​​​​​​​တရုတ်နိုင်ငံရောက်  မြန်မာ့ဆင်စွယ်ရုပ်ကြွင်း ကျပ်သိန်း ၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တန်ဖိုးဆက်လက်မြင့်တက်နေ

​​​​​​​တရုတ်နိုင်ငံရောက်  မြန်မာ့ဆင်စွယ်ရုပ်ကြွင်း ကျပ်သိန်း ၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တန်ဖိုးဆက်လက်မြင့်တက်နေ
Published 13 November 2019
ထွန်းလင်းအောင်(မြစ်ကြီးနား)

တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံမှဆင် စွယ်ရုပ်ကြွင်းမှာ ကျပ်သိန်း ၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တန်းဖိုးဆက်လက်မြင့် တက်နေကြောင်း တရုတ်နိုင်ငံ ကျယ်ခေါင်မြို့တွင် ကျောက်မျက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။

ယင်းဆင်စွယ်ရုပ်ကြွင်းများကို မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်မြို့နယ်မှ လူတစ်စုက လာရောက်ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပိုင်ရှင်ငါးဆက်မြောက်ပြောင်းလဲခဲ့ကြောင်း သိရသည်။

ကျယ်ခေါင်မြို့တွင် ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုအောင်က “ပိုင်ရှင်ကတော့ ငါးဆက်ဖြစ်သွားပြီ။ ယွမ်ငွေ ၁၁၈၀၀၀၀ နဲ့ ဒီလဆန်းပိုင်းက အရောင်းအဝယ်ဖြစ်သွားတယ်။ အခုဆိုရင် ကျပ်ငွေနဲ့သိန်း သောင်းဂဏန်းအော်နေတယ်။ ကြိုက်ရောင်း ကြိုက်ဝယ်ဆိုတော့ ဘယ်အထိတက်သွားမလည်းမပြောတတ်ဘူး။ အရှည် ၂၀၂ စင်တီမီ တာတစ်ချောင်း၊ ၁၉၂ စင်တီမီတာတစ်ချောင်း ပါ(ခြောက်ပေခွဲခန့်)။ ၁၇ နှစ်ကျော် အရောင်း အဝယ်ထဲမှာ ဒါအကြီးဆုံးပဲ။တခြား ကျောက် ဖြစ်ရုပ်ကြွင်းတွေလည်းရှိတယ်”ဟု ပြောကြားသည်။

ဘူမိရုပ်ကြွင်းများကို လက်ဝယ်ထားရှိ ခြင်း၊ သယ်ဆောင်ခြင်း၊ ပြည်ပနိုင်ငံများသို့ထုတ်ယူခြင်းများကို ဥပဒေအရတားမြစ်မှုများ ရှိကြောင်း ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ရှိ  ယဉ်ကျေးမှုပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဆိုသည်။

ဦးကျော်ဝင်းက “ဘူမိရုပ်ကြွင်းတွေက ရှေးဟောင်းပစ္စည်းကာကွယ်ရေး ဥပဒေထဲမှာပါတယ်။ ထွက်ရှိတဲ့နိုင်ငံအတွက် သမိုင်းတန် ဖိုးရှိတာပေါ့။ ဥပဒေအရလည်း တားမြစ်တယ်။ ပြည်ပဆိုရင် ကြီးလေးတဲ့အပြစ်ရှိတယ်။၁၀ နှစ်ထောင်ဒဏ်၊ကျပ်သိန်း ၅၀ က နေ ကျပ်သိန်း ၁၀၀ အထိရှိတယ်။ ဘူမိရုပ် ကြွင်းတွေကို အဓိကပြတာကတော့ အမျိုးသားပြတိုက်တစ်ခုပဲ ရှိသေးတယ်”ဟု ပြောကြားသည်။

ဘူမိဗေဒဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆရာဦးအေးချိုက “ကျွန်တော်လည်း လူမှုကွန်ရက်မှာတွေ့ပါတယ်။ ဧရာဝတီမြစ် ကြောင်းနဲ့အတူ ပေါ်လာတဲ့ဆင်အမျိုးအနွယ်ဖြစ်ပါတယ်။ နှစ်သန်းပေါင်း ၁၂ သန်းလောက် က ပေါ်ခဲ့တယ်။ ရေခဲခေတ်ပေါ့။ ဧရာဝတီ ဖောင်ဒေးရှင်းခေါ်တာပေါ့။ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ မြင်းမူ၊မြောင်၊ နွားထိုး ကြီး၊ မြင်းခြံတစ်ဝိုက်တွေ့ရတတ်တယ်။ အစုံလိုက်ကတော့ ရခဲပါတယ်။ ဧရာဝတီမြစ်ရေ အနည်ကျတဲ့နေရာမှာ ရုပ်<ကင်းအဖြစ်ကျန် နေခဲ့တာပေါ့။ အဓိကတော့ ရုပ်ကြွင်းရဲ့ တန်ဖိုး က သက်တမ်းကို ပြောပြတာပါပဲ”ဟု ဆိုသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့သည့် ရုပ်ကြွင်းမှာ အင်ကြင်းပင်မှဖြစ်လာသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း၊ သစ်ပင်အစေးမှဖြစ်လာသည့် ပယင်းရုပ်ကြွင်း တို့ဖြစ်ပြီး  ကျောက်မျက်ရတနာအဖြစ် သတ်မှတ်အသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent