စစ်ကိုင်းပြတ်ရွေ့သည် တစ်နှစ်လျှင် ၁၂ စင်တီမီတာ ရွေ့လျားနေပြီး တစ်နှစ်ထက် တစ်နှစ် ငလျင်လှုပ်ခတ်မှုများ ပိုမိုစိတ်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
“ လူတွေကနေ မြေအောက်ရေတွေ အလွန်အကျွံ သုံးစွဲတာပဲဖြစ်ဖြစ်၊ သဘာဝဓာတ်ငွေ့တွေ တူးဖော်မှုများလာပြီဆိုရင် ကျောက်သားတွေအောက်မှာ ခံထားတဲ့ ရေထုထည်တွေ လျော့ကျပြီးတော့ ကျောက်သားတွေက ရွေ့လာနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ကျောက်သားတွေက တစ်ခုနဲ့တစ်ခု တွန်းတိုက်နေတယ်။ အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ်က တစ်ခုနဲ့တစ်ခု တွန်းတိုက်နေတဲ့ အနေအထားကြောင့် စစ်ကိုင်းပြတ်ရွေ့က တစ်နှစ်ကို ၁၂ စင်တီမီတာလောက် ရွေ့နေတဲ့အနေအထား ရှိတယ်။ အရင်တုန်းက သေချာမသိခဲ့ဘူး။ အခု သုတေသန လုပ်လာတဲ့အခါ သိလာရတယ်။ ဒီဟာတွေ ရွေ့နေရင်းနဲ့ သူရဲ့အပိုင်းအစလေးအောက်ကို ကျသွားတာဖြစ်ဖြစ်၊ တွန်းတိုက်ရင်းနဲ့မှ အပေါ်ကို ထောင်တက်လာရင်လည်း မြေငလျင်လှုပ်တဲ့ အနေအထားလေး ရှိတယ်။ ဒီလိုရွေ့နေတဲ့အတွက် ငလျင်လှုပ်တဲ့ အရေအတွက်က ပိုပြီးတော့ စိတ်လာတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မြေငလျင်နှင့်ပတ်သက်ပြီး မြေငလျင် ပညာရှင်များက မြေငလျင်အသေးများ ဆက်တိုက်လှုပ်ခတ်ပါက ငလျင်အကြီးများ မလှုပ်ခတ်နိုင်ဟု ပြောကြားမှုများ ရှိသည့်အပြင် ငလျင်အသေးများ လှုပ်ခတ်မှုများကြောင့် ငလျင်အကြီးများ လှုပ်ခတ်နိုင်သည်ဟု အမျိုးမျိုးယူဆမှုများ ရှိနေကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
“ မြေငလျင်နဲ့ပတ်သက်ပြီး ဘယ်အချိန်မှာ လှုပ်မယ်။ ဘယ်လောက်အင်အားနဲ့ လှုပ်မယ်ဆိုတာကို ကမ္ဘာပေါ်မှာ ဘယ်သူမှ မခန့်မှန်းနိုင်သေးဘူး။ တွက်ထုတ်လို့ မရသေးဘူး” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မြေငလျင် လှုပ်ခတ်မှုသည် ကျောက်သားထုချပ် နှစ်ခုတစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုံ့လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါ တွန်းတိုက်သည့် နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက် ရုန်းကန်ကာ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်- တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်းအရှေ့၊ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားရနိုင်သည်။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။
ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။















