လက်စတာ ၂-၀ အာဆင်နယ်
လက်စတာက အာဆင်နယ်ကို အဖက်ဖက်က အသာစီးယူပြီး အနိုင်ကစားသွားခဲ့တာဖြစ်တယ်။ လက်စတာရဲ့ တောင်ပံတိုက်စစ်ပံ့ပိုးမှုတွေက ထိရောက်ခဲ့ပြီး အထူးသဖြင့် နောက်ခံအစွန်လူတွေဖြစ်တဲ့ ဘင်ချီဝဲလ်နဲ့ ရီကာဒိုပါရဲရားတို့ရဲ့ ဖြတ်တင်ဘောပေးပို့မှုတွေက အားရစရာဖြစ်တယ်။

မတ်ဒီဆန်ကို လက်စတာကွင်းလယ်ပဲ့ကိုင်ရှင်လို့ဆိုနိုင်ပြီး တီလေမန်းစ်နဲ့ အန်ဒီဒီတို့ကလည်း ခံစစ်နဲ့ တိုက်စစ်ကို ဟန်ချက်ညီညီလိုက်ပါကစားနိုင်ခဲ့တယ်။ လက်စတာအသင်းဟာ ဂရေးနဲ့ ဘန်းစ်တို့ဝင်လာပြီးနောက်ပိုင်း ကစားပုံ ပိုကောင်းခဲ့ပြီး လူစားဝင်ကစားသမားတွေရဲ့ တိုးအားရုန်းအားကြောင့်လည်း အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမယ်။

အာဆင်နယ်ကတော့ တိုက်စစ်မှာပွဲထွက်လာတဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့ အချိတ်အဆက်မမိခဲ့သလို၊ အိုဇေးလ်ဆီမှာလည်း သာမန်ထက် မပိုတဲ့ ခြေစွမ်းကိုပဲ တွေ့ခဲ့ရတယ်။ အဆိုးရွားဆုံးက ကွင်းလယ်နဲ့ နောက်တန်းဖြစ်ပြီး ဂန်ဒူဇီက အရေးကြီးတဲ့ အချိန်တွေဆို အားကိုးလို့မရသလို၊ 3 Back ပုံစံကစားစေခဲ့တဲ့ အူနိုင်းအမ်မရီရဲ့ အသင်းက အားနည်းချက်တွေများလွန်းပါတယ်။

လက်စတာအတွက် ဂိုးတွေကို (၆၈)မိနစ်မှာ ဗာဒီ၊ (၇၅)မိနစ်မှာ မတ်ဒီဆန်တို့က သွင်းယူခဲ့ကြတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြ အမ်မရီအနေနဲ့လည်း ဖိအားတွေပိုမို များလာခဲ့တယ်။

လက်စတာအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ပြင်ပက အသင်းတွေကို (၉)မှတ်အထိဖြတ်လိုက်ပြီး သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်း အားကောင်းလာခဲ့ပြီလို့ ဆိုရမှာပါ။















