ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေး ကိစ္စနှင့်ပတ်သက်၍ စက်ခလုတ်နှိပ်၍ ဆန္ဒမဲ ရယူရာတွင် ထောက်ခံဆန္ဒမဲ ၄၂၉ မဲရရှိခဲ့ပြီး ထောက်ခံဆန္ဒမဲများသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပဥ္စမနေ့တွင် ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ်အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လွှတ်တော်၌ပြန်လည်ရှင်းလင်းဆွေး နွေးခဲ့သည်။
“ပညာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းအကျုံးဝင်အရည်အသွေးမီ ပညာရေး လုပ်ငန်း အစီအစဉ်အား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ် ၏အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (International Development Association-IDA) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ အပြင် (Global Partnership For Education-GPE) ထံမှ လှူဒါန်းငွေ အမေရိ ကန်ဒေါ်လာသန်း ၇၀ နှင့် (European Union-EU) ထံမှ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၁၀ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၁၈၀ ဖြင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။
စီမံကိန်းဝင်မြို့နယ်အဖြစ် ရွေးချယ်မှု တွင်ပါဝင်သည့် မြို့နယ်များသည် IDA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လျာထားချက်တင်ပြမှုသာဖြစ်ပြီး စီမံကိန်းအတွက်ရွေးချယ်မှုတွင်မပါဝင်သည့် မြို့နယ်များအတွက်ကိုလည်း ပညာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆက်လက်ပံ့ပိုးအားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ်တွင် အဓိကအားဖြင့် (၁) အခြေခံပညာရေးအတွက် Access & Quality အပိုင်းများကို အဓိက ထားပံ့ပိုးဆောင်ရွက်မည်အစီအစဉ်၊ (၂) ကျောင်းပြင်ပပညာရေးအစီအစဉ်နှင့် တိုင်းရင်းသားပညာရေးလုပ်ငန်းအစီအစဉ်၊ (၃)ပြည်သူ့ဘဏ္ဍာရေးလုပ်ငန်းများကို စီမံခန့်ခွဲ မှု နည်းပညာပေးမည့် အစီအစဉ်နှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စီမံခန့် ခွဲမှုအစီအစဉ်နှင့် (၄) လုပ်ငန်းတစ်ခုချင်းအလိုက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ (ပစ္စည်းဝယ်ယူရေး၊ ပညာရှင်ငှားရမ်းခေါ်ယူ ရေးနှင့် နည်းပညာဆိုင်ရာကြီးကြပ် အကဲ ဖြတ်ခြင်း M&E) စသည့်လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ တင်ပြခဲ့သည်။
ဒုတိယဝန်ကြီးက “ပညာရေးဝန်ကြီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် (Inclusive Access and Quality Education - IAQE) နှင့်စပ်လျဉ်းပြီး စီမံကိန်းလုပ်ငန်းတစ်ခုလုံး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့ဝင်များ၊ မိဘပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကမ္ဘာ့ဘဏ်၏အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (International Development Association- IDA) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေး ယူခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြ အပ်ပါတယ်” ဟု နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပဥ္စမနေ့တွင် တင်ပြခဲ့သည်။
ပညာရေးဝန်ကြီးဌာန၏ လူတိုင်း အကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေ ရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေး ကိစ္စနှင့်ပတ်သက်၍ စက်ခလုတ်နှိပ်၍ ဆန္ဒမဲ ရယူရာတွင် ထောက်ခံဆန္ဒမဲ ၄၂၉ မဲ ရရှိခဲ့ပြီး ကန့်ကွက်မဲနှင့် ကြားနေမဲမရှိဘဲ ထောက်ခံဆန္ဒမဲများခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန် မြတ်က ကြေညာသည်။















