အသွင်ပြောင်းလာတဲ့ အလုပ်သမား ဆန္ဒပြမှုများ

အသွင်ပြောင်းလာတဲ့ အလုပ်သမား ဆန္ဒပြမှုများ
  တောင်းဆိုချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကူညီဖြေရှင်းပေးရန် တိုင်းအစိုးရအဖွဲ့ရုံးဝင်ပေါက် ရောက်ရှိလာသော အလုပ်သမားများကိုတွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
တောင်းဆိုချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကူညီဖြေရှင်းပေးရန် တိုင်းအစိုးရအဖွဲ့ရုံးဝင်ပေါက် ရောက်ရှိလာသော အလုပ်သမားများကိုတွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 10 November 2019
ရှိုင်းလင်းအောင်

အခုနောက်ပိုင်း ရန်ကုန်မြို့မှာ အလုပ်သမားဆန္ဒပြမှုတွေ အသွင်ပြောင်းလာတာကို တွေ့ရပါတယ်။ အရင်ကဆိုရင် အလုပ်သမားတွေဟာ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အရှေ့နဲ့ လမ်းမတွေပေါ်ထွက်ပြီး သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ လိုလားချက်တွေကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ အလုပ်သမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့အထိသွားပြီး ဆန္ဒပြနေကြပါပြီ။

ရန်ကုန်တိုင်းမှာ စက်မှုဇုန်၂၉ ဇုန်နဲ့ သီလဝါအထူးစီးပွားရေးဇုန် တစ်ခုရှိပါတယ်။ ဒီစက်မှုဇုန်တွေက စက်ရုံ၊ အလုပ်ရုံတွေမှာ သန်းနဲ့ချီသော အလုပ်သမားတွေဟာ အလုပ်လုပ်နေကြပါတယ်။ သန်းနဲ့ချီတဲ့ အလုပ်သမားတွေ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့မှာအလုပ်သမားဆန္ဒပြမှုတွေများစွာ ဖြစ်ပွားလျက်ရှိပါတယ်။

အလုပ်သမားတွေ ဘာကြောင့် ဆန္ဒပြကြလဲ

အလုပ်သမားဆန္ဒပြမှုတွေမှာ အခွင့်အရေးပိုင်းဆိုင်ရာနဲ့ အကျိုးစီးပွားဆိုင်ရာကြောင့်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ အခွင့်အရေးပိုင်းဆိုင်ရာ ဆန္ဒပြတယ်ဆိုတာက ဥပဒေမှာသတ်မှတ်ပြဋ္ဌာန်းထားတဲ့ လုပ်ခလစာ၊ အချိန်ပိုကြေး၊ ဥပဒေပါ ခွင့်ရက်စတာတွေအပြင် ဥပဒေပါ အခွင့်အရေးတွေမရလို့ ဆန္ဒပြတာမျိုးဖြစ်ပါတယ်။ အကျိုးစီးပွားဆိုင်ရာ ဆန္ဒပြတယ်ဆိုတာက ဥပဒေမှာ ဖော်ပြထားခြင်းမရှိသော်လည်း လုပ်ခလစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး စတာတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုတာမျိုး ဖြစ်ပါတယ်။

အလုပ်သမားတွေဟာ အခွင့်အရေးပိုင်း ဆိုင်ရာနဲ့ အကျိုးစီးပွားဆိုင်ရာအတွက် ဆန္ဒပြပြီဆိုရင် လုပ်ငန်းခွင်အတွင်းမှာပဲ အလုပ်လုပ်နေရင်း တောင်းဆိုတာ၊ စက်ရုံဝင်းအတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြတောင်းဆိုတာ၊ စက်ရုံဝင်ပေါက်ရှေ့ပိတ်ဆို့ ဆန္ဒပြတာနဲ့ လမ်းမပေါ်ထွက်ဆန္ဒပြ တာမျိုးတွေ လုပ်ကြပါတယ်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားဆိုတာ

လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေ အငြင်းပွားမှုဖြစ်ရင် ဖြေရှင်းရမယ့် နည်းလမ်းတွေရှိ ပါတယ်။ ဦးစွာ စက်ရုံမှာဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးရပါတယ်။ WCC အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးလို့ အဆင်မပြေခဲ့ဘူးဆိုရင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိ၊ ခုံသမာဓိ ကောင်စီစတဲ့အဖွဲ့တွေက အဆင့်ဆင့် ညှိနှိုင်းပေးရပါတယ်။ ဒါက အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးရဲ့ ယန္တရားပဲဖြစ်ပါတယ်။

ညှိနှိုင်းဖျန်ဖြေရေးယန္တရား အတိုင်း အဆင့်ဆင့်သွားသော်လည်း ညှိဖျန်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ငန်းရှင်က လိုက်နာခြင်းမရှိတာ ဒါမှဟုတ် ညှိဖျန်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ကျေနပ်မှုမရှိတဲ့အခါ အလုပ်သမားတွေဟာ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကို ရောက်လာတာပဲဖြစ်ပါတယ်။

အလုပ်သမားများအနေနဲ့ အငြင်းပွားမှုဖြစ်လို့ ညှိနှိုင်းဖျန်ဖြေရေး လမ်းကြောင်းအတိုင်း အဆင့်ဆင့်သွားမယ်ဆိုရင် ဘက်လိုက်မှုများရှိခြင်း၊ မလိုအပ်ဘဲ အချိန်ဆွဲမှုများ ရှိနေသည့်အတွက် တိုင်းအစိုးရအဖွဲ့ရုံးရှေ့သို့ ရောက်လာကြခြင်းဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

“လက်ရှိရှိနေတဲ့ ယန္တရားတွေ ဖြစ်တဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး၊ ခုံသမာဓိ၊ ခုံသမာဓိ ကောင်စီအဆင့် ဆင့်ပေါ့လေ။ ဒီဟာတွေနဲ့ ဖြေရှင်းတာကတော့ တည်ဆဲဥပဒေများနဲ့အညီ ဖြေရှင်းတာပေါ့။ ဒါပေမဲ့ ပြဿနာက တည်ဆဲဥပဒေနဲ့ ဖြေရှင်းတဲ့အခါမှာ အချိန်ဆွဲတာတွေ၊ ဘက်လိုက်ဖြေရှင်းတာတွေ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့၊ ခုံသမာဓိတို့၊ ခုံကောင်စီတို့မှာ ပါဝင်နေတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ၊ အလုပ်ရှင်ကိုယ်စားလှယ်တွေရဲ့ ဘက်လိုက်မှုတွေ အများကြီး တွေ့နေရတယ်။ ဒီလိုကိစ္စတွေအပေါ်မှာ အလုပ်သမားတွေက လမ်းကြောင်းအတိုင်း သွားတာ အဆင်မပြေတော့ဘူးလို့ တွေးလာကြတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ လက်ရှိ ရှိနေတဲ့ ညှိနှိုင်းရေးယန္တရားကို အသုံးမပြုချင်ကြတော့တာပေါ့။ ကျွန်တော်တို့က ဒီညှိနှိုင်းရေးယန္တရားကို ဘာကြောင့် အသုံးမပြုချင်ကြတာလဲဆိုတာက အဖြေရှာရမယ့်ကိစ္စလို့ မြင်ပါတယ်။ ဒီယန္တရားမကောင်းရင် ဒီယန္တရား ကိုပြင်ဖို့ကြိုးစားကြရမှာပေါ့” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ရုံးရှေ့ အလုပ်သမားတွေ ဘာကြောင့်လာကြတာလဲ

အငြင်းပွားမှုတွေကို ညှိနှိုင်းဖျန်ဖြေရေး လမ်းကြောင်းကနေတစ်ဆင့်ပြီးတစ်ဆင့် သွားပေမဲ့ လုပ်ငန်းရှင်က လိုက်နာမှုမရှိတာတွေကြောင့် အလုပ်သမားတွေဟာ နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးမျှင်လို့ သဘောထားပြီး တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကို ရောက်လာကြပါတယ်။ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကို ပထမဆုံး ရောက်လာတာကတော့ ဖုယွင်အလုပ်သမားတွေဖြစ်ပါတယ်။

စက်ရုံအခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့ဝင် ၃၀ အလုပ်ထုတ်ခံရလို့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဖုယွင်အလုပ်သမားတွေဟာ ၂၀၁၈ ခုနှစ်အောက်တိုဘာ၂၉ ရက်မှာ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကို ရောက်လာပြီး သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို လာရောက်အကူအညီတောင်းခံကြပါတယ်။ ဖုယွင်အလုပ်သမားတွေရဲ့ပြဿနာကို တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းပေးခဲ့တဲ့အတွက် ပြေလည်မှုရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစလို့အလုပ်သမားတွေဟာ သူတို့ရဲ့ အခက်အခဲတွေကို တိုင်းအစိုးရအဖွဲ့က ကူညီဖြေရှင်းပေးမယ်ဆိုရင် လျင်မြန်ထိရောက်နိုင်တယ်လို့ ယူဆလာကြတယ်။ ဒါကြောင့် အလုပ်သမားတွေဟာ သူတို့ရဲ့ လိုလားချက်တွေ၊ တောင်းဆိုချက်တွေ၊ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ စတဲ့ အမျိုးမျိုးသော ကိစ္စတွေကို ကူညီဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးရှေ့ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပါတယ်။

အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုတွေကြောင့် တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကိုလာပြီး ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမားတွေရဲ့မြင်ကွင်းဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လက်တွန့်သွားစေနိုင်တယ်လို့ ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက သူ့ရဲ့အမြင်ကိုပြောပါတယ်။

“ဖုယွင်သပိတ်ကို ဝန်ကြီးချုပ်က အဆင်ပြေလည်အောင် ဖြေရှင်းတယ်ပေါ့။ အဲဒီနောက်မှာ ဒီကိုရောက်လာတွေ တွေ့ရတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား တစ်ခုခုဖြစ်ပြီဆိုရင် အလုပ်ရှင်မှားတာလည်း ရှိသလို အလုပ်သမားမှားတာလည်းရှိတယ်။ တစ်ဖက်ဖက်ကတော့ မှားနေပြီပေါ့။ ရန်ကုန်တိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို ဒါတွေဖြေ ရှင်းဖို့အတွက် သီးသန့်ဖွဲ့ပြီးပြီလေ။ ပိုတောင် သွက်သွက်လက်လက်နဲ့ ဖြေရှင်းနိုင်ရမှာလေ။ ရန်ကုန်တိုင်းမှာ ဒီလိုတွေ အန်ကယ်ကတော့ မဖြစ်စေချင်ဘူး။ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေက ပုံရိပ်ကို ထိခိုက်စေတယ်။ ရန်ကုန်ကစီးပွားရေး မြို့တော်ကြီးဆိုတော့ ပိုအရေးကြီးတာပေါ့။ ဟိုတစ်နေ့ကဆိုရင် အစိုးရနဲ့ ဆွေးနွေးဖို့ ရင်းနှီးမြှုပ်နှံမယ့် သူတွေ လွှတ်တော်ထဲလာတာ။ အပေါက်ဝမှာ အလုပ်သမား ဆန္ဒပြနေတာကိုကြည့်ပြီး စိတ်ပျက်သွားကြတယ်။ ဒါ အန်ကယ့်လက်တွေ့ပဲ” လို့  ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကို လာရောက်တာဟာ အောက်ခြေက ညှိနှိုင်းဖျန်ဖြေပေးတာတွေကို အဆင်ပြေမှုမရှိလို့ လာရောက်ကြတာဖြစ်တယ်လို့ Action Labour Right အဖွဲ့ရဲ့ အထည်ချုပ်ကဏ္ဍ ဦးဆောင်သူ မမိုးစန္ဒာမြင့်ကပြောပါတယ်။       “သူတို့ အလုပ်ရှုပ်တာ၊ အလုပ်များတာ၊ လူနဲ့ဝန်နဲ့မမျှဘူးဆိုတာလည်း သိတယ်။ အလုပ်သမားတွေကလည်း အချိန်တွေပိုနေလို့၊ ပိုက်ဆံတွေရှိနေလို့ လာကြတာမဟုတ်ဘူး။  ဘာကြောင့် ဝန်ကြီးချုပ်ရုံးကို လာရတာလဲဆိုတော့ အောက်ခြေမှာ အကောင်အထည်ဖော်တဲ့နေရာမှာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးက ညှိနှိုင်းဖျန်ဖြေပေးရတယ်။ ညှိနှိုင်းဖျန်ဖြေတဲ့ နေရာမှာ ဆုံးဖြတ်ချက်တွေ ကောင်းကောင်းချပေးနိုင်တယ်ဆိုရင် ဒီပြဿနာတွေက ရောက်လာစရာအကြောင်းမရှိဘူး။ နောက် တိုင်းခုံသမာဓိကလည်း ဆုံးဖြတ်ချက်ချတဲ့အချို့ကိစ္စတွေမှာ အလုပ်သမားတွေအတွက် နစ်နာမှုတွေရှိတယ်။ ဒါကြောင့် အောက်ခြေမှာ နှစ်ဖက်စလုံး မျှတအောင်ဆုံးဖြတ်ချက်ချပေးနိုင်မယ်ဆိုရင် ကျွန်မတို့ လာစရာအကြောင်းမရှိပါဘူး။  အောက်ခြေမှာ လုပ်လို့ရတဲ့ အခြေအနေတွေရှိလျက်သားနဲ့ မလုပ်တဲ့ အပေါ်မှာ ကျွန်မတို့က ဒါတွေ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖို့ လာတာဖြစ်တယ်” လို့  မမိုးစန္ဒာမြင့်က ပြောကြားပါတယ်။

တိုင်းအစိုးရအဖွဲ့ရုံးကို လာရောက် အကူအညီတောင်းကြပေမဲ့ အဆင်ပြေကြရဲ့လား

အလုပ်သမားတွေဟာ သူတို့ရဲ့ အဆင်မပြေမှုမျိုးစုံအတွက် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဆီ လာရောက်အကူအညီ တောင်းကြပေမဲ့ အကုန်လုံးအဆင်ပြေသွားကြတာတော့ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့တွေ့ခွင့်ရပြီး အဆင်မပြေမှုတွေကို တင်ပြ တောင်းဆိုခဲ့ပေမဲ့ ခုချိန်အထိ အဆင်မပြေကြသေးတဲ့ စက်ရုံတွေ အများကြီးရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တွေက အထည်ချုပ်စက်ရုံ ငါးရုံ က အလုပ်သမား ၂၂၀ ကျော်ဟာ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ကို ရောက်လာပြီး သူတို့စက်ရုံတွေက ပြဿနာတွေကို ဖြေရှင်းပေးဖို့ ရောက်လာကြ ပါတယ်။ ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်မရခဲ့တဲ့အတွက် ညအိပ်စောင့်ဆိုင်းခဲ့ပါတယ်။ အောက်တိုဘာ ၂၃ ရက်မှာ ဝန်ကြီးချုပ်နဲ့တွေ့ခွင့်ရခဲ့ပါတယ်။  ရန်ကုန်တိုင်းဝန်ကြီးချုပ်က အလုပ်သမားတွေနဲ့ တွေ့ဆုံရာမှာ သက်ဆိုင်ရာဦးစီးများ၊ တာဝန်ရှိသူများနှင့်  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့အား စက်ရုံငါးရုံက အလုပ်သမားများ၏ ပြဿနာကို ဖြေရှင်းပေးရန် မှာကြားခဲ့တယ်လို့ သိရပါ တယ်။ ဒီစက်ရုံငါးရုံက အလုပ်သမားတွေဟာ သူတို့တောင်းဆိုချက်တွေကို အလုံးစုံရရှိခဲ့တာမဟုတ်ပါဘူး။

အလုပ်သမားဆန္ဒပြမှု ပုစ္ဆာတစ်ပုဒ်

အလုပ်သမားဆန္ဒပြမှုတွေဖြစ် နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ကုန်ထုတ်လုပ်မှု လျော့ကျသွားတာမျိုးရှိပါတယ်။ အထည်ချုပ်စက်ရုံတွေမှာဆိုရင် နိုင်ငံခြားကိုတင်ပို့မယ့် အော်ဒါတွေ အချိန်မီပြီးစီးခြင်းမရှိတဲ့အတွက် လုပ်ငန်းရှင်တွေ စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ သိရပါတယ်။

“အလုပ်သမားတွေ ရက်ပေါင်းများစွာ ဆန္ဒပြနေရင် ကုန်ထုတ်လုပ်မှုမှာအများကြီး ထိခိုက်တယ်။ ကျွန်တော်တို့လုပ်ငန်းရှင်တွေ တစ်နေ့တစ်နေ့ ထွက်ရမယ့် အတိုင်းအတာ ပမာဏ မထွက်လာတဲ့အခါကျရင် အများကြီး ထိခိုက်တယ်။ အလုပ်သမားတွေ ဆန္ဒပြနေတော့ နိုင်ငံခြားကအော်ဒါတွေကို သတ်မှတ်ရက်မှာ မပေးနိုင်ဘူး။ အတိအကျစာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက် ပြဿနာတွေရှိတာပေါ့” လို့ အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဖေလှိုင်က ပြောပါတယ်။

အစိုးရအဖွဲ့ရုံးရှေ့ကို  အလုပ်သမားအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြတဲ့အတွက် အစိုးရအဖွဲ့ရုံးတည်ရှိတာ ဒဂုံမြို့နယ်မှ တာဝန်ရှိသူတွေအတွက် ဝန်ပိနေတယ်လို့ သိရပါတယ်။

“တိုင်းရုံးက ဒဂုံမြို့နယ်မှာ ဖြစ်တဲ့အတွက် ဒဂုံမြို့နယ်ရဲမှူးတွေ၊ စခန်းမှူးတွေ၊ မြို့နယ်ဥက္ကဋ္ဌတွေ၊ စည်ပင်ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ ဘာအလုပ်မှ လုပ်လို့မရဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းတို့ နယ်မြေသေချာစောင့်ကြည့်ဦးဆိုတော့ အဲဒီဂိတ်မှာပဲ စောင့်ကြည့်ပြီး ထမင်းလည်း အဲဒီမှာစား၊ ညလည်း အဲဒီမှာ အချိန်ကုန်ဖြစ်နေတာ။ အပေါ်ဘက်ကို မပြောနဲ့ မြို့နယ်အဆင့်မှာ အဲဒီလိုတွေဖြစ်နေတော့ ဘာမှအလုပ်မဖြစ်တော့ဘူး” လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျက ပြောပါတယ်။

တစ်ဖက်မှာလည်း အလုပ်သမားတွေဟာ ညှိနှိုင်းဖျန်ဖြေရေး လမ်းကြောင်းအဆင့်ဆင့်ကို သွားနေရတာဖြစ်တဲ့အတွက် အချိန်ကုန်၊ လူပင်ပန်းဖြစ်နေကြပါတယ်။ ဆန္ဒပြနေစဉ်ကာလအတွင်း မိသားစု စားဝတ်နေရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေပါတယ်။ ဒါကြောင့် အလုပ်သမားတွေဟာ သူတို့ရဲ့ ပြဿနာတွေကို အမြန်ဆုံးပြေလည်စေဖို့အတွက် တိုင်းအစိုးရအဖွဲ့ရုံးကို ရောက်လာကြပါတယ်။ အစိုးရအဖွဲ့ရုံးရှေ့ကို စက်ရုံအလုပ်သမားတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်တာကို အစိုးရအဖွဲ့ သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီလို့ အလုပ်သမားတွေက မျှော်လင့်နေကြပါတယ်။ 

“ကျွန်တော်တို့အလုပ်သမားတွေရဲ့ ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်တဲ့ ယန္တရားမရှိသေးသရွေ့ကတော့ တိုင်းအစိုးရရုံးရှေ့ကို အလုပ်သမားတွေက ရောက်နေမှာပဲ။ ကျွန်တော်တို့ကတော့ ဒီကိစ္စတွေဖြစ်လာတဲ့အပေါ်မှာ ကြိုဆိုတယ်။ အခုလို တိုင်းဝန်ကြီးချုပ်က လက်ခံတွေ့တဲ့အပေါ် ကြိုဆိုတယ်။ ဒါက အလုပ်သမားတွေအတွက် အဖြေတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဝန်ကြီးချုပ်ရုံးရှေ့သွားလို့ အငြင်းပွားမှုတွေ မြန်မြန်ဆန် ဆန်ပြီးမယ်ဆိုရင် ကျွန်တော်တို့ကတော့ သွားရမှာပဲ” လို့  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ရဲ့အတွင်းရေးမှူး  ဦးသက်နှင်းအောင်က ပြောပါတယ်။

 

 

Most Read

Most Recent