မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်

မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်
Published 9 November 2019
အောင်သူထွန်း

ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နိုဝင်ဘာ ၉ ရက်မနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ုလိုက်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

"ပလက်ဝမှာ ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဟုတ်ပါတယ်။ ပလက်ဝတစ်မြို့နယ်လုံးပါ။ စမီးမြို့လည်းပါတယ်။ ကျွန်တော်တို့ ပလက်ဝက နယ်မြေလုံခြုံရေးက တဖြည်းဖြည်း ပိုပိုဆိုးလာတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်လေးခု၊ ငါးခုလောက်မှာ ပုဒ်မ ၁၄၄ ထုတ်ထားတာ ကြာပါပြီ။ ကျွန်တော်တို့က နယ်မြေလုံခြုံရေး ပိုကောင်းလာမယ်ထင်ပြီး မထုတ်ကြဘူး။ အခုကတော့ တလောက အိန္ဒိယကလူတွေရော၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ရော ဖမ်းဆီးခံရတာတို့ ဖြစ်လာတယ်။ မြို့တွေရွာတွေကိုရော ဖမ်းပြီး မလွှတ်တာတွေ အများကြီးဖြစ်လာတယ်။ အဲဒီလို ဖြစ်လာလို့ ပုဒ်မ ၁၄၄ ထုတ်တာပါ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

ချင်းပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် "ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အတွင်းတွင် အကြမ်းဖက်သောင်းကြမ်းသူများမှ မိုင်းထောင်ဖောက်ခွဲခြား ချောင်းမြောင်းတိုက်ခိုက်ခြင်း ရပ်ကွက်ကျေးရွာအုပ်စုများအတွင်း သာမန် အရပ်သား ပြည်သူအယောင်ဆောင် ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု ဖော်ဆောင်မှုများ ဆောင်ရွက်ခဲ့ခြင်း၊ ထိတွေ့တိုက်ပွဲ ဖြစ်စဉ်အချို့တွင် အပြစ်မဲ့ အရပ်သား ပြည်သူအချို့ သေဆုံးဒဏ်ရာရရှိမှုများ၊ ရှိခဲ့ခြင်းများ ဖြစ်ပေါ်နေသဖြင့် ညအချိန် လွတ်လပ်စွာ သွားလာခွင့် ဆက်လက်ပြုပါက အကြမ်းဖက်မှု ပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ဆောင်ရွက်နိုင်ရန် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရေး အတွက်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို အောက်ပါအတိုင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်" ဟု ပါရှိသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့် ပလက်ဝမြို့နယ်အတွင်းတွင် မည်သူမဆို ည ၆ နာရီမှ မနက် ၆ နာရီအတွင်း အမိန့် တစုံတရာမရှိပဲ လုံခြုံရေး တာဝန်ရှိသူမှအပ သွားလှုပ်ရှားခြင်း မပြုရ၊ ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ အများပြည်သူသွားရာလမ်း၊ လမ်းသွယ် လမ်းကြား အများပြည်သူနှင့်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ ၅ ဦး သို့မဟုတ် လူ၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း စီတန်းလှည့်လည်ခြင်း ဟစ်အော် ကြွေးကြော်ခြင်း လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းတို့ မပြုလုပ်ရနှင့် မည်သူမဆို အထက် အပိုဒ် ၁ ( က၊ ခ ) ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု ပါရှိသည်။

အဆိုပါ အမိန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ထုတ်ပြန်၍ အမိန့်ထုတ်ပြန်သည့်နေ့မှ နှစ်လအထိ ဥပဒေ သက်ရောက်အတည်ဖြစ်သည်ဟု ပါရှိသည်။

 

 

Most Read

Most Recent