ခန္တီးမြို့နယ်အတွင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော တရားမဝင် ရွှေတူးဖော်သည့် ပစ္စည်းကိရိယာများ လေလံတင် ရောင်းချ

ခန္တီးမြို့နယ်အတွင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော တရားမဝင် ရွှေတူးဖော်သည့် ပစ္စည်းကိရိယာများ လေလံတင် ရောင်းချ
လေလံတင်ရောင်းချသည့် ပစ္စည်းများကို တွေ့ရစဉ်(ဓာတ်ပုံ- ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး)
လေလံတင်ရောင်းချသည့် ပစ္စည်းများကို တွေ့ရစဉ်(ဓာတ်ပုံ- ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး)
Published 15 November 2019
မဖေငြိမ်း

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်း ပိုင်ရှင်မဲ့ဖမ်းဆီးမိသည့် တရားမဝင် ရွှေတူးဖော်သည့် ပစ္စည်းကိရိယာများအား လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ခန္တီးမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုခဲ့‌သော ပိုင်ရှင်မဲ့ဖမ်းဆီးရမိသည့် ပစ္စည်းများကို ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပစ္စည်းပိုင်ရှင်ဖြစ်ကြောင်း လာရောက်တင်ပြရန် ကြေညာခဲ့သော်လည်း တင်ပြခြင်းမရှိသည့်အတွက် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းပြီး လေလံတင် ရောင်းချခဲ့ခြင်း‌ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသော ပစ္စည်းများမှ အချို့အား မီးရှို့ဖျက်ဆီးပြီး အချို့ကို နိုဝင်ဘာ ၁၃ ရက်တွင် လေလံတင် ‌ရောင်းချခဲ့ခြင်းဖြစ်ပြီး ကျန်ရှိပစ္စည်းများကိုလည်း ဆက်လက်လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်၏ ပြောကြားချက်အရ သိရသည်။   

“ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပြီးတော့ ရဲစခန်းမှာ ထိန်းသိမ်းထားတာတဲ့ ဟာတွေပေါ့။ ပိုင်ရှင်ရှိရင် ခြောက်လအတွင်း လာဆက်သွယ်ပါဆိုပြီး ဥပဒေအရ အသိပေးကြေညာပေမဲ့ ခြောက်လအတွင်း ဘယ်သူမှ လာမဆက်သွယ်တော့ ဒါကို တိုင်းအစိုးရကို တင်ပြပြီးတော့ လုပ်ထုံးလုပ်နည်းအတိုင်း လေလံတင် ရောင်းချတာပေါ့။ သုံးမရတဲ့ ပိုက်တိုပိုက်စတွေ ရွှေမျောခံတဲ့ အိတ်ဖတ်တွေကိုတော့ ဖျက်ဆီးပစ်လိုက်တယ်။ ရေခရုတို့ စက်တို့ လှေတို့ အဲဒါတွေတော့မနေ့က ရောင်းပြီးသွားပြီ။ ကျန်တာကတော့ ဆီတွေ ကျန်ထားတယ်။ ဆီ ၆၆၄ ဂါလန် ကျန်သေးတယ်။ အဲဒါတွေကိုလည်းဆက်ပြီး လေလံတင် ရောင်းချသွားမယ်” ဟု ဦးခင်မောင်ဆင့်က ပြောကြားသည်။

လေလံတင်ရောင်းချသည့် ပစ္စည်းများတွင် ပိုက်ပျော့များ၊ နော်ဇယ်ခေါင်း၊ လည်ချောင်းပိုက်၊ အင်ဝိုင်း၊ အိတ်ဖတ်၊ ရေခရု၊ ဆီပီပါခွံ၊ ချန်ချိုင်းအမျိုးအစား (၂၅) ကောင်နှင့် (၂၈) ကောင်တရုတ်နိုင်ငံလုပ် အင်ဂျင်စက်များ၊ ဒီဇယ်ဆီများ၊ သစ်သားလှေနှင့် ဟွန်ဒါစက်များ ပါဝင်ပြီး ပစ္စည်းများကို လက်ရှိပေါက်စျေးအတိုင်း လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ရရှိငွေများကို ပစ္စည်းများအားလုံး လေလံတင် ရောင်းချပြီးမှ သိနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခန္တီးမြို့နယ်အတွင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော တရားမဝင် ရွှေတူးဖော်သည့် ပစ္စည်းကိရိယာများအား ယခင်ကလည်း လေလံတင် ရောင်းချခဲ့ဖူးကြောင်း သိရသည်။

 

 

Most Read

Most Recent