နိုဝင်ဘာ ၁၂ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တာမွေမြို့နယ်တွင် တိမ်းစောင်းခဲ့သည့် အထပ်မြင့်တိုက်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ နိုဝင်ဘာ ၁၃ ရက်တွင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဖြစ်ဖြစ်ချင်း မြေပြင်မှာ ဘာတွေဖြစ်လဲဆိုတာ စုံစမ်းတော့ အာသောကလမ်း၊ နတ်ချောင်းဘက်က တိုက်နှစ်လုံး ပူးသွားတယ်ဆိုတာကို စသိရတယ်။ အဲဒီအချိန်မှာ မြို့တော်ဝန်တွေက စိုးရိမ်တဲ့အခါ မြို့တော်ဝန်ရော၊ ဒုမြို့ဝန်ရော၊ ကော်မတီဝင်တွေရော ဆင်းလာပြီး အကုန်လုံးလိုက်ကြည့်တယ်။ အဓိကကတော့ သတိပဌာန်လမ်းထောင့်က KBZ ဘဏ်နဲ့ အထပ်မြင့်တိုက် တိမ်းစောင်းမှုရှိလား၊ လောလောဆယ် ဘာကိုကြည့်ရလဲဆိုတာ အဆောက်အအုံက လတ်တလော လူနေလို့ဖြစ်သေးလား ဆိုတာကို အရင်ကြည့်လိုက်တယ်။ ပြိုစရာမရှိတော့ လူနေထိုင်ခိုင်းတယ်။ ဒီနေ့ကွင်းဆင်းတာက လူတွေအတွက် အန္တရာယ်ရှိလားဆိုတာကို လာကြည့်ပေးတာ” ဟု တာမွေမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောကြားသည်။
ယခုကွင်းဆင်းစစ်ဆေးမှုများနှင့် ပတ်သက်၍ အထပ်မြင့်တိုက်များ မည်မျှတိမ်းစောင်းခဲ့သနည်း၊ ပညာရှင်များက တွက်ချက်ပြီး ခွင့်ပြုထားနိုင်သည့် တိမ်းစောင်းမှု၊ လူများအတွက် အန္တရာယ်ရှိနိုင်မှုရှိမရှိကို ဘုတ်အဖွဲ့က ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးအောင်မျိုးလင်းက ပြောကြားသည်။
“ တိမ်းစောင်းမှုကို သူတို့က တစ်လတစ်ကြိမ် လာတိုင်းလို့ရတယ်။ လာတိုင်းနေပြီးမှ ထက်ပြီးတော့ တိမ်းစောင်းသွားရင် ဘယ်လိုလုပ်မလဲဆိုတာကို ကြိုတင်ပြီး အချက်အလက်တွေ စုတာပေါ့။ တကယ်လို့ လာစစ်လိုက်လို့ လူတွေအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုရင် ဘုတ်အဖွဲ့အနေနဲ့ တစ်မျိုးစဉ်းစားမှာ ဖြစ်တယ်” ဟု ဦးအောင်မျိုးလင်းက ပြောကြားသည်။
တာမွေမြို့နယ်အတွင်း တိမ်းစောင်းခဲ့သည့်နေရာ လေးနေရာရှိကြောင်း၊ မအူကုန်းထိပ်ရှိ တိမ်းစောင်းနေသည့် တိုက်သည် ယခင်ကတည်းက တိမ်းစောင်းနေသည့်တိုက်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ကွင်းဆင်းလေ့လာခဲ့သည့် အထပ်မြင့်တိုက်များသည် ငလျင်လှုပ်ခတ်ခဲ့သည့်နေ့တွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက လာရောက်ကြည့်ရှုခဲ့သည့် နေရာများကို လေ့လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးလင်းက ပြောကြားသည်။
“ ကျွန်တော်တို့မြို့နယ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စည်ပင်သာယာက ဆွေးနွေးထားတာရှိတယ်။ တကယ်လို့ ငလျင်များ အကြီးအကျယ်လှုပ်ခဲ့ရင် ဘယ်လိုများ အန္တရာယ်တွေရှိနိုင်လဲဆိုပြီး ပြန်ပြီး Servey တွေ ကောက်ဖို့ရှိတယ်။ တချို့တိုက်တွေဆို ၁၉၈၈ လောက်ကတည်းက ဆောက်ထားတဲ့ နှစ်ပေါင်း ၃၀ လောက်ရှိနေတဲ့ တိုက်တွေရှိတယ်။ ကြံ့ခိုင်ရေးမကောင်းတဲ့ တိုက်တွေ လိုက်စစ်ဖို့ စည်ပင်ကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးထားတယ်။ မဖြစ်ရင် ပြဿနာမရှိဘူး။ ဖြစ်ခဲ့ရင်တော့ ကြိုတင်ကာကွယ်လို့ရအောင် လုပ်မယ့် အစီအစဉ်တော့ ရှိပါတယ်” ဟု ဦးအောင်မျိုးလင်းက ပြောကြားသည်။
ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် အချို့နေထိုင်သူများသည် တိုက်များတိမ်းစောင်းမှုကြောင့် ဖယ်ရှားရှင်းလင်းမည်ကို စိုးရိမ်မှုများရှိနေကြောင်း ဦးအောင်မျိုးလင်းက ပြောကြားသည်။
“ အခုမှပဲစောင်းစောင်း၊ မူလကတည်းက စောင်းစောင်း၊ စည်ပင်သာယာရေးကော်မတီက လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက်ကို အကာအကွယ်ပေးရမယ့် ဝတ္တရားရှိတယ်” ဟု ဦးအောင်မျိုးလင်းက ပြောကြားသည်။
“ အခုက စည်ပင်အဖွဲ့တွေက လာစစ်ကြတယ်။ တိုက်မှာနေတဲ့သူတွေကတော့ သူတို့ ဆက်နေလို့ရမလား၊ နေလို့ရောစိတ်ချရပါ့မလားဆိုပြီး မေးကြတယ်။ အဲဒါကတော့ ပြောလို့မရဘူးလေ။ အကုန်လုံးစစ်ဆေးပြီးတဲ့အခါကျမှ ဆက်လက်ပြီးနေလို့ ရမရဆိုတာတွေ၊ ပြင်မယ်ဆင်မယ်ဆိုရင် တစ်မျိုးပေါ့၊ တိုက်သုံးတိုက်မှာက တစ်ခုက အိုးအိမ်ကဆောက်ထားတာ ကျန်တဲ့နှစ်ခုကတော့ သိမ်မကြာသေးဘူး။ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ရှိပြီ၊ အရင်ငလျင်တွေ လှုပ်ခဲ့တုန်းကတော့ အခုလိုတိုက်တွေ တိမ်းစောင်းတာမဖြစ်ခဲ့ဘူး။ အခုမှ ဖြစ်တာ၊ ညကတော့ တိုက်မှာနေတဲ့သူတွေက တိုက်ပေါ်ပြန်ပြီး တက်အိပ်ကြပါတယ်” ဟု တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် ခေမာသီရိလမ်း၊ ရာအိမ်မှူး ဒေါ်ခင်ခင်ချိုက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြေငလျင်သတင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၅၄ မိနစ်၊ ၃၁ စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၃၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၇ ဒသမ ၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ၈၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖော်ပြထားသည်။
ယခုလှုပ်ခတ်ခဲ့သည့် ငလျင်သည် ပဲခူးရိုးမ အနောက်ဘက်ခြမ်းရှိ တွန်းတင်ပြတ်ရွေ့ကြောင့်ဖြစ်နိုင်ပြီး၊ ယင်းပြတ်ရွေ့ကြောင့် မကြာခဏ ငလျင်ငယ်များ လှုပ်ခတ်လေ့ရှိပြီး စစ်ကိုင်းပြတ်ရွေ့နှင့် သက်ဆိုင်မှုမရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌဟောင်း၊ မြေငလျင်ပညာရှင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းက ပြောကြားသည်။
ငလျင်ကြောင့် တာမွေမြို့နယ်တွင် အထပ်မြင့်တိုက်များ တိမ်းစောင်းမှုဖြစ်ပွားခဲ့ခြင်းအပြင် တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက် ၂၁ လမ်းထိပ်ရှိ အထပ်မြင့်တိုက် တစ်လုံး တိမ်းစောင်းခဲ့ကြောင်း စုံစမ်းသိရသည်။















