ တိုင်းပြည်တွင် တိုင်းရင်းသား မျိုးနွယ်စုတစ်ခု ထပ်မံပျောက်ကွယ်သွားမည်ကို စိုးရိမ်ခြင်း (ယခုဆလုံ လူဦးရေ ၁၇၀၀ ကျော်သာကျန်ရှိ)တို့ကြောင့် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဝန်းရံနေခြင်းဖြစ်ပါတယ်။

ဒါကိုအစိုးရက သိလျက်နှင့် အဘယ်ကြောင့် နှုတ်ဆိတ်နေပါသလဲ။ တွန့်ဆုတ်နေသလဲဆိုတာ ပြည်သူများ မေးခွန်းထုတ်စရာရှိလာပါတယ်။ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများရဲ့အသံကို နားထောင်ပါက ဆလုံတိုင်းရင်းသားများ အသနားခံ တင်ပြနေတဲ့ ခင်ပြည့်စုံကျွန်း(လငန်းရွာဆလုံများ လက်ရှိနေထိုင်)၊ လှိုင်းကျွန်း၊ ခင်ဦးကျွန်း၊ စောပုကျွန်း၊ စောမွန်လှကျွန်းများဟု ခေါ်သော ဆလုံများရဲ့လက်ငါးချောင်းကျွန်းတန်း၊ ကုမ္ပဏီများပြောနေတဲ့ Sister Group ကျွန်းလေးကိုတော့ ချန်ထားပေးသင့်ကြောင်း ကျေးရွာများမှာ ကျွဲနွားများအတွက် စားကျက်မြေနေရာကို အစိုးရက သတ်မှတ်ပေးထားသလို လူသားမျိုးနွယ်ဖြစ်တဲ့ ဆလုံတိုင်းရင်းသားများရဲ့ စားကျက်ကိုတော့ အစိုးရက မသတ်ပေးနိုင်ရင် ဘယ်လိုအစိုးရမျိုးဖြစ်သွားနိုင်မလဲ။ ဆလုံတိုင်းရင်းသား အကွေးပြောသွားတာက “ဆလုံကိုသနားပြီး အစိုးရကကူညီမယ်ဆိုရင် ဆလုံက အစိုးရကိုကျေးဇူးတင်မှာပါ” တဲ့။ ဆလုံတိုင်းရင်းသူ မော်ငိုင်းပြောသွားတာက “လူကြီး သနားရင်ပေးပေါ့။ လူကြီးမသနားရင်လည်းပြီးပေါ့။ လူကြီးသဘောပဲတဲ့” ကဲ ... ကျန်တာလူကြီးသဘောပဲ။

       

 

Most Read

Most Recent