ခယောင်းလမ်းမှာ ဖြတ်သန်းနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ

ခယောင်းလမ်းမှာ ဖြတ်သန်းနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ
  ထိုင်းအစိုးရသတ်မှတ်သော နှစ်သစ်ကူးသင်္ကြန်ပွဲတော် ခွင့်ရက်အစ ဧပြီ ၅ ရက်တွင် မဲဆောက်-မြဝတီလမ်းကြောင်းမှတစ်ဆင့် နေရပ်ပြန် မြန်မာလုပ်သားများအား တွေ့ရစဉ်
ထိုင်းအစိုးရသတ်မှတ်သော နှစ်သစ်ကူးသင်္ကြန်ပွဲတော် ခွင့်ရက်အစ ဧပြီ ၅ ရက်တွင် မဲဆောက်-မြဝတီလမ်းကြောင်းမှတစ်ဆင့် နေရပ်ပြန် မြန်မာလုပ်သားများအား တွေ့ရစဉ်
Published 10 November 2019
 ကိုရွှေသိန်း  (မြဝတီ)

ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာရယ်၊ လုပ်အားခလစာ ကြိုနှိမ်ခံနေရတာရယ်ကြောင့်  ပြည်ပအိမ်နီးချင်းနိုင်ငံတွေဆီကို ထောင်ပေါင်းများစွာသော မြန်မာလူငယ်လူရွယ်တွေဟာ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေရတာဖြစ်ပါတယ်။

သို့ပေမဲ့ အိမ်နီးချင်းနိုင်ငံသားတွေ မလုပ်တဲ့၊ မလုပ်ချင်တဲ့၊ ညစ်ပတ်တဲ့၊ မသန့်ရှင်းတဲ့အလုပ်၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်နဲ့ အန္တရာယ်များတဲ့အလုပ်၊ အသက်အန္တရာယ်နဲ့ အလွန်နီးစပ်တဲ့ အလုပ်တွေကို လုပ်နေရတာပါ။

ဒီလိုအလုပ်တွေကို လုပ်ရဖို့အရေး  ကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျစရိတ်အတွက် အိမ်ခြံပေါင်နှံလာသူ၊ ကျွဲနွားရောင်းပြီး လာခဲ့သူတွေ၊ အတိုးနဲ့ချေးပြီး မိဝေးဖဝေး၊ သားသမီးတွေနဲ့ ခွဲခွာ၊ ချစ်သူနဲ့လည်း ဝေးခဲ့ရသူလည်း ရှိနေတယ်လို့ဆိုပါတယ်။

မိမိနေရပ်မှာ ဝမ်းဝရုံအတွက် ကျောပူအောင်လုပ်ကိုင်ရပေမယ့် ခါးလှဖို့အရေး၊ ပညာရေး ၊ ကျန်းမာရေး ဖြည့်ဆည်းဖို့အရေး၊ မိသားစုကို လွမ်းရေးထက် ဝမ်းရေးတွေခက်ကာ ဘဝအမောတွေကို ဖြေသိမ့်ဖို့  ဝင်ငွေရလိုစိတ်နဲ့ အပူရောင်ခရောင်းလမ်းမှာ ဖြတ်သန်းနေရတာကတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်ကော်ပိုက်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေ သူကိုအေးက “ကျွန်တော် ထိုင်းမှာ လာလုပ်တာ လေး၊ ငါးနှစ်ရှိပါပြီ။ ပထမတော့ ဟုတ်သလိုလိုပဲ။ နောက်ပိုင်းမှ အခန်းခ၊ ရေဖိုး၊ မီးဖိုး၊ စားစရိတ်နဲ့ မိဘတွေဆီကို တစ်လတစ်သိန်း၊ နှစ်သိန်းပြန်ပို့ရဖို့အရေး မသုံးမစားချွေတာမှ ပို့ပေးနိုင်တာပါ။ နည်းနည်း အဆင်ပြေမယ်လုပ်လိုက် သက်တမ်းက ကုန်ပြီ။ MoU နဲ့ စာအုပ်ပြန်လုပ်ရဆိုတော့။ သောက်သောက်စားစား အသုံးကြီးတတ်တဲ့သူတွေအတွက် ဘယ်လိုမှအဆင်မပြေပါဘူး။ ကိုယ့်နိုင်ငံတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းရှိတဲ့ စက်ရုံအလုပ်ရုံတွေ ဒီထက်များလာမယ်။ အခြေခံလူတန်းစားတွေ အလုပ်အကိုင်ရလာမယ်။ လစာလည်း ထိုင်းမှာရတဲ့လုပ်အားခ ထက်ဝက်လောက်သာရကြမယ်ဆိုရင် ကိုယ့်ရေ၊ ကိုယ့်မြေ၊ မိဘဆွေမျိုးကိုခွဲခွာပြီး လာကြမှာမဟုတ်ပါဘူး” လို့ ဆိုပါတယ်။

ဘဝဝမ်းရေးအတွက် မိသားစုကိုခွဲခွာပြီး မည်သို့ပင်သွားရောက်ခဲ့ကြပေမဲ့ နှစ်သစ်ကူး အတာသင်္ကြန် အပါအဝင် အခါကြီးရက်ကြီး ပိတ်ရက်ရှည်ရက်တွေမှာ နေရပ်ရင်းက မိဘဆွေဆီ အပြေးပြန်လာခဲ့ကြတာပါပဲ။ နှစ်သစ်ကူး အတာသင်္ကြန်ပြီးပြီဆိုရင်တော့ အလွမ်းမပြေခင်မှာပဲ လုပ်ငန်းခွင်ရှိတဲ့ ထိုင်းနိုင်ငံကို ပြန်ပြေးကြရတာ လွမ်းသူမှာ မျက်ရည်စတွေနဲ့ပေါ့။

အမေအိုကို လုပ်ကျွေးမယ်ဆိုပြီး ယခင်နှစ်က ထိုင်းနိုင်ငံသို့ ထွက်လာခဲ့တဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်မှ ကိုကျော်ကျော်က “ကျွန်တော့်မှာက အမေတစ်ခု သားတစ်ခုပါ။ အမေအိုကို လုပ်ကျွေးမယ်ပြီး ထွက်လာခဲ့တာပါ။ တစ်နှစ်လောက်ကြာမှ စုမိဆောင်းမိငွေလေးနဲ့ အမေ့ဆီအပြေးသွားလိုက်တာ။ ရွာရောက်တော့ အမေက မရှိတော့ဘူး။ ကျွန်တော် ယ် လိုဖြေသိမ့်ရမလဲ။ ဝင်ငွေလေးရချင်ရုံနဲ့ အမေနဲ့ခွဲခဲ့တာ။ ခုတော့ တကယ်ဝေးရပြီလေ” လို့ ပင့်သက်ရှူတဲ့ရှိုက်သံနဲ့ ချစ်ကြည်ရေးတံတားမှာ ပြောဆိုခဲ့ပါရဲ့။

အဲဒီနေ့က ချစ်ကြည်ရေးတံတားပေါ်မှာ ခရီးဆောင်အိတ်ကို ဆွဲပြီး လေးဖင့်တဲ့ ခြေလှမ်းတွေနဲ့ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားတဲ့ သူ့ကိုကြည့်ရင်း ကျွန်တော်တို့တွေ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့အရေးကို ဆယ်စုနှစ် တစ်ခုကျော်တိုင်အောင် တစ်စိုက်မတ်မတ် ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “ကိုယ့်နိုင်ငံမှာထက် လုပ်အားခပိုရုံနဲ့ ဘဝအမောတွေ ကိုဖြေသိမ့်နေရပေမဲ့ သူတို့ ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေ၊ ညစ်ပတ်ပေရေတဲ့အလုပ်တွေ၊ ကြမ်းတမ်းပြီး အန္တရာယ်များတဲ့အလုပ်တွေကို အံကြိတ်သည်းခံပြီး လုပ်နေရတာပါ။ လုပ်အားခအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေလည်း ခံနေကြရဆဲဖြစ်ပါတယ်။ ဒါ့အပြင် အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးခံနေရသူတွေလည်း အများအပြားရှိပါတယ်။ သူတို့ကိုတော့ အထောက်အထားပြန်လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမှာ စက်မှုဇုန်တွေ ဖော်ထုတ်ပေမဲ့ အလုပ်ရုံစက်ရုံတွေ တည်ဆောက်အကောင်အထည်ဖော် ဆောင်မှုအားနည်းတာ၊ ရေ၊ လျှပ်စစ် မီး အလုံအလောက်မရရှိတာ၊ မြေစျေးအလွန်မြင့်မားတာ၊ ပေးဆောင်ရမယ့် ပြည်နယ်၊ တိုင်းအစိုးရ ရန်ပုံငွေ များပြားတာတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ မလာတာတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းတော့ ပြည်ပကို ထွက်လုပ်နေရတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသို့ MoU ထိုးပြီး တရားဝင် သွားရောက်လုပ်ကိုင်သူတွေ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် များပြားလာတာရှိသလို အပြောကြွယ်သူ ပွဲစားတွေရဲ့ စကားအယုံလွယ်ပြီး တရားမဝင် လမ်းကြောင်းမှ သွားလာထွက်ခွာနေကြသလို အဖမ်းအဆီးခံရသူတွေ လူကုန်ကူးခံရသူတွေလည်း အများအပြားရှိနေပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးခံပြီး လူသားလုံခြုံရေးဂေဟာတွေမှာ စောင့်ရှောက်ထားသူ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းတာဝန်ရှိသူတွေက  မြဝတီမြို့ကို ပြန်ပို့ခဲ့တာတွေကို မြဝတီမြို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံးမှ သိရပါတယ်။

လူကုန်ကူးခံရသူအများစုမှာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ကြသူတွေဖြစ်ပြီးတော့ အချို့မှာ ထိုင်းငါးဖမ်းစက်လှေပေါ်ကနေ လူကုန်ကူးခံရသူတွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံအပြင် မလေးရှားနဲ့ တရုတ်နိုင်ငံမှာလည်း  လူကုန်ကူးခံရသူ အများအပြားရှိနေပါတယ်။ လူကုန်ကူးခံရသူတွေအနက် ကယ်တင်နိုင်တာရှိသလို ကယ်တင်နိုင်ခြင်း မရှိသေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံရသူတွေထဲမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ မြဝတီနဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းက လူ့စွမ်းအားအရင်းအမြစ်တွေ၊ အရွယ်ကောင်းလူငယ်လေးတွေ ပြည်ပကိုထွက်ခွာလေ ပြည်တွင်းမှာ လုပ်သားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်လာရလေဖြစ်ပါတယ်။ လုပ်သားရှားပါးမှု ကြုံလာလေ ပြည်တွင်းထုတ်လုပ်မှု ဆုံးရှုံးလာလေဖြစ်ကာ လူငယ်လူရွယ်အရွယ်ကောင်းတွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေ ပြည်ပထွက်ခွာနေတာကို နှမြောတသဖြစ်မိတယ်လို့ မြဝတီကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောဆိုပါတယ်။

“လူငယ်တွေက တကယ့်ကို ၂၀ နဲ့ ၃၀ ကြားထဲမှာရှိတဲ့ ကလေးတွေ။ တစ်နေ့တစ်နေ ့တံတားမှာ အများကြီးပဲ သွားကြတယ်။ တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းမှာ အလုပ်လုပ်ဖို့ သွားကြတာ။ ကျွန်မ အရမ်းနှမြောမိတယ်။ တကယ့်ခွန်အားကောင်းကောင်းနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်တွေ သွားကြတာဖြစ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးဆုံးရှုံးတယ်။ အဲဒီလိုမဆုံးရှုံးရအောင် ပြည်တွင်းမှာ စက်ရုံအလုပ်ရုံတွေ ထူထောင်ရမယ်။ လုပ်အားခကိုလည်း အိမ်နီးချင်းနိုင်ငံတွေ လောက်မဟုတ်ရင်တောင် ထိုက်သင့်သလောက် ပေးသင့်ပါတယ်။ စက်ရုံအလုပ်ရုံတွေ များများဖြစ်လာမှ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပေးနိုင်ရင် သူများနိုင်ငံသို့သွားစရာမလိုတော့ဘူး။ မိသားစုနဲ့ဝေးပြီးတော့လည်း မသွားတော့ဘူး။ အဲဒီလို အခွင့်အလမ်းတွေ ဖော်ဆောင်ပေးပြီဆိုရင် တိုးတက်လာမှာပေါ့နော်။ ဥပမာ စက်ရုံတည်ဆောက်မယ်ဆိုရင် စက်ရုံတစ်ရုံအတွက် လိုအပ်တဲ့ကိစ္စတွေ၊  MIC Law လိုအပ်တဲ့နေရာတွေကို တကယ်လုပ်နေတဲ့လူကို သက်ဆိုင်တဲ့ဌာနက တကယ်လုပ်ပေးလိုက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီးဖြစ်လာမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဖြစ်လာရင် တိုးတက်လာမှာဖြစ်ပါတယ်” ဟု ဒေါ်သင်းသင်းမြတ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်တွင်းမှာထက် လုပ်ခလစာမြင့်နေတာကိုက ဘဝအမောတွေကို ဖြေသိမ့်နေရတာ ဖြစ်ပါတယ်။ ယခင်က လယ်ယာလုပ်ငန်းခွင်၌သာ အချိန်ကုန်လူပန်းဖြစ်ခဲ့တဲ့ တောင်ငူမြို့နယ်က မဧကရီကတော့ “ညီမတို့က ရွာမှာ လယ်ထဲဆင်းတာပါ။ တစ်နေ့ကို ၁၅၀၀၊ ၂၀၀၀ လောက်ပဲရတာ။ ငါးသန်သေးနုတ် ရေလုံပြုတ်ဟင်းတောင် စားရဖို့အနိုင်နိုင်ပါပဲ။ ထိုင်းဘက်မှာသွားလုပ်ရင် တစ်နေ့ဘတ် ၃၀၀ နဲ့အထက်ဆိုတော့ မြန်မာငွေနဲ့ဆိုရင် တစ်သောင်းကျော်မှာပေါ့နော်။ ဒါကြောင့်မို့ ယောကျ်ားနဲ့အတူ ထိုင်းဘက်မှာ အလုပ်လုပ်ဖို့လာခဲ့တာပါ” လို့ ဆိုပါတယ်။

ပြည်တွင်းက လယ်ယာလုပ်ငန်းခွင်မှာ ကောက်စိုက်တဲ့ လုံမငယ်တွေလည်း နိုင်ငံခြားကို ထွက်ခွာနေကြပြီ။ သနပ်ခါးပါးကွက်ကျားနဲ့ မြို့ကြီးသူတွေမယှဉ်နိုင်တဲ့ အလှပိုင်ရှင် လုံမငယ်တွေကို ခုချိန်မှာ မြင်တွေ့ခွင့်မရနိုင်တော့ပါဘူး။

မိသားစုဝမ်းရေးအတွက် ပြည်ပကို ထွက်ခွာလာရပေမဲ့ မိသားစုနဲ့ဝေးရမယ့်အရေးတွေးရင်း စို့ထွက်လာတဲ့ မျက်ရည်စတွေကို လက်ဖမိုးနဲ့သုတ်ရင်း “ပိုက်ဆံရလို့သာ လာခဲ့ရတာပါ။ သားလေးကို လွမ်းနေမိတယ်။ အသိမကြွယ်သေးတဲ့ လူမမည်လေး သုံးနှစ်သားလေးကို သူ့အဘွားနဲ့ ထားခဲ့ရတာပါ” လို့ မချယ်ရီက ချစ်ကြည်ရေးတံတားပေါ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာစဉ် ပြောဆိုခဲ့ပါတယ်။

ချစ်ကြည်ရေးတံတားပေါ်မှာ ဖြတ်လျှောက်သွားနေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားလေးတွေကို ငေးကြည့်နေသူတစ်ဦးကတော့ “ကိုယ့်နိုင်ငံက လူငယ်တွေသာ သူများနိုင်ငံမှာ အလုပ်သမားအဖြစ် သွားလုပ်ကြတာပါ။ တစ်နည်းအားဖြင့် သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေကိုလုပ်ဖို့ ကျွန်သွားခံရတာပါ။ ဒါပဲကြည့်လေ ကိုယ့်နိုင်ငံရဲ့အစိုးရအနေနဲ့ ဘာတွေအပြောင်းအလဲ လုပ်ဆောင်ဖို့လိုနေပြီလဲ။ တို့နိုင်ငံမှာ ဘယ်နိုင်ငံသားတစ်ယောက် ကလာပြီး အလုပ်သမားအဖြစ် လာလုပ်လို့လဲ။ ဒါတွေးစရာပါ” လို့ သူ့ရဲ့အတွေးကို ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့အတွက် လူကုန်ကူးခံရသူ များပြားခဲ့ပေမဲ့ ယခု အခါ MoU လုပ်သားအဖြစ် သွားရောက်အလုပ်ဝင်သူ ၂၀၁၄ ခုနှစ်မှာ အမျိုးသား၂၃၇၈၅ ဦး၊ အမျိုးသမီး ၈၀၄၃ ဦး၊ ၂၀၁၅ ခုနှစ်မှာ အမျိုးသား ၃၃၆၀၂ ဦး၊ အမျိုးသမီး ၁၉၁၆၃ ဦး၊ ထို့အတူ ၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူများအနက် အမျိုးသမီးဦးရေ ပိုများလာပြီး ၄၅၁၃၁ ဦး ထွက်ခွာလုပ်ကိုင်ခဲ့ပြီး အမျိုးသား ၅၂၈၆၇ ဦး သွားရောက်လုပ်ကိုင်ခဲ့ကြသလို ၂၀၁၇ ခုနှစ်မှာ ရော ၂၀၁၈ ခုနှစ်မှာပါ များပြားခဲ့ပါတယ်။

ထို့အတူပါပဲ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ ထိုင်းနိုင်ငံဘက်သို့ မြဝတီနယ်စပ်ဂိတ်က ထွက်ခွာခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ တစ်သိန်းခွဲရှိခဲ့ပေမဲ့ ယခုနှစ် ၂၀၁၉ ခုနှစ် မှာတော့ ကိုးလအတွင်းမှာ ၁၉၀၀၀၀ ကျော် ထွက်ခွာခဲ့တဲ့အတွက် ယခင်နှစ်တွေထက် ပိုမိုထွက်ခွာနေကြတာကိုကြည့်ရင်း ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ခလစာ ပိုမိုရရုံနဲ့ အပူရောင်ဘဝအမောတွေကို ဖြေသိမ့်နေရသူတွေသာ ဖြစ်ပါတော့တယ်။             

Most Read

Most Recent