မြို့

မြို့
မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်းတစ်နေရာ မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်အောင်)
မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်းတစ်နေရာ မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်အောင်)
Published 9 November 2019
မင်းည

အဲဒီ့ကာလတွေတုန်းက ကျွန်တော်တို့ ရဲ့ မြို့ကလေးမှာ အေးမြနေတဲ့ ဆောင်းမနက်ခင်းတွေ ရှိနေခဲ့ပါသေးတယ်။

အနွေးထည်ထူထူကိုဝတ် ခြံထဲကိုဆင်း၊ သစ်ရွက်ခြောက်တွေကို စုပုံမြိှုက်ရှို့ပြီး ခန္ဓာကိုယ်ကို အနွေးဓာတ်ရအောင် ပြုလုပ်ပေးကြရတဲ့အထိ အေးမြနေတဲ့ ဆောင်းမနက်ခင်းမျိုးတွေပေါ့။ ဆောင်းမနက်ခင်းတွေတင် မကပါဘူး။ လှပတဲ့နွေရက်တွေနဲ့ မျှတတဲ့ မိုးရာသီ နေ့ရက်တွေလည်း ရှိနေခဲ့ကြပါသေးတယ်။ ပြောရရင် မြို့ကလေးရဲ့ တစ်ကိုယ်လုံး အကောင်းအတိုင်း ရှိနေခဲ့သေးတဲ့ အချိန်ကာလတွေပေါ့။ ဘောလုံးကွင်းစျေးကိုလား မြင်းခွာသံ တခွပ်ခွပ်ကိုသာနားထောင်ရင်း လိုက်သွားလိုက်၊ ကျိုက်ခေါက်ဘုရားကိုလား၊ ပဲခူးစု၊ ဖို့မြေလား။ ဘတ်စ်ကားအိုကြီးတွေပေါ်ကိုသာ ခုန်တက်လိုက်ကြ။ ကျောက်တန်းလား၊ ခရမ်းသုံးခွလား၊ အနီရောင်လား၊ အပြာလား။ အားလုံးဟာ ပြတ်ပြတ်သားသား ထင်ထင်ရှားရှား နေသားတကျရိုးစင်းလှပလို့ပေါ့။ ကျွန်တော့်ရင်ထဲမှာ ထင်ထင်ရှားရှား အရှိဆုံးကတော့ အဲဒီ့ကာလတွေတုန်းက ကိုယ့်ဖျာ ကိုယ်ခင်းပြီး ကြည့်ကြရတဲ့ရုပ်ရှင်တွေပါပဲ။ တကယ်လည်း အဲဒီကာလတွေတုန်းက မြို့ကလေးရဲ့ ရင်ခွင်အနှံ့အပြားမှာ အဖြူနဲ့အမည်း နှစ်မျိုးတည်းပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြသတတ်တဲ့ ရုပ်ရှင်ပိတ်ကားတွေဟာ နေရာယူခဲ့တာပေါ့။ အဲဒီလိုပါပဲ။ ဝင်းဦးလား၊ ညွန့်ဝင်းလား၊ ကျော်ဟိန်းလား။ တောင်ပေါ်ဘုရားမှာလား။ အားလုံးဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး။ ဒီလိုနဲ့ သန်လျင် ရန်ကုန် အမှတ် ၁ တံတားကြီးပေါ်လာခဲ့၊ သီတာသင်္ဘောကြီးတွေ ပျောက်သွားခဲ့၊ ပိတ်ကားကြီးတွေနေရာမှာ အလုံပိတ်ထားတဲ့ ဗီဒီယိုရုံတွေပေါ်လာခဲ့။ လူကြီးနှစ်ကျပ်၊ ကလေးတစ်ကျပ် ထွန်းလုံရှိန်၊ ချယ်ရီသင်း၊ ရဲကိုကို၊ လင်းဇာနည်ဇော်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ညတွေဟာ ဦးတင်ငွေရဲ့ မြန်မာဇာတ်ကားတွေ အပြများတဲ့  ဗီဒီယိုရုံထဲကိုရောက်သွားခဲ့။ ဦးတင်မြင့်ရဲ့ နိုင်ငံခြားဇာတ်ကားတွေ အပြများတဲ့ ဗီဒီယိုရုံထဲကို ရောက်သွားခဲ့။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ ရပ်ကွက်လမ်းတွေပေါ်ကို ဦးတင်ငွေရဲ့ ဗီဒီယိုကြီးရောက်လာခဲ့။ ဦးတင်မြင့်ရဲ့ ဗီဒီယိုကြီး ရောက်လာခဲ့။ အမီတာဘဂျမ်း ရောက်လာခဲ့၊ ကုလားကျော်ဟိန်း ရောက်လာခဲ့၊ ရမ်ဘိုရောက်လာခဲ့။ ဗန်ဒိန်းရောက်လာခဲ့။ နောက်ခေတ်ကြီးတစ်ခုလုံး ရောက်လာခဲ့ပေါ့။ တကယ်လည်း ဒိုင်နာဟွန်းဒိုင်း၊ တက္ကစီ၊ သမ္မတ၊ ဂျေဒိုးနတ်၊ ဆူးလေ၊ တာမွေဆိုတဲ့ စကားလုံးတွေဟာ သန်လျင် ရန်ကုန်တံတားကြီးပေါ်ကနေ မြို့ကလေးရဲ့ရင်ခွင်ထဲကို တသွင်သွင် စီးဝင်လို့  မြို့ကလေးဆီကလူတွေ ခွန်အားတွေ ဦးနှောက်တွေဟာလည်း မြို့ကလေးရဲ့ တစ်ဖက်ကမ်းက မြို့ကြီးဆီကို စီးမျောထွက်ခွာကုန်ကြပေါ့။ ပြောရရင် ခေတ်ဆိုတဲ့ဘီလူးကြီးက မြို့ကလေးရဲ့ အသွေးအသားတွေကို ကြမ်းကြမ်းတမ်းတမ်း ဖဲ့စားတာကိုခံခဲ့ရတဲ့ ကာလတွေပေါ့။ သစ်ပင်တွေ၊ ရင်ဖုံးအကျႌတွေ၊ ဆံပင်ရှည်ရှည်တွေ၊ မြင်းလှည်းတွေကို ခြင်္သေ့ကြီးက သမင်ငယ်ကို ကိုက်ဝါးသလို အားပါတရ ကိုက်ဝါးခံနေရတဲ့ ကာလတွေပေါ့။ ဒါပေမဲ့ ဘယ်လိုကိုက်ဝါးကိုက်ဝါး  မြို့ကလေးဟာ  တိုက်ထားတဲ့ကြေးခွက်ပဲ။ တကယ်လည်း ဘယ်လိုအသုံးအနှုန်း ဘယ်လိုအခေါ်အဝေါ်တွေအတွက်မှ အပြုံးမပျက် ရဲရင့်ခြင်း၊ ငြိမ်းချမ်းခြင်းတွေကို ပွေ့ဖက်လို့ သူ့ကိုချစ်တဲ့သူတွေအတွက် ယနေ့ထက်တိုင် ကြံ့ကြံ့ခံ ရပ်တည်ပေးနေမြဲပါပဲ။ အစွမ်းရှိသမျှက လန်းဆန်းတက်ကြွပေးနေမြဲပါပဲ။ အသန့်ရှင်းဆုံး အေးမြငြိမ်းချမ်းပေးနေမြဲပဲ ဖြစ်ပါတယ်။ အနွေးထွေးဆုံးလုံခြုံခြင်းတွေကို ပေးနေမြဲပဲ ဖြစ်ပါတယ်။ ယုတ်စွအဆုံး ခေတ်ကြီးကသတ်လို့  သေဆုံးသွားပြီလို့ ထင်ရတဲ့အရာတွေကိုတောင်မှ မြို့ကလေးဟာ အသစ်တဖန် ပြန်လည်မွေးဖွားပေးခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ မြို့ကလေးရဲ့ ရင်ခွင်ထဲမှာ ကျွန်တော်တို့ဟာ အခါခပ်သိမ်း ပျော်ရွှင်ခဲ့ကြရပါတယ်။  မြို့ကလေးရဲ့ရနံ့မှာ အမြဲတမ်းလန်းဆန်းတက်ကြွ ခဲ့ကြရပါတယ်။ မြို့ကလေးကရေးတဲ့ ခေါင်းစဉ်တွေအောက်မှာ အခေါက်တိုင်း ပျော်ရွှင်စွာ ရှင်သန်ပေါက်ရောက်ခွင့် ရခဲ့ကြပါတယ်။ အထူးသဖြင့် ညမွှေးပန်းရနံ့တွေ စီးမျောပျော်ဝင်နေတဲ့ မြို့ကလေးရဲ့ ညနက်နက်တွေအကြောင်း မြူနှင်းဖွေးဖွေးတွေ ကျတတ်တဲ့ မြို့ကလေးရဲ့  ဆောင်းမနက်ခင်းတွေအကြောင်း၊ လူတွေ၊ စျေးဆိုင်တန်းတွေ၊ ပွဲရုံတွေ၊ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေ ရောပြွန်းပြည့်နှက်နေတဲ့ မြို့ကလေးရဲ့ ကျက်သရေဆောင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးရဲ့ ပွဲတော်နေ့ရက်တွေရဲ့အကြောင်းတွေဟာ ပြန်စဉ်းစားလိုက်တိုင်း ကျွန်တော့်ခေါင်းထဲမှာ ကင်းဘတ်စပေါ် ရေးချခံလိုက်ရတဲ့ ဆေးသားတွေလို ထင်ထင်ရှားရှား ပေါ်ပေါ်ထင်ထင်၊ တောက်တောက်ပပ။ ဘယ်လောက်အထိ လှပလိုက်တဲ့ဆက်သွယ်ချက်လဲဆိုရင် ဘယ်လောက်ဝေးတဲ့ မိုင်အကွာအဝေးကို ရောက်နေရောက်နေ ဆောင်းလက်ကျန် နှင်းပွင့်ဖြူဖြူတွေ ပျော်ရွှင်မြူးထူးတတ်ရာ တပို့တွဲလရာသီကို ရောက်ပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံးရဲ့ သွေးတွေဟာ ပူနွေးရှိန်းမြ။ ဘုရားကို ဘုရားကိုဆိုတဲ့ အော်သံတွေကို အလိုလိုတောင့်တကြားယောင် လာတတ်ကြတော့တာပါပဲ။ တကယ်လည်း ကျွန်တော်တို့ မြို့သူမြို့သားတွေနဲ့ မြို့ကလေးရဲ့ ဘုရားပွဲတော်ရက်တွေဆိုတာက ပင်လယ်နဲ့ကမ်းစပ်လို ဘယ်တုန်းကမှ ခွဲမရတဲ့အတွဲ အဆက်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ မြို့ကလေးနဲ့ ငြိမ်းချမ်းခြင်း မြို့ကလေးနဲ့ ရိုးသားဖော်ရွေ ခြင်း ဆိုတာတွေဟာလည်း တစ်ယောက်ပခုံးကို တစ်ယောက်က ဆုပ်ကိုင်ထားတဲ့ ရဲဘော်၊ ရဲဘက်တွေလို အမြဲအတူတွဲလျက် ရှိနေတတ်ကြတာပေါ့။ အထူးသဖြင့် မြို့ကလေးဟာ သူ့ရဲ့ဝမ်းဗိုက်အိုလေးထဲမှာ ကျွန်တော်တို့အတွက် ဂုဏ်ယူဝံ့ကြွားစရာမြောက်မြားစွာကို သယ်ပိုးရယူ ပေးထားခဲ့ပါတယ်။ ဟုတ်ပါတယ်။ မြို့ကလေးရဲ့ ဝမ်းဗိုက်ကလေးထဲမှာ ကျွန်တော်တို့တန်ဖိုးထားရာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ကျိုက်ခေါက်စေတီတော်ကြီး ရှိနေခဲ့ပါတယ်။ ရတုစာဆိုရှင် နတ်ရှင်နောင် ရှိနေခဲ့ပါတယ်။ ဝန်ကြီးပဒေသရာဇာ ရှိနေခဲ့ပါတယ်။ ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ ရှိနေခဲ့ပါတယ်။ တက္ကသိုလ်ဘုန်းနိုင် ရှိနေခဲ့ပါတယ်။ သန်လျင်မောင်မောင်ဦး ရှိနေခဲ့ပါတယ်။ နိုင်ဝင်းသီ ရှိနေခဲ့ပါတယ်။ နောက်ကျွန်တော်တို့ရဲ့ရယ်သံများ ကျွန်တော်တို့ရဲ့ပျော်ရွှင်တက်ကြွမှုပုံရိပ်များ ကျွန်တော်တို့ရဲ့ အတိတ်နေ့ရက် အငွေ့အသက်များ၊ ကျွန်တော်တို့ရဲ့ခြေရာများ၊ သင်းသင်းပျံ့ပျံ့ ညမွှေးပန်းရနံ့များ၊ “နွေဦးကာလမြူထသောအခါ၊ ဆွတ်ပျံ့ဘွယ်အောင်၊ ယုဂန်တောင်က၊ ဝေမှောင်အုံ့ပျ၊ နွေနှောင်းလ”  ဆိုတဲ့ ကဗျာရွတ်ဖတ်သံများ အားလုံးဟာ ထင်ထင်ရှားလှလှပပပေါ့။တကယ်တော့ ထင်ရှားရုံတင်မကပါဘူး။ မြို့ကလေးဟာ ကျွန်တော်တို့ရဲ့ အသွေးအသား၊ ကျွန်တော်တို့ရဲ့ကဗျာ၊ ကျွန်တော်တို့ရဲ့သူငယ်ချင်း၊ ကျွန်တော်တို့ရဲ့ကစားကွင်း၊ ကျွန်တော်တို့ရဲ့ မာတာ။ ကုန်ကုန်ပြောရရင် မြို့ကလေးဟာ ကျွန်တော့်အတွက်တော့ အမြဲတမ်းဆိုနေမယ့် သီချင်းပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မြို့ကလေးရင်ခွင်ထဲက ဂဝံရောင်ဖျဖျ မြေသားလမ်းတွေပေါ် ခြေချခွင့်မရတဲ့နေ့တွေဟာ ကျွန်တော်အတွက်တော့ အပင်ပေါ်က ခြွေချခံလိုက်ရတဲ့ ပန်းတစ်ပွင့်လို နွမ်းရိဖျော့တော့ရတဲ့ နေရက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ မြို့ကလေးရဲ့ ငြိမ်းချမ်းမှု၊ မြို့ကလေးရဲ့ နွေးထွေးမှုများအောက်မှာ ကျွန်တော့်ရဲ့ ကြည့်မွေ့နှစ်သက်မှုများက (အခြားသော အမည်နာမတို့ အစားထိုးမဝင်ရောက်နိုင်တော့အောင်) အိတ်သွန်ဖာမှောက် အညှောက်ပေါက်နေခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ မြို့ကလေးအပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့သဘောထားဟာ အသားပေါ်မှာရေးထိုးထားတဲ့ ဆေးမင်ကြောင်လို စွဲမြဲနေခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ သူ့ရင်ခွင်ထဲကို ရောက်လာသူတိုင်းအတွက် မြို့ကလေးဟာ မေတ္တတရားရဲ့ အငွေ့အသက်တွေကို အညီအမျှ ဖျန်းပက်ပေးလိမ့်မယ် ဆိုတာကတော့ မလွဲအသေအချာပဲ ဖြစ်ပါတယ်။

ယဉ်ကျေးပျူငှာဖော်ရွေခြင်း၊ ကူညီဖေးမ စာနာခြင်းဆိုတဲ့ မြန်မာ့စိတ်ရင်းတွေကိုသာ တူညီမျှပေးဝေလိမ့်မယ် ဆိုတာကတော့ မလွဲအသေအချာပဲ ဖြစ်ပါတယ်။ ဘယ်လိုအရောင်အစွန်းအထင်းမှမရှိတဲ့ အပြုံပန်းပွင့်တွေကို ခြွေချပေးလိမ့်မယ်ဆိုတာကတော့ မလွဲအသေအချာပဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ ကျွန်တော့်ရင်ထဲက မြို့ကလေးရဲ့ပုံရိပ်တွေ၊ မြို့ကလေးရဲ့အသံတွေ၊ မြို့ကလေးရဲ့ ရနံ့တွေဟာလည်း ဘယ်လိုအကြောင်းတစ်မျိုးမျိုးနဲ့မှ မှိန်ဖျော့ရော့ရဲ ပျောက်ကွယ်သွားနိုင်လိမ့်မယ် မဟုတ်တော့ပါဘူး။ ကုန်ကုန်ပြောရရင် ရိုးသားမှု၊ ငြိမ်းချမ်းအေးမြတည်ငြိမ်မှု၊ လှပသန့်ရှင်းမှုတို့ကို ယခုအချိန်အထိ ပွေ့ပိုက်ထားဆဲ မြို့တစ်မြို့၊ အစွန်းရောက်တွေ မရှိတဲ့ မြို့၊ စာပေချစ်သူတွေများပြားတဲ့ မြို့၊ သာယာတဲ့မြို့၊ ပါးကွက်ကြားကလေးတွေ ဆံပင်ရှည်ရှည်တွေကို ယနေ့ထက်ထိ ပေါပေါများများ တွေ့နိုင်သေးတဲ့ မြို့တစ်မြို့ကို  လက်ညှိုးထိုးပြပါဟု တစ်စုံတစ်ယောက်ကသာ တောင်းဆိုလာခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ သန်လျင် သို့မဟုတ် ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ၀ိညာဉ်ရှိတဲ့ မြို့ကလေးကိုသာ ရဲရဲကြီး လက်ညှိုးထိုး ညွှန်ပြမိလိမ့်မည်သာ ဖြစ်ပါတော့တယ်။

 

Most Read

Most Recent