AA လက်နက်ကိုင်အဖွဲ့၏ တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့ တင်းကိုလွှတ်ပေးရန်အတွက် ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့က ပူးတွဲကြေညာချက်ကို နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။
အဆိုပါ ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့ ၏ ပူး တွဲထုတ်ပြန်ချက်တွင် AA လက်နက်ကိုင် အဖွဲ့မှ ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့ တင်းကိုတစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖမ်းဆီးအဆက်အသွယ်ဖြတ်ထားသည်မှာ နိုဝင်ဘာ ၁၁ ရက်တွင် ၉ ရက်ရှိပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဦးဝှေ့တင်း၏ ကျန်းမာရေး နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများအတွက် များစွာစိုးရိမ်မကင်းဖြစ်မိကြောင်း၊ AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းအားအမြန်ဆုံးလွှတ်ပေးရန် ထပ်မံတောင်းဆိုကြောင်း ဖောြ်ပထားသည်။
“ကျွန်တော်တို့ သဘောထားကတော့ ထုတ်ပြန်ချက်အပေါ်မှာ ဖော်ပြထားပါတယ်။ ဘာပဲဖြစ်ဖြစ် ပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုတာပါ။ ပြန်လွှတ်ပေးစေချင်တာ အဓိကပါ။ တခြားနိုင်ငံရေးဘာညာတွေ အကုန်လုံးမေ့ထား။ ဘာလုပ်မလဲ ရိုးရိုးစစ်ရေးနဲ့ မဆိုင်တဲ့ အရပ်သားတစ်ယောက်ဖြစ်သလိုပဲ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်နေတယ်။ ဆိုတော့ အဲဒီလိုမျိုး ဖမ်းတယ်ဆီးတယ်ဆိုတာ ကျွန်တော်တို့အတွက်လည်း မကောင်းဘူး။ သူတို့အတွက်လည်း မကောင်းဘူး။ ဒီလိုထုတ်ပြန်ချက်ထုတ်လို့ လွှတ်မပေးသေးဘူးဆိုရင်တော့ ချင်းထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေးလုပ်ပြီးသွားရမှာပေါ့။ ဒါပေမဲ့ ထိပ်တိုက်တွေ့တဲ့ဟာမျိုးတော့ မလုပ်ပါဘူး။ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းတဲ့ လမ်းစဉ်နဲ့သွားမှာပါ” ဟု ချင်း အဖွဲ့အစည်းများ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ အိုက်စောမြက ပြောကြားသည် ။
AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့ တင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများ နှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရန်လည်း သတိပေးလိုကြောင်း ချင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယခုအချိန်တွင် AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် ဦးဝှေ့တင်း၏ မိသားစုဝင်များနှင့် အများပြည်သူအား ပွင့်လင်းစွာ အသိပေးချပြရန် အချိန်တန်နေပြီ ဖြစ်ကြောင်း ချင်းအဖွဲ့အစည်းများက ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားသည့် အချိန် ကြာမြင့်လာသည်နှင့်အမျှ AA လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုများအကြား ၎င်းတို့၏ပုံရိပ် စွန်းထင်းကျဆင်းလာမည်ကို သတိချပ်စေလိုကြောင်း ထပ်မံအသိပေးကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ကျူးလွန်၍မရကြောင်း နှင့် ယင်းသို့ကျူးလွန်ခြင်းသည် အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေများအရ ရာဇဝတ်မှုမြောက် နိုင်ကြောင်းကိုလည်း ထပ်မံသတိပေးလိုကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကိုဆက်လက်ကျူးလွန်ခြင်းသည် ချင်းပြည် သူများနှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြားဆက်ဆံရေးတင်းမာလာစေမည့်အပြင် AA လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို အကြမ်းဖက်လုပ်ရပ်များအဖြစ် ပြည်သူများက မှတ်ယူသွားနိုင်ကြောင်း ချင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အိန္ဒိယနိုင်ငံသားများပါဝင်သော ၁၀ ဦးတို့သည် နိုဝင်ဘာ ၃ ရက် နံနက် ပိုင်းက ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ စပိဘုတ်ရေယာဉ်ဖြင့် ထွက်ခွာလာစဉ် AA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးမှုကိုခံခဲ့ရ ပြီး နိုဝင်ဘာ ၄ ရက်တွင် ကျန်သူများကို လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းတစ်ဦးကိုသာ ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားသည်မှာ ယနေ့အထိ ဖြစ်သည်။ ထို့ပြင် အဆိုပါဖမ်းဆီးမှုတွင် အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုသည် ၎င်းတွင်ရှိသည့် ရောဂါအခံများကြောင့်ဖြစ်ကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။















