နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲနှင့် FIFA ဥက္ကဋ္ဌတို့အား အာဆီယံထိပ်သီး ဆွေးနွေးပွဲကာလအတွင်း  သီးခြားစီတွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲနှင့် FIFA ဥက္ကဋ္ဌတို့အား အာဆီယံထိပ်သီး ဆွေးနွေးပွဲကာလအတွင်း  သီးခြားစီတွေ့ဆုံဆွေးနွေး
Published 4 November 2019

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့IMF အကြီးအကဲ ခရစ္စတာလီနာဂျော်ဂျီဗာနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုတို့အား နိုဝင်ဘာ ၃ ရက်တွင် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ထိုင်းနိုင်ငံဒေသစံတော်ချိန် ညနေ ၆ နာရီ၌ အာဆီယံထိပ်သီး အစည်းအဝေးများကျင်းပနေသည့် IMPACT FORUM ရှိ သီးသန့်ခန်းမတစ်ခုတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ အိန္ဒိနိုင်ငံအနေဖြင့် ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားမည့် အခြေအနေနှင့် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့IMF အကြီးအကဲ ခရစ္စတာလီနာဂျော်ဂျီဗာအား နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကို ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာအကူအညီများ ဆက်လက်ပေးအပ်ရေးနှင့် လက်ရှိနိုင်ငံ အသွင်ကူးပြောင်းဆဲကာလအတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုအား တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် FIFA အကြား ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူငယ်များအကြား အားကစားအပေါ် ပိုမိုစိတ်ဝင်စားလာစေရေး၊ ကျန်းမာရေးနှင့် ကိုက်ညီသည့် လူနေမှုပုံစံ ဖြစ်ပေါ်လာရေး၊ အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုထွန်းကားလာရေးနှင့် မြန်မာ့ဘောလုံးအဆင့်အတန်းကို ယခင်ကဲ့သို့ အာရှထိပ်တန်းအဆင့်သို့ ပြန်လည် ရောက်ရှိရေးအတွက် FIFA က ကူညီပံ့ပိုးပေးရန် ယင်းတွေ့ဆုံမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က FIFA ဥက္ကဋ္ဌအား မေတ္တာရပ်ခံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ ဆက်လက်တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၃ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၃နာရီခန့်မှစ၍ ထိပ်သီးဆွေးနွေးပွဲအပြင် သီးသန့်တွေ့ဆုံပွဲလေးပွဲ ကနဦးတွင် စီစဉ်ထားသော်လည်း အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရီယန်နှင့်တွေ့ဆုံပွဲမှာ ပျက်ပြယ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Most Read

Most Recent